အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ်အားလုံးပြန်ဖွင့်

ရန်ကုန်တက္ကသိုလ်။ (ဓာတ်ပုံ - University of Yangon Myanmar's Facebook)

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားတဲ့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ်တွေနဲ့ ဝိဇ္ဇာအထူးပြုဘာသာရပ်တွေကို ပြန်ဖွင့်နေပါပြီ။ ၂ နှစ်လောက် ပညာသင်ကြားမှု ကြန့်ကြာရပ်ဆိုင်းနေခဲ့တာကြောင့် ဘွဲ့ရဖို့မျှော်လင့်နေသူတွေကတော့ တက္ကသိုလ်ပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားနေချိန်မှာ ဘွဲ့လက်မှတ်မရှိတဲ့အတွက် အလုပ်အကိုင်ရဖို့ ပိုခက်ခဲနေတယ်လို့ အဝေးသင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ပြောကြပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မမြသဇင်အောင် ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်ထဲက အဝေးသင်တက္ကသိုလ်တွေကို စတင်ပိတ်ထားခဲ့တာ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာလည်း ပြန်မဖွင့်နိုင်ခဲ့ပါဘူး။ အခုတော့ အဝေးသင်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သိပ္ပံအထူးပြု ဘာသာရပ် သင်တန်းတွေအတွက် လက်တွေ့နဲ့ သင်ကြားပို့ချ သင်တန်းတွေကို ဇန်နဝါရီ ၂၂ ရက် စနေနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြုဘာသာရပ်တွေအတွက် စာစဉ်ပို့ချမှုတွေကိုလည်း ဇန်နဝါရီ ၂၄ ရက် တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြုဘာသာရပ် တွေထဲက ဒုတိယအသုတ်ဖြစ်တဲ့ အင်္ဂလိပ်စာ၊ ဥပဒေ (စတုတ္ထနှစ်နဲ့ ပဉ္စမနှစ်)၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ ဘာသာရပ်တွေအတွက် အနီးကပ်သင်တန်း ပို့ချကာလကို ဧပြီလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၁၀ ရက် သတ်မှတ်ထားပါတယ်။

ဝိဇ္ဇာအဝေးသင်သင်တန်း တတိယအသုတ်ဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာ ဘာသာရပ်တွေအတွက် အနီးကပ်သင်တန်း ပို့ချကာလကိုတော့ ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၃ ရက်နေ့အထိ ၁၀ ရက်သတ်မှတ်ပြီး သင်ကြားမှု ပြုလုပ်မှာဖြစ်တယ်လို့ အဆင့်မြင့် ပညာဦးစီးဌာနက ကြောညာထားပါတယ်။ ၂ နှစ်လောက် ပညာသင်ကြားရေးပြတ်နေတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသူ ကျောင်းသားတချို့က ကျောင်းမြန်မြန်ပြီး ဘွဲ့ရနိုင်ဖို့အတွက် ကျောင်းပြန်တက်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်ပြည်နယ်က စစ်တွေတက္ကသိုလ်က ဝိဇ္ဇာဘာသာရပ်အထူးပြု အဝေးသင် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်တဲ့ မမျိုးသီရိကျော်ကတော့ သူဘာကြောင့် ကျောင်းပြန်တက်ချင်သလဲဆိုတာ ခုလို ရှင်းပြပါတယ်။

“ညီမတို့က ကျောင်းကို ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တက်မှာဆိုတော့လေ၊ ညီမတို့က ကိုယ်တိုင်မတက်ချင်ရင်တောင် မိဘတွေက အတင်း တက်ခိုင်းကြတော့ ကျွန်မတို့က တက်မှာပါ။ ကျွန်မတို့ အရင်ကဆို အသက် ၂၁ မှာ ဘွဲ့ရရမယ်ပေါ့၊ အဲ့လို Plan ရှိခဲ့တယ်ပေါ့။ ခုကျ ၂ နှစ်လောက် ကျောင်းတွေ ပိတ်ထားခဲ့ရတော့ အသက်တွေကြီးပြီးတော့ ဘာမှန်းမသိ မရေရာ မသေချာတဲ့ ပုံမျိုး အဲ့လိုတော့ ဖြစ်သွားပါတယ်။”

အဝေးသင်ကျောင်းသားအများစုက အလုပ်လုပ်ပြီး ကျောင်းတက်ကြသူတွေဖြစ်ပါတယ်။ အဝေးသင်တက္ကသိုလ်မှာ ဝိဇ္ဇာဘာသာရပ်တက်နေတဲ့ ကျောင်းသူတစ်ဦးက လက်ရှိကာလမှာ ဘွဲ့မရသေးသူတွေအတွက် အလုပ်အကိုင်ရနိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို ခုလိုပြောပါတယ်။

“ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင် တော်တော်များများ ဆိုလို့ရှိရင် အလုပ်ခေါ်ရင် ဘွဲ့ရမှ ဆိုတဲ့ဟာက ရှိနေတယ်။ အဲ့ခါကျတော့ အလုပ်လျှောက်တဲ့ခါ အဲ့လို ကုမ္ပဏီတွေကျတော့ ဖယ်ပြီးတော့ လျှောက်ရတယ်ပေါ့နှော်။ အဲ့တာ့ အခွင့်အလမ်းက တော်တော်လေး နည်းသွားတယ်လို့ ပြောလို့ရတယ်၊ ဒီ CDM ကျောင်းသားတွေ အတွက်ပေါ့နှော်။ ပြီးတော့ ခုအချိန်က အားလုံးက ခက်ခဲနေတဲ့ အချိန်ဆိုတေော့လေ အလုပ်က အကုန်လုံးက ဝိုင်းပြီးတော့ လျှောက်ကြတဲ့ခါကျတော့ ရွေးခံရမယ့် အခွင့်အလမ်းက နည်းသွားတာပေါ့။ သူတို့က ဘွဲ့ရမှ ဆိုတာကို အဓိက ယူတဲ့ခါကျတော့။”

အဝေးသင်တက္ကသိုလ်တွေ ၂ နှစ်လောက် ပိတ်ထားခဲ့လို့ ဘွဲ့ရချိန်နောက်ကျနေတာမို့ ကိုယ်လိုချင်တဲ့ အလုပ်အကိုင် အတည်တကျရဖို့ ခက်ခဲတယ်လို့ အဝေးသင် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးကလည်း ပြောပါတယ်။

“ကျောင်းသားတွေအတွက်က ကျောင်းတွေ ပိတ်ထားရတယ်ဆိုတော့ အများကြီးနစ်နာတာပေါ့နှော်။ ဥပမာ နယ်က ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့။ အဝေးသင်ကျောင်းသားတွေ အများစုက အလုပ်လုပ်ပြီးတော့ ဒီက အဝေးသင်ကျောင်းသားတွေဆိုရင် ကျွန်တော်သိသလောက်ဆိုရင် ရန်ကုန်တို့ဘာတို့ပေ့ါ ။အဲ့ကို နယ်က ကျောင်းသားတွေက သွားပြီးအလုပ်လုပ်ကြတယ်။ အဝေးသင် ဖြေမယ့် အချိန်လောက်မှ ကျောင်းလာတက်ကြတဲ့ အခြေအနေရှိကြတယ်ပေါ့။ ပိုက်ဆံ သိပ်မတတ်နိုင်တဲ့သူတွေက အဝေးသင်တက်တာ ပိုများကြတယ်ဆိုတော့ အဲ့ဒီအချိန်မှာ ကိုဗစ်ဖြစ်တယ်၊ အလုပ်အကိုင်တွေလည်း ရှားပါးတယ်ဆိုတော့၊ ပြီးတော့ ကျောင်းတွေကလည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်ထားရတယ်ဆိုတော့ အများစု နောက်ဆုံးနှစ်တွေဆိုရင် ပိုပြီးတော့ အခက်ဖြစ်တာပေါ့။ မြန်မာနိုင်ငံအတိုင်းအတာနဲ့ဆိုရင် ဘွဲ့ရမှ အလုပ်အများစုက ခေါ်ကြတယ်ဆိုတော့ ကျောင်းတွေ နှစ်နဲ့ ချီပိတ်ထားတဲ့ခါကျတော့ တော်တော်လေးကို အလုပ်နဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ဖြစ်ကြတာပေါ့။”

အခုလို ဘွဲ့လက်မှတ်မရှိလို့ ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်မရဖြစ်နေပေမဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေကြောင့် သူ့အနေနဲ့တော့ ကျောင်းပြန်တက်မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။

“အခုက ဒီအဝေးသင် တက္ကသိုလ်ကျောင်းတွေလဲ ပြန်ဖွင့်မယ်ဆိုပြီးတော့ ပြောလာပြီပေါ့နှော်။ ကြေညာတာတွေရတယ်ပေါ့။ ဘာပဲပြောပြော ကျောင်းတွေပြန်ဖွင့်တာတော့ ဝမ်းသာစရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်ကြောင့်နဲ့ ကျောင်းသားတွေလည်း ကျောင်းမတက်ခဲ့ရတဲ့ အခြေအနေတွေ အမျိုးမျိုး ရှိခဲ့ကြတယ်ပေါ့နှော်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကကျတော့ လောလောဆယ်က ဒါက စစ်ကောင်စီက ဖွင့်မယ့်ကျောင်းလို့ ပြောလို့ရတာပေါ့နှော်။ ဒီစစ်ကောင်စီက ဖွင့်တဲ့ကျောင်းဆိုတော့ ကျွန်တော်တော့ မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်ပေါ့။”

ဝိဇ္ဇာသိပ္ပံနေ့သင်တန်း တက္ကသိုလ်တွေနဲ့ အခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်တွေက နောက်ဆုံးနှစ် အတန်းတွေကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့ထဲက ပြန်ဖွင့်နေပါတယ်။ ကျောင်းတွေမှာ တက်ရောက်သူတွေ အများအပြားရှိနေတယ်လို့ သတင်းတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန် ဖော်ပြတာတွေ ရှိနေပေမယ့် တကယ်တန်း ကျောင်းက စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေက မရှိသလောက် အခြေအနေမျိုးသာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုအောင်ကောင်းဆက်က VOA ကို ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်မှာ ပြန်ဖွင့်တဲ့ အတန်းတွေ အနေနဲ့ကတော့ ဥပဒေအတန်းတွေဖွင့်တယ်။ နောက် မဟာအရည်အချင်းစစ် အတန်းတွေ ဖွင့်တယ်။ နောက် မဟာတန်း ပထမနှစ်၊ ဒုတိယနှစ် ပြန်ဖွင့်တယ်။ အဲ့လို ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ဒီဥပဒေပညာဌာနမှာ ၂၂ ယောက် ကျောင်းပြန်တက်တယ်လို့ သိထားရတယ်ပေါ့နှော်။ အဲ့ဒီဟာကို ကျွန်တော်တို့ ရာခိုင်နှုန်း အားဖြင့် တွက်မယ်ဆိုလို့ရှိရင်၊ စတုတ္ထနှစ် လူဦးရေနဲ့ တွက်မယ်ဆိုရင်တောင် ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ်ကျောင်းလုံး အနေအထားနဲ့ ပြန်ပြီးတော့ တွက်မယ်ဆိုလို့ရှိရင် ၁ ရာခိုင်နှုန်းတောင် မပြည့်တဲ့ အနေအထားဖြစ်နေပါတယ်ဗျ။ အဲ့လိုမပြည့်တဲ့ အနေအထားဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ပညာရေး သပိတ်ကတော့ အောင်မြင်နေတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။”

စစ်အာဏာသိမ်းထားချိန် ပညာမသင်ဘဲ သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေရှိသလို ဘွဲ့လက်မှတ်ရဖို့ ကျောင်းတက်နေကြသူတွေလည်း ရှိနေပါတယ်။ အလုပ်ခေါ်စာတွေမှာ ဘွဲ့ရဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ဘွဲ့ရဖို့ ခက်ခဲနေချိန်မှာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုမို ခက်ခဲနေရတယ်လို့ ကျောင်းသူ ကျောင်းသားတွေက ပြောကြပါတယ်။

..........................................................................................

Your browser doesn’t support HTML5

အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ်အားလုံးပြန်ဖွင့်



(Unicode)












