မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးခဲ့သလို ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကိုလည်း ၉၅ ရာခိုင်နှုန်းအထိ လုပ်ဆောင်ပြီးပြီလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုသွားပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မုန်တိုင်းသင့် ဒေသခံ ၁ဝ ရာခိုင်နှုန်း လောက်သာ လုံခြုံတဲ့ အမိုးအကာအောက် ရောက်တာရှိပြီး အများစုက စားဝတ်နေရေး အခက်ကြုံနေရဆဲ ဖြစ်တယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း အပြည့်အစုံကို ကိုစံကျော် က တင်ပြပေးပါမယ်။
မိုခါမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ ရခိုင်ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စစ်ကောင်စီက အချိန်နဲ့ တပြေးညီ လုပ်ဆောင်နေသလို ဒေသခံတွေရဲ့ စားနပ်ရိက္ခာအတွက်လည်း ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကိုလည်း လက်ရှိမှာ ၉၅ ရာခိုင်နှုန်း အထိ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောသွားပါတယ်။
“ မုန်တိုင်းတိုက်ခတ်ပြီး မကြာခင်မှာပဲ အခြေခံ ပညာကျောင်းတွေ ဖွင့်လှစ်ရာမှာလည်း ရာနှုန်းပြည့်နီးပါးအထိ ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိကာလမှာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ အဆောက်အအုံတွေ ပြုပြင်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်မှု အပြီးမှာ ကျန်းမာရေး အဆောက်အအုံတွေကိုလည်း ၉၄ ရာခိုင်နှုန်းအထိ ပြန်လည် ဆောင်ရွက်ပြီးဖြစ်တယ်။ ဒေသခံပြည်သူလူထု သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ရေလုံလောက်စွာ ရရှိရေးကိုလည်း အချိန်တိုအတွင်း ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေကို အချိန်မီ စိုက်ပျိုးနိုင်အောင် ဆောင်ရွက် ပေးခဲ့ပါတယ်။”
စစ်ကောင်စီ ပြောခွင့်ရက ခုလိုပြောပေမဲ့လို့ တကယ်တမ်း လက်တွေ့မှာတော့ အဲ့ဒီအတိုင်း ဖြစ်မနေဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မြို့ပေါ် စာသင်ကျောင်းတွေလောက်သာ ပြန်လည် ပြုပြင်တာရှိပြီး ကျေးလက် ဒေသတွေက စာသင်ကျောင်းတွေကိုတော့ ပြန်လည် ပြုပြင်တာ မရှိသေးတဲ့အတွက် အမိုးအကာ မလုံခြုံဘဲ ကလေးငယ်တွေ ကျောင်းတက်နေကြရတယ်လို့ ရခိုင်ဒေသအတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ သူတို့က ဟန်ပြသက်သက်ပါပဲ။ မြို့ပေါ်က ကျောင်းတွေလောက်ပဲ လုပ်ပေးတာ။ နယ်က ကျောင်းတွေ ဆိုလို့ရှိရင် အခုအချိန်ထိ ဘာမှ လုပ်ပေးတာ မရှိသေးဘူး၊။ မိုခါမုန်တိုင်းကြောင့် အမိုးတခုတည်း ပျက်စီးတာမဟုတ်ဘူး။ အုတ်နံရံတွေရော အကုန်လုံး ကျိုးပျက်ကုန်တာ။ အဲ့ဒါကို လုပ်မယ်ဆိုလို့ရှိရင် အချိန်ယူရမယ်ဗျာ။ ပြောမယ်ဆိုရင် ဒီလောက်အချိန် တိုတိုလေး အတွင်းမှာ အုတ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေကို လုပ်လို့ပြီးနိုင်ပါ့မလား။ မပြီးနိုင်ဘူး။ သွပ်ပြားမိုးထားပြီးတော့ အမိုးလုံလို့ အကာမလုံရင် ဘယ်လိုလုပ်မှာလဲ။ အခုကလေးတွေဆိုရင် ဒီမှာ မတရား ဖျားကြတယ်။ ငှက်ဖျားဖြစ်ပြီး သေတဲ့ဟာတွေလည်း တွေ့လာရတယ်။ ဒါ ဘာနဲ့ ဆိုင်လဲဆိုတော့ ကျန်းမာရေး မလုံခြုံမှု၊ မိုးရေထဲမှာ ကလေးတွေ စာသင်နေရတယ်။ အဲ့ဒါနဲ့ အများကြီး ဆိုင်တယ်။”
ဒါ့အပြင် မုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးသွားတဲ့ လယ်သမားတွေအတွက်လည်း အချိန်မီ စပါးစိုက်ပျိုးနိုင်အောင် မျိုးစပါးတွေ လယ်ယာသုံး ပစ္စည်းတွေ ထောက်ပံ့ခဲ့သလို၊ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက်လည်း ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရက ပြောဆိုခဲ့တာပါ။
မုန်တိုင်းသင့်ရခိုင်ဒေသအတွက် အာဆီနိုင်ငံတချို့က ကူညီထောက်ပံ့တာတွေ ရှိသလို ပြည်တွင်းပြည်ပက အလှူရှင်တွေ လှုဒါန်းခဲ့ကြတာ ဖြစ်ပြီး ဒီလ ၂၁ ရက်နေ့ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နဲ့ အမေရိကန်ဒေါ်လာ ၇၅ဝ,ဝဝဝ အထိ လက်ခံရရှိထားတယ်လို့လည်း စစ်ကောင် စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း မုန်တိုင်းသင့် ရခိုင်ဒေသမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီ ကယ်ဆယ်ခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ထားပြီး ဟန်ပြသဘော လောက်သာ ကူညီမှုတွေ ရှိတာကြောင့် ဒေသတွင်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေကတော့ ဒုက္ခရောက်နေကြဆဲ ဖြစ်ပြီး အကူအညီ လုံးဝ မရသူတွေတောင် ရှိတယ်လို့ ဒေသခံ ကူညီပေးနေသူက ပြောပါတယ်။
“သူတို့ပေးတဲ့ ဆန် ၁ ပြည် ၂ ပြည် ၃ ပြည်ပေးတဲ့ ဟာတွေမှာတောင်မှ အကုန်လုံး ရွာတိုင်းကို ပေးတာမဟုတ်ဘူး။ သူတို့နဲ့ နီးစပ်ရာ နီးစပ်ကြောင်း သူတို့ လက်ကိုင်တုတ်တွေ။ အဲ့ရွာတွေကတော့ နည်းနည်းပါးပါး ရကြတာပေါ့။ ကျန်တဲ့ အလှမ်းဝေးတဲ့ ရွာတွေ ဆိုရင် မရောက်တာ အများကြီး။ ကျနော်တို့ ဒေသမှာဆိုရင် မိုခါအလွန်ကာလ ဘာအထောက်အပံ့မှ မရတာတွေ အများကြီး ရှိသေးတယ်။ CSO တွေလည်း မရောက်ဘူး။ NGO တွေလည်း မရောက်ဘူး၊ စစ်ကောင်စီဖက်က မရောက်တာတွေ အများကြီးရှိသေးတယ်။ သူတို့တွေ ရပ်တည်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီထဲမှာ ရေက ထပ်မြှုပ်တယ်။ လယ်တွေလည်း ပျက်စီးတယ်။ ရှိတဲ့ ဟာလေးတွေနဲ့ ရင်းပြီး လုပ်ထားတဲ့ ဟာတွေလည်း အကုန်လုံး ပျက်စီးသွားပြီဆိုတော့ သူတို့တွေ ဘယ်လိုပဲ ပြောပြော ၉၅ ရာခိုင်နှုန်းပဲ ပြောပြော၊ ၁ဝဝ ရာခိုင်နှုန်းပဲ ပြောပြော ဘယ်လိုမှကို အယုံအကြည်မရှိတဲ့ဟာ။ အပြုသဘောဆောင်တဲ့ အစိုးရဆိုရင်တော့ ဒီလို စကားကို လက်လွတ်စပယ် ပြောလိမ့်မယ်လို့ ကျနော်မထင်ဘူး။ အခု သူတို့ပြောတဲ့ဟာက ကျနော်တို့ တောက်လျှောက် ကြည့်နေပါတယ်။ သူတို့ကြေညာတဲ့ဟာ သတင်းတွေကို ဒါတွေက လက်တွေ့ မဆန်ဘူးပေါ့နော်။ ”
ရခိုင်ဒေသမှာ မိုခါမုန်တိုင်းဒဏ် ခံရပြီး လပိုင်းအတွင်းမှာပဲ ရေကြီးရေလျှံတာတွေ ထပ်မံ ရင်ဆိုင်ခဲ့ရတာကြောင့် လယ်ဧက သောင်းနဲ့ချီ ပျက်စီးခဲ့သလို ဒေသခံတွေရဲ့ စားဝတ်နေရေး ပိုပြီး ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီ ပြောနေသလို ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ထိထိရောက်ရောက် ကူညီပေးတယ်ဆိုတာမျိုး မရှိသလို၊ ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အဖွဲ့တွေကိုတောင် လွတ်လွတ်လပ်လပ် ကူညီခွင့် မပေးဘဲ တားဆီးကန့်သတ်တာတွေ ခုချိန်ထိ လုပ်ဆောင်နေဆဲပဲလို့ ဒေသတွင်း ကူညီပေးရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။