ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ မြို့မဈေးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကြောင်း TNLA တအာင်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၃ နာရီလောက် စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု အတွင်း နောင်ချို မြို့မဈေး လန်းဆန်း လက်ဖက်ရည်ဆိုင်ကို ထိမှန်ခဲ့တာလို့လည်း ဖော်ပြပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံးနဲ့ ခရီးသည်တင် ကားတွေလည်း မီးလောင် ပျက်စီးကြောင်း ဖော်ပြပါတယ်။ နောင်ချိုမြို့ ဗုံးကြဲ တိုက်ခိုက်ခံရမှု အတွင်း လူ ၁၁ ဦး သေဆုံးကြောင်း၊ ထိခိုက် သေဆုံးမှု အများဆုံးကတော့ လန်းဆန်း လက်ဖက်ရည်ဆိုင် တိုက်ခိုက်ခံရမှု အတွင်းမှာ ဖြစ်ကြောင်းလည်း ဒေသ သတင်းတရပ်က ဖော်ပြပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့မှာလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ ည သန်းခေါင်အချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။
TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ကို တနင်္လာနေ့ ညသန်းခေါင် အချိန် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တဲ့ အကြောင်း ဒေသခံတွေကလည်း ဗွီအိုအေကို အတည်ပြု ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ချက် မရှိသေးပါဘူး။
Your browser doesn’t support HTML5