ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က လျှော့ချမယ့် အစီအစဉ်ကြောင့် ရိုဟင်ဂျာဒုက္ခသည် သန်းနဲ့ချီ ပိုမို ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာရနိုင်တယ်လို့ ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သတိပေးပြောဆိုကြပါတယ်။
ရန်ပုံငွေ ရှားပါးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို ရှေ့လ ၁ ရက်နေ့က စပြီး ၁၇ % လျှော့ချမယ့်အကြောင်း WFP က ဒီလ ၁၇ ရက်နေ့က ကြေညာထားတာပါ။ လက်ရှိမှာ ဒုက္ခသည်တဦးဟာ လစဉ်ရိက္ခာ အထောက်အပံ့ ၁၂ ဒေါ်လာ ရနေရာကနေ မတ်လကစပြီး တလ ၁၀ ဒေါ်လာသာ ရရှိတော့မှာ ဖြစ်ပါတယ်။
တလကို ၂ ဒေါ်လာပဲ လျှော့ချလိုက်တာဆိုပေမဲ့ အရင်ကတည်းက စားနပ်ရိက္ခာ အကူအညီ လုံလုံလောက်လောက်မရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒါက ကြီးမားတဲ့ အကျပ်အတည်း ဖြစ်သလို၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေအတွက်လည်း ရိုက်ခတ်မှု ပြင်းထန်တဲ့အကြောင်း WFP ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Domenico Scalpelli က ပြောပါတယ်။
လက်ရှိမှာကိုပဲ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ မိသားစုတွေရဲ့ ၄၅ % ဟာ လုံလောက်တဲ့ အစာအာဟာရ ပမာဏ မရရှိကြဘူး ဆိုတာကိုလည်း WFP က ထောက်ပြ ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေအကူအညီတွေ ပိုမိုထည့်ဝင် ကူညီပေးကြဖို့ ဗြိတိန်အခြေစိုက် Burmese Rohingya Organisation UK က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။ နိုင်ငံတကာ အကူအညီတွေ အလိုအပ်ဆုံး အချိန်ဖြစ်နေတာမို့ ဒီအခြေအနေကို လစ်လျူမရှုကြဖို့ အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးခဲ့ကြရပြီး၊ အစောပိုင်းကတည်းက ထွက်ပြေးခဲ့သူတွေအပါအဝင် အခုဆိုရင် ရိုဟင်ဂျာ တသန်းနီးပါး ဒုက္ခသည်စခန်းတွေမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
==== Unicode ====