ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ရိက္ခာလျော့ချခံရမယ့်အရေး စိုးရိမ်

ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

လာမယ့် မတ်လ ၁ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို လျှော့ချမယ့်အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က ဒီလထဲ ကြေညာလိုက်တဲ့အပေါ် လုံလောက်တဲ့ စားနပ်ရိက္ခာတွေမရတော့တဲ့ အခြေအနေဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ အတော်လေးကို စိုးရိမ်စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒုက္ခသည်တဦးအတွက် အရင်က တလလုံးစာ ၁၂ ဒေါ်လာဖိုး စားနပ်ရိက္ခာ ရနေကြရာကနေ ၁၀ ဒေါ်လာစာပဲ ပေးတော့မယ့်အခြေအနေအပေါ် ရင်ဆိုင်လာရနိုင်တဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်သစ်ကြောင့် သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အစာအာဟာရ မလုံလောက်မှုနဲ့ ပိုမို ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက စိုးရိမ်မကင်းပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီပေးနိုင်မှု နိုင်ငံတကာရဲ့ရန်ပုံငွေ ရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို ရှေ့လမတ်လ ၁ ရက်နေ့က စပြီး ၁၇ % လျှော့ချမယ့်အကြောင်း WFP က ဒီလ ၁၇ ရက်နေ့က ကြေညာထားတာပါ။

လက်ရှိမှာ ဒုက္ခသည်တဦးအတွက် လစဉ်ရိက္ခာ အထောက်အပံ့ ၁၂ ဒေါ်လာ ရနေရာကနေ မတ်လကစပြီး တလ ၁၀ ဒေါ်လာသာ ရရှိတော့မှာ ဖြစ်ပါတယ်။ တလကို ၂ ဒေါ်လာပဲ လျှော့ချလိုက်တာဆိုပေမဲ့ အရင်ကတည်းက စားနပ်ရိက္ခာ အကူအညီ လုံလုံလောက်လောက်မရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒါက ကြီးမားတဲ့ အကျပ်အတည်း ဖြစ်သလို၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအတွက်လည်း ရိုက်ခတ်မှု ပြင်းထန်တဲ့အကြောင်း WFP ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Domenico Scalpelli က ပြောပါတယ်။

လတ်တလောမှာတော့ ဒုက္ခသည်စခန်းအသီးသီးမှာ ဒီလဖေဖော်ဝါရီလ 2023 ကစပြီး အိမ်ထောင်စုအလိုက် မိသားစုဦးရေ အိမ်ထောင်ဦးစီး ကျား/မ ကလေး ဦးရေပေါ်မူတည်ပြီး ဆန် ဆီ ဆား ကြက်ဥ ပဲ ငရုတ် ကြက်သွန် စားနပ်ရိက္ခာ အချိုးကျပေးနေတဲ့ စာရင်းတွေ လိုက်လံပြုစုနေကြပါတယ်။ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ နေ့စဉ်လူမှုဘဝ စားသောက်နေထိုင်နေကြရတဲ့အခက်အခဲတွေမှာ ကြုံလာရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

ကိုအောင်မြိုင်။ ။ ကျနော်တို့ရခဲ့တဲ့ ၁၂ ဒေါ်လာမှာတောင် ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ လဲမယ်ဆိုရင် တစ်ထောင့်နှစ်ရာကျော်ကျော်လောက်ပဲ ကျနော်တို့ရတယ်။ အဲ့လိုပြေစာနဲ့ဝယ်ရတဲ့အခြေအနေမှာ ကန့်သတ်ချက်နဲ့ဝယ်ကြရတယ် ဥပမာ ဆန်ဆိုရင် လူတယောက် ဘယ်လောက်ပေါ့ ဆီဆိုရင် တစ်လီတာပေါ့နော် အဲ့လိုကန့်သတ်ချက်တွေနဲ့ဝယ်ကြရတယ်။ ကျနော်တို့ လိုချင်တဲ့အတိုင်းလည်း ဝယ်လို့မရဘူး။ လုံလောက်မှုလည်းမရှိဘူး။ အဲ့လိုကြားထဲကမှ အခုလို လျှော့ချလိုက်တယ်ဆိုတော့ လာမယ့်မတ်လကနေစပြီး ၁၀ ဒေါ်လာပဲ ပေးမယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ဆို တစ်ထောင့်နဲ့ နှစ်ဆယ်လောက်ပဲ ရတော့မယ်။ ဒါဆိုရင် ကျနော်တို့အတွက် အများကြီး ထိခိုက်နိုင်ပါတယ်။ နဂိုကတည်းကိုက မလုံမလောက်ဖြစ်နေရတဲ့အထဲ နဂိုကမှ ဒုက္ခသည်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဘူး။ တရားဝင်နည်းလမ်းနဲ့ အလုပ်လည်း လုပ်လို့မရဘူး။ ဆိုတော့ကာ ဒီလူတွေမှာ လမ်းမမြင် ကမ်းမမြင်နဲ့ အခုလို WFP က အခုလိုလျှော့ချလိုက်တာ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။

သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြင်ပအသွားလာကန့်သတ်ပိတ်ပင်ထားတဲ့ ဒုက္ခသည်စခန်းတွင်းမှာလည်း လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်မရှိသလို နေ့စဉ်ဝင်ငွေရရှိနိုင်ရေး တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိကြတာမို့ အခုလို စားနပ်ရိက္ခာလျှော့ချလိုက်တဲ့အတွက် နေ့စဉ်စားသောက်နေထိုင်ရေး အခက်အခဲမျိုးစုံနဲ့ ကြုံလာရနိုင်တယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပါတယ်။

ဦးကျော်မြင့် “ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွေထဲ လာခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၇ခုနှစ်ကတည်းက ရောက်ခါစကတည်းက ဒုက္ခသည်များဆိုင်ရာ အခွင့်အလမ်းတွေမရှိခဲ့ပါဘူး။ အလုပ်လုပ်ခွင့်တို့ လွတ်လပ်စွာ သွားလာခွင့်တို့ မရခဲ့သလို စားနပ်ရိက္ခာ လုံလောက်မှုလည်း မရှိခဲ့ပါ။ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကို မဖြည့်စည်းနိုင်တာသာမကပါဘူး ကျနော်တို့ရဲ့ အကျပ်အတည်းကိုလည်း ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသေးပါဘူး။ အခုလို စားနပ်ရိက္ခာ လျှော့ချလိုက်တာနဲ့ပတ်သက်ပြီး ကျနော်တို့က အင်မတန်ကိုစိုးရိမ်ပူပန်မိပါတယ်ခင်ဗျာ။ ဒါကြောင့် နိုင်ငံတကာနဲ့ ကုလသမဂ္ဂအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာများကိုမဖြည့်စည်းနိုင်ရုံသာမက အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလိုမျိုး စားနပ်ရိက္ခာကို ဖြတ်တောက်လိုက်မယ်ဆိုရင် ကျနော်တို့အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကိုရောက်ရှိသွားနိုင်တယ်ဆိုတာ ကျနော်တို့ အလွန်ကို စိုးရိမ်နေကြပါတယ်ခင်ဗျ။ ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျနော်တို့ကြုံနေရတဲ့အခက်အခဲ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် အလှူရှင်နိုင်ငံများကို ကျနော်တို့ ရိုဟင်ဂျာများအပေါ် လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ကျနော်တို့ရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးကြပါဦးလို့ ကျနော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်ခင်ဗျာ”

လက်ရှိမှာကိုပဲ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မိသားစုတွေရဲ့ ၄၅ % ဟာ လုံလောက်တဲ့ အစာအာဟာရ ပမာဏ မရရှိကြဘူး ဆိုတာကိုလည်း WFP က ထောက်ပြ ထားပါတယ်။ တရားဝင် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရှာရမလွယ်တဲ့ဒုက္ခသည်ဘဝမှာ အခုလို စားနပ်ရိက္ခာ မလုံလောက်မှုတွေကနေ လူမှောင်ခိုကူးတာကအစ မူးယစ်ဆေးဝါးရောင်းဝယ်မှုအဆုံး ရာဇဝတ်မှုတွေ ကျူးလွန်မှု ဆိုးကျိုးတွေ များလာမှာကိုလည်း စိုးရိမ်မိတယ်လို့ ကိုအောင်မြိုင်ကပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာအလှူရှင်တွေအနေနဲ့ အလေးအနက်ထားစဉ်းစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကိုအောင်မြိုင်။ ။ အခုလို WFP စားနပ်ရိက္ခာ လျှော့ချလိုက်တဲ့အတွက် ဘာတွေကြုံရနိုင်လဲဆိုရင် အဓိကပေါ့နော် ဒီလူတွေမှာ စားနပ်ရိက္ခာ လုံလောက်မှုရှိမှာ မဟုတ်တော့ဘူး။ နဂိုကတည်းကကို မလုံလောက်လို့ ကျနော်တို့တွေက အကြိမ်ကြိမ်တောင်းဆိုနေကြတာရှိတယ်။ ကျနော်တို့ကို တိုးပေးဖို့အတွက် အဲ့ဒီ့ကြားထဲကမှ လျှော့ချလိုက်တယ်ဆိုတော့ အများကြီးထိခိုက်နိုင်တယ် ဥပမာအားဖြင့် ဒီမှာက မူးယစ်ဆေးဝါး ဂိုဏ်းတွေရှိတယ် လူမှောင်ခိုဂိုဏ်းတွေရှိတယ် ပြီးတော့ ဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ အဲ့လိုဒုက္ခသည်တွေ ဒုက္ခရောက်လာရင် အမြတ်ထုတ်လိုတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရှိတယ် ဒီလိုဒုက္ခရောက်လာတော့ ဒီဒုက္ခသည်တွေကို စည်းရုံးဖို့ လွယ်သွားမယ်။ အများကြီးဆိုးကျိုး ဘက်ကိုရောက်သွားနိုင်တယ်။ ဒီလူတွေဟာ မလေးရှားတို့ အင်ဒိုနီးရှားတို့ဘက်ကို ပိုပြီးတော့ ရောက်သွားနိုင်တယ် နဂိုကတည်းကမှ အဆင်မပြေလို့ လမ်းမမြင်ကမ်းမမြင် နိုင်ငံရပ်ခြားကို အသက်နဲ့ရင်းပြီး ထွက်ပြေးနေကြတာ အခုဆိုပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်။ ဒီဒုက္ခသည်တွေအတွက် အများကြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဒီကိစ္စကို အသေးအမွှားလို့ မထင်ပဲ ဒီကိစ္စကို အရေးတကြီးစဉ်းစားပေးဖို့လိုပါတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖိုးတိုးပေးနိုင်ဖို့အတွက်လည်း ရတဲ့နည်းလမ်းသုံးပြီးလုပ်ပေးစေလိုပါတယ်။

စားနပ်ရိက္ခာလျှော့ချခံရတော့မယ့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လတ်တလော ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝလုံခြုံရေးအခြေအနေကတည်း အတော်လေးကို ဆိုးဝါးနေပြီး နေ့စဉ်လို လူသတ်မှု ရာဇဝတ်မှုတွေထူပြောလာနေတဲ့အနေအထားကြောင့် ဒုက္ခသည်တွေကို လုံခြုံရေးအကာအကွယ်ပေးဖို့ကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တောင်းဆိုပါတယ်လို့ ဦးကျော်မြင့်ကပြောပါတယ်။

ဦးကျော်မြင့်“ဒုက္ခသည်စခန်းတွင်း အခြေအနေကလည်း အခုက အတော်လေးကို ဆိုးဝါးနေတာကို တွေ့ရပါတယ်။ မနေ့ရော ဒီနေ့ရော နေ့စဉ်လိုလို သတ်ဖြတ်မှုတွေဖြစ်နေတာကို တွေ့ရတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အတွက် ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေမှာ အလွန်ကို စိုးရိမ်သောက ထိတ်လန့်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလုံခြုံရေးကိစ္စအပေါ်ကုလသမဂ္ဂနဲ့ ဘဂ်လားဒေ့ရှ်အစိုးရအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်များအတွက် လုံခြုံရေးအစီအမံကို တိုးချဲ့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ အထူးသဖြင့် ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူများနဲ့ စခန်းတာဝန်ခံ တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်များအတွက် အကွယ်ပေးကြပါ လုံခြုံစိတ်ချရတဲ့နေရာတွေကို ဖန်တီးပေးဖို့ တင်ပြလိုပါတယ် အခုဆို ဒုက္ခသည်စခန်းအခြေအနေက တော်တော်လေးကိုဆိုးဝါးလာနေကြရတာပါ။ နေ့စဉ်လိုလို တိုက်ခိုက်မှုတွေဖြစ်နေလို့ စခန်းတွင်းက လူတွေက
စိုးရိမ်သောကတွေနဲ့ နေနေကြရတာမို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်များကို အမြန်ဆုံးအကာအကွယ်ပေးပါလို့ ကျနော်တို့အနေနဲ့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ အထူးသဖြင့် ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးပေးပါလို့ ထပ်မံတောင်းဆိုလိုပါတယ်။”

လတ်တလောမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခက်ခဲမှုတွေဖြစ်လာနိုင်တဲ့ ရိက္ခာလျှော့ချလာတဲအချိန် စားနပ်ရိက္ခာ အခက်အခဲတွေပြေလည်နိုင်ရေး ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးမှာ စခန်းတာဝန်ခံတွေ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေဘက်က ရေရှည်အစီအစဉ်တွေကို စဉ်းစားဆောင်ရွက်နေကြသလို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေအကူအညီတွေ ပိုမိုထည့်ဝင် ကူညီပေးကြဖို့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီး ကလည်း ကြေညာချက်တွေ ထုတ်ပြန်တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရတာ ခြောက်နှစ်ထဲကို ဝင်ရောက်နေပြီဖြစ်ပြီး အခုအချိန်အထိလည်း ရိုဟင်ဂျာတို့ အိမ်ပြန်ရေး အနာဂတ် မျှော်လင့်ချက်တွေကလည်း မသေချာ မရေမရာဖြစ်နေဆဲ အနေအထားဖြစ်နေပါတယ်။

[Unicode]












