သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဖြေရှင်းရာမှာ ကူညီဖို့ တရုတ်ဝန်ကြီးချုပ်ကတိပြု


တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲအစည်းအဝေးအတွင်း တရုတ် ဝန်ကြီးချုပ် Li Qiang ကိုလက်ဆွဲနှုတ်ဆက်နေတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (နိုဝင်ဘာ ၆၊ ၂၀၂၄)
တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲအစည်းအဝေးအတွင်း တရုတ် ဝန်ကြီးချုပ် Li Qiang ကိုလက်ဆွဲနှုတ်ဆက်နေတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (နိုဝင်ဘာ ၆၊ ၂၀၂၄)

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအနေအထားနဲ့ သင့်လျော်ရာရွေးချယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်က အမြဲတမ်းထောက်ခံတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ပထဝီ နိုင်ငံရေးမှာ မြန်မာဟာ အရေးပါတယ်ဆိုတာကို တရုတ်ဝန်ကြီးချုပ် Li Qiang က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကူမင်းမြို့မှာတွေ့ဆုံချိန် ပြောကြားခဲ့တာမှာ အိမ်နီးချင်းကောင်း သံခင်းတမန်ခင်းမှာ မြန်မာကို အရေးကြီးတဲ့နေရာမှာထားကြောင်း ပြောခဲ့တယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အသွင်ပြောင်းတဲ့ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့လည်း တရုတ်က အားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို တရုတ်နိုင်ငံကထောက်ခံသလို နိုင်ငံရေးအသွင်ကူးပြောင်းနိုင်ဖို့ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး သင့်သင့်မြတ်မြတ်ဆွေးနွေးပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုရအောင်လုပ်ကြရေး အားပေးတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းရေး ရှေ့တိုးနိုင်ဖို့ တရုတ်နိုင်ငံကအားပေးကြောင်းနဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမဆိုင်ရာ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုတွေအောက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်နိုင်ရေး မြန်မာဘက်က ပုံမှန်ရှေ့တိုးဆောင်ရွက်နိုင်အောင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ အတူတွဲ ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်ဆိုတာကိုလည်း တရုတ်ဝန်ကြီးချုပ်က စစ်ကောင်စီအကြီးအကဲနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ပညာရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းပိုင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင်နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ၂ နိုင်ငံ လက်တွဲ နှိမ်နှင်းသွားရေးကိုလည်း တရုတ်ဝန်ကြီးချုပ်ဘက်က ပြောကြားခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်လုပ်ငန်းတွေရဲ့ လုံခြုံရေးကို မြန်မာဘက်က အသေအချာ ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်ဝန်ကြီးချုပ် Li Qiang ကပြောကြားခဲ့ပါတယ်။

မြန်မာဘက်က‌တော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေကြောင်း စစ်ကောင်စီအကြီးအကဲက တရုတ်ကို ပြောကြားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ကာလမှာ လက်နက်ကိုင် အဖွဲ့တွေ တိုက်မှသာ စစ်တပ်ဘက်က တုံ့ပြန်တိုက်တယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ AA အာရက္ခတပ်တော်တို့ဘက်ကငြိမ်းချမ်းရေးလိုလားတဲ့ လုပ်ရပ်တွေကို ရှင်းရှင်းပြမှ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက် ကူးမင်းမြို့မှာကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲအစည်းအဝေးကို စစ်ကောင်စီအကြီအကဲ သွားတက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG