စစ်ကောင်စီနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့တို့ နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့နယ်မှာ ဗုံးခိုကျင်းတွေ တူးထားဖို့ AA က သတိပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအခြေအနေပေါ်မှာ မူတည်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ AA အဖွဲ့ဘက်က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားကြပေမဲ့ စစ်ရေးတင်းမာနေသလို၊ အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီဖက်က စစ်ဆေးရေးဂိတ်တွေ တိုးမြင့်တာ တခြားဒေသခံတွေရဲ့ ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုအချိန်မျိုးပဲ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က ကျေးရွာတွေမှာ ဗုံးခိုကျင်းတွေ တပတ်အတွင်း တူးထားကြဖို့ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ULA/AA တာဝန်ရှိသူတွေက ပြောဆိုလာတာကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ ကျောက်တော်ဒေသခံ တဦးကပြောပြပါတယ်။
“ ဒီနေ့မနက်ပိုင်းက ကြေငြာတာကတော့ အချက်နှစ်ချက်ပဲ ပထမ တချက်ကတော့ ဧည့်သည် တွေ လာလို့ရှိရင် ဧည့်စာရင်းတိုင်ရမယ့် အကြောင်းပြောတယ်၊ ဒုတိယတချက် ကတော့ မိသားစုလုံခြုံရေး အတွက် အိမ်ပြင်မှာ မဟုတ်ဘူး အိမ်တွင်းမှာ ဗုံးခိုကျင်းတွေပြုလုပ်ရမယ် ဆိုပြီးတော့ ကြေငြာတာပဲ။ မြေပြင်တိုက်ပွဲအတွက်တော့ မစိုးရိမ်ရဘူး၊ ဒါပေမယ့် သူတို့ ဂျက် ဖိုက်တာတွေ သုံးလာမယ်၊ အဝေးပစ်အမြောက်တွေရှိတယ်၊ ရွာအနားမှာ အဲဒီအမြောက်တပ်ကနေ ကျေးရွာတွေကို မထင်ရင် မထင်သလို ပစ်တာရှိတယ်၊ အရင်ကလည်း အဲတာတွေ စိုးရိမ်ရတယ်။”
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ ကန့်သတ်ပိတ်ပင်တာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေရှိလာနေတာကြောင့် အချိန်မရွှေးတိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“ တိုက်ပွဲဖြစ်လာနိုင်ခြေ ရှိလား မရှိဘူးလားဆိုတဲ့ ကိစ္စကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုအပေါ်မှာလည်းပဲ အများကြီးမူတည်တာပေါ့နော်၊ မြန်မာစစ်တပ်ဖက်က တိုက်ခိုက် လာမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲက မုချဖြစ်မယ်၊ နောက်တခြားအကြောင်း အရာတွေလည်း အများကြီးရှိတာပေါ့နော်၊ အခုလက်ရှိ ရှိနေတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ ရခိုင်ပြည်သူတွေကို မတရားဖမ်းဆီး အနိုင်ကျင့်မှုတွေ ဒါမျိုးတွေကို မရပ်တန့်ပဲနဲ့ ဆက်ပြီးတော့ လုပ်လာမယ်ဆိုလို့ရှိရင် အခုကထက် ပိုပြီးတော့ တင်းမာလာနိုင်တယ်၊ အခြေအနေကပိုပြီးတော့ တင်းမာလာရင် အရင်လို တိုက်ပွဲတွေ ဆက်မဖြစ်ဘူးလို့တော့ ပြောလို့မရဘူးပေါ့နော်။”
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကောင်စီပြည်နယ်ရုံး အနီးမှာ ဒီကနေ့ နေ့လည်ပိုင်းကလည်း လူတဦးသေနတ်ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။ သေနတ်ပစ်ခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းတစုံတရာ မရရှိခဲ့ပါဘူး။ ဒါ့အပြင် စစ်တွေမြို့မှာ အသတ်ခံရတာတွေ သေဆုံး အလောင်းတွေ့တာတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။
မိုခါမုန်တိုင်းကြောင့်နလန်ထူဖို့ ခက်ခဲနေဆဲရခိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်လာရင် ဒေသခံ တွေရဲ့ စားဝတ်နေရေးတွေ ပိုပြီး ခက်ခဲလာနိုင်သလို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့တွေအနေနဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေမှာ ပိုပြီးတော့ ခက်ခဲလာနိုင်တာကြောင့် ဒေသခံတွေ ပိုပြီးစိုးရိမ် ပူပန်နေကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5