အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

အွန်လိုင်း ဗွီဒီယိုကတဆင့် ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ (စက်တင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီးယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

ဗီယက်နမ်က အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနေ့ စနေနေ့က ပြီးဆုံးခဲ့တာပါ။

စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေ ချမှတ်ဖို့အတွက် စေ့စပ်ဆွေးနွေးနေတာတွေမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။

SEE ALSO: တောင်တရုတ်ပင်လယ်ပြင်ကိစ္စ အာဆီယံခေါင်းဆောင်တွေနဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

တောင်တရုတ်ပင်လယ် နယ်မြေအများစုကို တရုတ်တို့က ပိုင်နက်နယ်မြေအဖြစ် ကြေညာထားပေမယ့် တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့က တရုတ်တို့ရဲ့ ကြေညာချက်ဟာ ကုလသမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေ အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး ပယ်ချထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်မှု ခိုင်မာတိုးတက်စေရေး စေ့စပ်ဆွေးနွေးပွဲတွေလုပ်ဖို့ လိုအပ်တာကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊ စစ်ရေးတည်ဆောက်မှုကို ဦးတည်သွားစေမယ့် တင်းမာမှုကို မြင့်တက်စေမယ့် လုပ်ဆောင်မှုမျိုးတွေ မလုပ်ဖို့ လိုအပ်တာကိုလည်း အသိအမှတ်ပြုခဲ့ကြောင်းနဲ့ အငြင်းပွားမှုကို နိုင်ငံတကာ ဥပဒေနဲ့အညီ စေ့စပ်ဆွေးနွေးပွဲကတဆင့် ဖြေရှင်းဖို့ လိုအပ်ကြောင်းကို သဘောတူညီခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ ကြိုးစားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါ့အပြင် ASEAN အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်ဖို့ရှိတဲ့ UK နဲ့ ကုန်သွယ်မှုတွေ ပိုတိုးလုပ်ဆောင်သွားဖို့ ကြိုးစားနေကြောင်းလည်း ဝန်ကြီး Minh က ပြောပါတယ်။

Your browser doesn’t support HTML5

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး

--------------------------

(Unicode)



SEE ALSO: ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေရပ်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အများစု တောင်းဆို




