(Zawgyi/Unicode)
ဥတုရာသီပြောင်းလဲဖောက်ပြန်မှုအန္တရာယ်ဟာ လူသားထုကြီးတခုလုံးအတွက် အနီရောင်အဆင့် ကိုရောက်လာနေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IPCC) ကတနင်္လာနေ့မှာထုတ်ပြန်တဲ့အစီရင်ခံစာအရ လူသားတွေရဲ့လုပ်ရပ်ကြောင့် ဥတုရာသီပြောင်းလဲဖောက်ပြန်လာတယ်ဆိုတာ လုံးဝငြင်းလို့မရသလို လူတွေေကြောင့် ၁၉ ရာစုနှစ်ကရှိခဲ့တဲ့ ကမ္ဘာ့အပူချိန်ထက် လက်ရှိမှာ အပူချိန်၁.၁ ဒီဂရီဆဲလ်စိယပ်ထိတိုးလာတယ်လို့ဖော်ပြထားပါတယ်။
လာမယ့်နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့အပူချိန် ၁.၅ ဒီဂရီ ဆဲလ်စိယပ် တင်မက ဒီ့ထက်တောင်ကျော်သွားနိုင်ခြေရှိနေပြီး ရေခဲလွှာတွေအရည်ပျော်တာ၊ ပင်လယ်ရေမြင့်တက်တာနဲ့ ဆိုးရွားပြင်းထန်လှတဲ့ ရေကြီးမှု၊ မိုးခေါင်ရေရှားမှုမျိုး ကမ္ဘာတဝှမ်းကြုံလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေခန့်မှန်းထားပါတယ်။ ဒါပေမယ့်လည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အဓိကထုတ်လွှတ်နေတဲ့ တွင်းထွက်လောင်စာအသုံးပြုမှု ချက်ခြင်းပြောင်းပစ်နိုင်မယ်ဆိုရင်တော့ အဲဒီကပ်ဘေးတွေကို ကာကွယ်နိုင်ပါသေးတယ်လို့လည်း IPCC ကပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Anonio Guterres တနင်္လာနေ့ထုတ်ကြေငြာချက်ထဲတော့ ကျောက်မီးသွေးတွေဆက်မသုံးဖို့၊ တွင်းထွက်လောင်စာနေရာမှာ သန့်ရှင်းစွမ်းအင်အစားထိုးဖို့၊ နေစွမ်းအင်နဲ့ လေစွမ်းအင်ထုတ်ယူမှုကို လေးဆတိုးပြီး ပြန်ပြည့်မြဲစွမ်းအင်မှာ ရင်းနှီးမြှပ်နှံမှုကိုလည်း ၂၀၃၀ခုနှစ်အရောက်မှာ ၃ဆတိုးကြဖို့ အတွင်းရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံတွေကိုတိုက်တွန်းထားပါတယ်။ လာမယ့်နိုဝင်ဘာလကျရင်ဗြိတိန်နိုင်ငံ၊ Glasgow မြို့မှာကျင်းပမယ့် ဥတုရာသီညီလာခံမှာ IPCC အစီရင်ခံကို အဓိကမူတည်ပြီး ဥတုရာသီပြောင်းလဲမှု ဝိုင်းဝန်းတားဆီးနိုင်မယ့် နည်းဗျူဟာတွေရေးဆွဲကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
...........................................................................................
(Unicode)