မြန်မာအတွက် ဖက်ဒရယ်စနစ်မလုံလောက်ဟု ဒေသတွင်း ပညာရှင်သုံးသပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က အမျိုးသမီးစစ်အရာရှိတွေနဲ့ အတူ တအာင်းရိုးရာဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတဦး ကို TNLA အခမ်းအနား တခုမှာ တွေ့မြင်ရစဥ်။ (File: ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၅ ခုှစ်။ AP ဓာတ်ပုံ/Gemunu Amarasinghe)

ဒေသတွင်းအင်အားကြီးတရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ စစ်ရေးပဋိပက္ခတွေကြား မြန်မာနိုင်ငံအတွက် ပင်လုံစာချုပ်အခြေခံပြည်ထောင်စု စနစ်နဲ့တင်မက ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ် ပေါင်းစပ်ပုံစံ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်းပညာရှင်တဦး သုံးသပ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ လက်တွေ့နိုင်ငံရေးမှာ ပထဝီဝင် အားသာချက် ရှိတဲ့ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထက် ပိုပြီး ဗျူဟာမြောက် လွှမ်းမိုးထိန်းချုပ်နိုင်မှာ ဖြစ်ပေမယ့် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်နိုင်ရေး အလေးပေးတဲ့ နိုင်ငံခြားရေးမူဝါဒတွေ ပိုကျင့်သုံးသင့်တယ်လို့ ဒေသတွင်း ပညာရှင် တဦးက ထောက်ပြလိုက်ပါတယ်။ အနာဂတ် မြန်မာ့နိုင်ငံရေး သွင်ပြင်မှာလည်း ပင်လုံစာချုပ် အခြေခံ ပြည်ထောင်စု သဘောတူညီချက်မျိုးက မလုံလောက်တော့ဘဲ မတူကွဲပြားတဲ့ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ် ပေါင်းစပ်ပုံစံ ဖွဲ့စည်းမှုတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ သူက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုစနစ် အကြောင်း သုတေသနပြုပြီး ပညာရပ်ဆိုင်ရာစာအုပ်၊ စာတမ်းတွေ ရေးသားပြုစုနေတဲ့ တမာဆတ် တက္ကသိုလ်၊ အရှေ့တောင် အာရှလေ့လာရေးဌာနက တွဲဘက်ပါမောက္ခ ဒေါက်တာ Dulyapak Preecharush (ဒူယာပတ် ပရီချာရတ်) ကို ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဟုတ်ကဲ့ ပထမဆုံးတော့ မြန်မာ့အရေးမှာ အမေရိကန်ရော၊ တရုတ်ရောက ထိတွေ့မှုတွေရှိနေချိန်မှာ ဒီအကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ အမေရိကန်ရဲ့ မူဝါဒက ဘယ်လောက်ထိ ထိရောက်တယ်လို့ ထင်ပါသလဲ။ အမေရိကန် အနေနဲ့ ဘာတွေထပ်လုပ်ဖို့ လိုမလဲ ခင်ဗျာ။

ဒေါက်တာ Dulyapak Preecharush (နိုင်ငံရေး သုတေသီ / တွဲဘက် ပါမောက္ခ၊ အရှေ့တောင် အာရှလေ့လာရေးဌာန၊ တမာဆတ် တက္ကသိုလ်)။ ။ အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီမှာ စံနမူနာပြ ဖြစ်တာမို့ မြန်မာပြည်သူတွေအတွက် ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးထားတဲ့ နိုင်ငံခြားရေးမူဝါဒကို ပိုပြီး အလေးပေးသင့်တယ် ထင်ပါတယ်။

မြန်မာနိုင်ငံကို ကူညီဖို့မှာ ပြည်သူတွေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြင် ဒီမိုကရေစီတန်ဖိုးတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဒေသန္တရ အုပ်ချုပ်ရေးစနစ်မျိုး ဘယ်လို ထူထောင်မယ်ဆိုတာတွေကိုပါ ကူညီပေးဖို့ လိုပါတယ်။ ဒီလိုနည်းနဲ့ လိုအပ်နေတဲ့ ကွက်လပ်ကို အမေရိကန်က ဖြည့်ပေးနိုင်ပါတယ်။ ဒီနေရာမှာ အမေရိကန်က တရုတ်နိုင်ငံထက် ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဒီမိုကရေစီ ဖြစ်ထွန်းဖို့အတွက် အစိုးရတရပ်ကို ဘယ်လိုဖန်တီးမလဲ ဆိုတာပါ။

ဒါပေမယ့် အမေရိကန်နဲ့ တရုတ်ကြား ကွာခြားချက်က မြန်မာနိုင်ငံနဲ့ ပထဝီဝင် အနေအထားဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်က အားသာနေတော့ မြန်မာနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေးကို ထိန်းချုပ်နိုင်ဖို့ သူ့ အာဏာကို အသုံးချနိုင်ပါတယ်။ တရုတ် ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်နိုင်မှုမှာ အမေရိကန်နဲ့ ယှဉ်ရင် ပို လုပ်နိုင်မှာပါ။

ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ လက်တွေ့နိုင်ငံရေးကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်က သူ့ရဲ့ ပါဝါကို တိုးမြှင့်ဖို့ လိုနေတတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုမှမဟုတ်ရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဗျူဟာမြောက် နယ်ပယ် ကဏ္ဍတွေမှာ လွှမ်းမိုးထိန်းချုပ် လာနိုင်မှာ ဖြစ်လို့ အမေရိကန် အတွက်က မြန်မာနိုင်ငံမှာ မဟာဗျူဟာကျတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီတန်ဖိုးတွေ၊ တရားဥပဒေစိုးမိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်ကြည့်ရင်တော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံက မတူညီကွဲပြားတဲ့ နိုင်ငံရေးအရ သက်ဆိုင်အားလုံးအတွက် အကျိုးကျေးဇူး အများကြီး ပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဥပမာ ပြရရင် KNU ကရင်အမျိုးသားအစည်းအရုံးကို ကြည့်ပါ။ သူတို့ရဲ့ အာဏာ တည်ဆောက်ဖွဲ့စည်းပုံကို ကြည့်ရင် အဓိက နိုင်ငံရေးအဖွဲ့အစည်း အင်အားစုက ကွန်ဂရက် ဖြစ်ပါတယ်။ ဒါက အမေရိကန်ပုံစံနဲ့ အလွန်ဆင်တူပါတယ်။ အမေရိကန် အနေနဲ့ ဒီလိုမျိုး အောက်ခြေကနေ အပေါ်ကို ချဥ်းကပ်တဲ့ နိုင်ငံရေး စနစ် အဆောက်အအုံ လိုမျိုး ကိစ္စရပ်တွေမှာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပိုပြီး ပြီးပြည့်စုံအောင် လုပ်ပေးနိုင်ပါတယ်။

SEE ALSO: ရခိုင်ဒေသ မတူကွဲပြားလူမျိုးစုများကြား အမုန်းပွားမှု စိုးရိမ်ဖွယ်သတိပေး


ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဟုတ်ကဲ့ အမေရိကန်ရဲ့ မြန်မာပြည် အကျိုးစီးပွားကလည်း တရုတ်နဲ့ စာရင် နည်းတယ်လို့ ပြောကြတာတွေ ရှိတာပေါ့လေ။ နောက်တခုကတော့ တရုတ်က အခု ရွေးကောက်ပွဲကို တိုက်တိုက်တွန်းတွန်း လုပ်နေတယ်။ အာဆီယံကိုလည်း ပံ့ပိုးကူညီဖို့ ပြောနေတယ်။ တကယ်လို့ အာဏာသိမ်း စစ်ကောင်စီကသာ သူတို့ ပြောထားတဲ့ အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ်ဆိုရင် အာဆီယံက လက်ခံပြီး ထောက်ခံမယ်လို့ ထင်လား ခင်ဗျာ။ ဒီ ရွေးကောက်ပွဲ ချဉ်းကပ်မှုရဲ့ သက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ။ ဒါက ဖြစ်နိုင်ခြေ အလားအလာရှိတဲ့ ထွက်ပေါက် တခု ဖြစ်မလား။ ရွေးကောက်ပွဲကို ထွက်ပေါက်နည်းဗျူဟာအဖြစ် အာဆီယံကရော ယူဆမလား ခင်ဗျာ။

ဒေါက်တာ Dulyapak Preecharush (နိုင်ငံရေး သုတေသီ)။ ။ ဒါက တော်တော်ကောင်းတဲ့ မေးခွန်းဖြစ်ပြီး ဖြေရခက်ပေမယ့် ကျွန်တော့်ရဲ့ အကဲဖြတ်ချက် အရ ပြောရရင် အထွေထွေ ရွေးကောက်ပွဲက တပ်မတော် အတွက် သင့်လျော်တဲ့ ထွက်ပေါက်နည်းဗျူဟာလို့ ကျွန်တော်ထင်ပါတယ်။

(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က အစုအဖွဲ့တချို့နဲ့ ပေါင်းစည်းထားတဲ့ နိုင်ငံရေးစနစ်အောက်မှာ ညွန့်ပေါင်းအစိုးရ တရပ်မျိုးကို သူလိုချင်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲအပြီးမှာလည်း သူအနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်နေနိုင်မယ့် အနေအထားမျိုးပေါ့။

ဒါကို အာဆီယံ အသိုင်းအဝန်းရဲ့ တုံ့ပြန်မှုမှာတော့ အုပ်စုနှစ်စုကွဲနိုင်ပါတယ်။ ပထမအုပ်စုကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြမယ် ထင်ပါတယ်။ စစ်တပ်က အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရကို ထောက်ခံပေးဖို့ ကြိုးစားတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အာဆီယံနိုင်ငံတချို့ကတော့ ရွေးကောက်ပွဲလမ်းကြောင်းက ကောင်းတယ်လို့ ပြောလာနိုင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဦးတည်ပြီး တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလာတာက သင့်လျော်တဲ့ ထွက်ပေါက်နည်းဗျူဟာ ဖြစ်တယ်လို့ ပြောလာကြပါမယ်။ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေး အခြေခံမူကို လေးစားသင့်တယ်ဆိုတာမျိုး ပြောလာပါမယ်။

(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကသာ ရွေးကောက်ပွဲကို တကယ် ကြေညာလာတဲ့အခါမှာ မြန်မာနိုင်ငံက အတိုက်အခံ အင်အားစုတွေကြားမှာလည်း အုပ်စုတွေ ကွဲနိုင်ပါတယ်။ တိုတိုပြောရရင် ပထမတခုက အလယ်အလတ်သမားတွေပေါ့။၊ သူတို့ကလည်း ရွေးကောက်ပွဲမှာ ဝင်ပါဝင်သင့်တယ် ဆိုတာမျိုး ပြောလာနိုင်ပါတယ်။ တပ်မတော်အစိုးရနဲ့ အတိုက်အခံအဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ဒီရွေးကောက်ပွဲမှာ ပါဝင်သင့်တယ် ဆိုတာမျိုးနဲ့ဒါက ကောင်းမွန်တဲ့ ထွက်ပေါက်ဗျူဟာ တခုဆိုပြီး ပြောလာကြပါမယ်။

ဒါပေမယ့် တခြားတဘက်မှာလည်း ပိုပြီ သဘောထား ခိုင်မာတဲ့ အုပ်စု ရှိပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို ဆက်တိုက်ကြမှာပါ။ သူတို့က အာဏာသိမ်း စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းပြီး တိုင်းပြည်မှာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်လိုကြပါတယ်။

ဒါကြောင့် အထွေထွေရွေးကောက်ပွဲသာ ကျင်းပလာနိုင်မယ်ဆိုရင် အတိုက်အခံအဖွဲ့တွေကို အဓိကအုပ်စုနှစ်စုခွဲစေမှာ ဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း မတူညီတဲ့ အမြင်တွေ ဖြစ်စေမှာပါ။

Your browser doesn’t support HTML5

စစ်ရေးအဆုံးအရှုံးများချိန် စစ်ကောင်စီထွက်ပေါက် “မေးမြန်းခန်း”

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဖြစ်လာနိုင်ခြေရှိတဲ့ လူမျိုးစု နိုင်ငံရေးအခင်းအကျင်းကရော ဘယ်လိုလဲ။

ဒေါက်တာ Dulyapak Preecharush (နိုင်ငံရေး သုတေသီ)။ ။ အနာဂတ် မြန်မာ့နိုင်ငံရေး ပထဝီဝင်အနေအထားကို အကဲဖြတ်ကြည့်ရင်တော့ မြန်မာနိုင်ငံဟာ အခုအခိုက်အတန့် မှာနဲ့ မဝေးတော့တဲ့ အနာဂတ်မှာ အဓိက အပိုင်း နှစ်ပိုင်း ခွဲနိုင်မယ်လို့ ထင်ပါတယ်။

ပထမတခုကတော့ စစ်တပ်က ဆက် လွှမ်းမိုးထားနိုင်မယ့် မြန်မာပြည်ရဲ့ အလယ်ဗဟိုဒေသပေါ့။ ဒါပေမယ့် ဒီနှစ် ပွင့်လင်းရာသီရောက်ရင် အတိုက်အခံအဖွဲ့တွေက မြန်မာပြည် အလယ်ပိုင်းကို ပို ထိုးဖောက်ဝင်ရောက်နိုင်မယ့် အခြေအနေ ရှိပါတယ်။ မန္တလေး အထိ ဝင် သိမ်းပိုက်လာနိုင်မှာမျိုး ဒါမှမဟုတ် နေပြည်တော်ကို ပိုပြီး မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့ သိမ်းပိုက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို မဝေးတော့တဲ့ အနာဂတ်မှာ စောင့်ကြည့်ရမယ် ထင်ပါတယ်။

ပြီးတော့ နောက် တပိုင်းက မြန်မာပြည်ရဲ့ ဗဟို ဒေသအပြင်ဘက်က တခြားဒေသတွေ၊ နယ်စပ်ဒေသတွေ ရှိပါမယ်။ အဲဒီဒေသတချို့မှာတော့ ကွန်ဖက်ဒရိတ် ပုံစံ ဖွဲ့စည်းပုံမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။ ဥပမာ-ရခိုင်ဒေသလိုမျိုးမှာ။ အဲဒီမှာ ချင်းပြည် ပလက်ဝဒေသ လောက်အထိကို ရခိုင်ကွန်ဖက်ဒရေးရှင်း ပုံစံမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

နောက် ရှမ်းပြည်၊ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ ‘ဝ’ ဒေသ တောင်ပိုင်း၊ မြောက်ပိုင်း အဲဒီဒေသတွေမှာ ကွန်ဖယ်ဒရိတ် ဖွဲ့စည်းပုံ အသစ် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အဲဒီမှာမှ ကိုးကန့်နဲ့ ပလောင်ပြည်နယ်ခွဲတွေလိုမျိုး တိုင်းရင်းသားပြည်နယ်ခွဲတွေကို တွေ့မြင်လာရနိုင်ပါတယ်။

အခြေအနေတွေလည်း ရှုပ်ထွေးနိုင်ပါတယ်။ တောင်ကြီးမြို့တဝိုက်ကိုကြည့်ရင် တမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တောင်ကြီးမြို့အနီးတဝိုက်မှာ ရှမ်းလူမျိုးတွေနဲ့ ပအိုဝ်းလူမျိုးတွေ ထိပ်တိုက်တွေ့လာနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုရှုပ်ထွေးတဲ့ နိုင်ငံရေးမြေမျက်နှာသွင်ပြင်မျိုးရှိနေတဲ့ နိုင်ငံအတွက် တကယ့် အခြေအနေမှန်ကို သုံးသပ်နိုင်ဖို့က ပြင်ပပညာရှင်တွေအတွက် အတော်လေး ခက်ခဲပါတယ်။ ကျွန်တော့်ရဲ့ လေ့လာမှု အကဲဖြတ်ချက်အရ ဆိုရင်တော့ ဒီလိုရှုပ်ထွေးလှတဲ့ နိုင်ငံရေးမြေမျက်နှာသွင်ပြင်ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေထဲက တခု ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဟုတ်ကဲ့၊ လက်ရှိမှာ အဓိက တိုက်နေတဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ကိုယ်ပိုင်ရပ်တည် အုပ်ချုပ်ခွင့် အမြင်ရှိကြတယ် ဆိုပြီး ပြောကြပါတယ်။ ဒါက ပိုမိုကျယ်ပြန့်တဲ့ ဖက်ဒရယ်နိုင်ငံတော် အုပ်ချုပ်ရေးမူဘောင်စနစ် ဘယ်လို ပေါင်းစည်းပါဝင် နိုင်မလဲ ခင်ဗျာ။

ဒေါက်တာ Dulyapak Preecharush (နိုင်ငံရေး သုတေသီ)။ ။ ရှမ်းပြည်မြောက်ပိုင်းအခြေအနေက MNDAA ကိုးကန် တပ်ဖွဲ့၊ TNLA တအာင်း/ပလောင် တပ်ဖွဲ့နဲ့ UWSA ‘ဝ’ တပ်ဖွဲ့တို့ ဦးဆောင်တဲ့ ကွန်ဖက်ဒရိတ် ပုံစံ အုပ်ချုပ်မှု ပုံစံမျိုး ထူထောင်နိုင်ခြေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ တပြည်ထောင် စနစ် နှစ်ခု ပုံစံမျိုး၊ တရုတ်ပြည်မကြီးနဲ့ အထူးဆက်ဆံရေး ပုံစံထူထောင်ထားတဲ့ ဟောင်ကောင်နဲ့ မကာအိုလို အထူးဒေသ အုပ်ချုပ်မှုပုံစံမျိုးက တနည်းတဖုံ အသုံးချနိုင်မယ် ထင်ပါတယ်။

ဒါပေမယ့် ဒါက ဖက်ဒရယ်စနစ် ဒါမှမဟုတ် ဖက်ဒရယ်မူဘောင် နဲ့ ကွဲပြားနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ တခုလုံးမှာ တပြည်လုံးကို အုပ်ချုပ်ဖို့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်လိုရင် အစိုးရ တရပ် ဒါမှမဟုတ် မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့ တပြည်လုံး အတိုင်းအတာနဲ့ ဖက်ဒရယ်စနစ်အောက်မှာ အားလုံးနဲ့ သင့်လျော် ကိုက်ညီနိုင်တဲ့ ဖက်ဒရယ်စနစ်ပုံစံတွေ၊ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ကိုက်ညီနိုင်တဲ့ ဖက်ဒရယ်ပုံစံမျိုးကို လေ့လာဆန်းစစ်သင့်တယ် ထင်ပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ရေးပဋိပက္ခ တရုတ်စွက်ဖက်မှု “မေးမြန်းခန်း”


ဥပမာ ပြောရရင် မြန်မာနိုင်ငံ အနေနဲ့ အာဏာ တန်းတူ ညီမျှ အချိုးညီ ခွဲဝေတဲ့ ဖယ်ဒရယ် စနစ်မျိုးပုံစံနဲ့ အာဏာ ခွဲဝေမှု မတူညီတဲ့ နယ်မြေတွေ ပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံ ပေါင်းစပ် ကျင့်သုံးတာမျိုး လုပ်ဖို့ ကျွန်တော်ကတော့ အဆိုပြုလိုပါတယ်။ ဆိုလိုတာက မြန်မာပြည်ရဲ့ အလယ် ဗဟို မဟာဗျူဟာကျတဲ့ နယ်ပယ် တချို့မှာ အချိုးညီ အုပ်ချုပ်တဲ့ ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးနိုင်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း နယ်မြေမြေအတွင်း တိုင်းဒေသကြီးနဲ့ အစုအဖွဲ့ တွေမှာ အဲဒီလို ဖက်ဒရယ် စနစ် ကျင့်သုံးနိုင်ပါတယ်။ ဥပမာ - နေပြည်တော်နဲ့ ကပ်လျက်ဒေသတွေလို အလယ် ဗဟို အတွင်းပိုင်းမှာ ဥပဒေပြု လွှတ်တော် တရပ်ပဲ ရှိတဲ့ ပါလီမန် စနစ်မျိုးက အဲဒီက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ လုံလောက်နိုင်ပါတယ်။

ဒါပေမယ့် ကချင်နဲ့ ရှမ်း လိုမျိုး ကြည့်ရင်တော့ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှာ အချိုးမညီတဲ့ ဖက်ဒရယ်ပုံစံကို ကျင့်သုံးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဥပမာ ရှမ်းပြည်က နိုင်ငံရေး ပုံစံ ဒီဇိုင်းက တခြား ပြည်နယ်၊ တိုင်းဒေသတွေနဲ့ ကွဲပြားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှမ်းပြည်မှာက အလွန်ရှုပ်ထွေးတဲ့ လူမျိုးစု လူဦးရေ ဖွဲ့စည်းပုံတွေ ရှိတဲ့ အပြင် စစ်ရေးပဋိပက္ခတွေ၊ ကွဲပြားတဲ့ စနစ်ပုံစံမျိုး ထူထောင်လိုတဲ့ အနေအထားကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်မှာ ဆိုရင်တော့ လွှတ်တော်ဖွဲ့စည်းပုံ ဒီဇိုင်းက တခြား ဒေသက လွှတ်တော် တရပ်ပဲ ရှိတဲ့ စနစ်နဲ့ ကွဲပြားတဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ပေါင်းစပ်ထားတဲ့ လွှတ်တော် နှစ်ရပ် စနစ်မျိုး စဥ်းစားနိုင်ပါတယ်။

ဒါကြောင့် အချိုးညီ ဖက်ဒရယ်စနစ်နဲ့ ကွဲပြားတဲ့ ဖက်ဒရယ် စနစ်တွေကို မြန်မာနိုင်ငံထဲက မတူကွဲပြားတဲ့ ဒေသတွေမှာ သင့်လျော်သလို အသုံးချနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တချို့ဒေသတွေမှာ အချိုးကျဖက်ဒရယ်စနစ်၊ တချို့နေရာတွေမှာ အချိုးမညီတဲ့ ဖက်ဒရယ်စနစ်၊ တချို့နယ်မြေတွေ ဥပမာ စစ်တောင်းချိုင့်ဝှမ်း၊ အညာဒေသနဲ့ ဧရာဝတီတိုင်းလိုမျိုးမှာ ပထဝီဝင်ကို အခြေခံတာမျိုး လုပ်ပြီး တချို့ဒေသတွေမှာတော့ အထူးသဖြင့် ရှမ်းနဲ့ ကချင်လို ဒေသတွေမှာ ဆိုရင်တော့ ပထဝီဝင် ဒေသ အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် လူမျိုးစုကို အခြေခံတဲ့ သို့မဟုတ် လူမျိုးစုဆိုင်ရာ ဖက်ဒရယ်စနစ်မျိုးကို စဉ်းစားနိုင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်း တခုပါ။ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တဦး အမြင်နဲ့ သုံးသပ်ရင် မြန်မာနိုင်ငံမှာ ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ရေး ဘယ်လောက် မျှော်လင့်ချက်ရှိလဲ။ ဘယ်လောက် အကောင်းမြင်နိုင်မလဲခင်ဗျာ။

ဒေါက်တာ Dulyapak Preecharush (နိုင်ငံရေး သုတေသီ)။ ။ ဒါဆိုရင်တော့ ပင်လုံစာချုပ် ဖြစ်ထွန်းလာခဲ့တဲ့ ၁၉၄၇၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံတော် ဖွဲ့စည်းရေး လုပ်ငန်းစဉ် အချိန် အထိ ပြန်ကြည့်သင့်တယ် ထင်ပါတယ်။ ပင်လုံစာချုပ်မှာက မြန်မာနိုင်ငံမှာ နိုင်ငံတော်တည်ဆောက်ရေးစီမံကိန်းတွေ ရေးဆွဲနိုင်ဖို့ ပထဝီဝင် ဒေသ အခြေပြု ဖယ်ဒရယ် စနစ်ကို အခြေခံတဲ့ တွေးခေါ်မှုတွေ ပါဝင်နေပါတယ်။ ပင်လုံရဲ့ အမွေအနှစ်က တနည်းတဖုံ အသုံးဝင်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ကမ္ဘာ့နိုင်ငံအများအပြားက ဖက်ဒရယ်ဖွဲ့စည်းပုံတွေကို စူးစမ်းလေ့လာခဲ့ပြီးမှ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အသုံးဝင်တဲ့ အစိတ်အပိုင်း တချို့ကို ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာက ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အနည်းဆုံး အဆင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းနဲ့ သူ့ရဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့နဲ့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဥ်တွေက ဖက်ဒရယ်စနစ် မူဘောင်အောက်မှာ ရှိနေခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် အခု အချိန်မှာလည်း ပင်လုံရဲ့ အမွေအနှစ်က အသုံးဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ မျက်မှောက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပင်လုံ အမွေအနှစ် တခုတည်းနဲ့လည်း မလုံလောက်တော့ပါဘူး။ အခြေအနေတွေက အများကြီး ပြောင်းလဲသွားပါပြီ။ ဒါကြောင့် လက်ရှိ မြန်မာ့နိုင်ငံ ထူထောင်ရေး ဗိသုကာပညာရှင် တွေက ကမ္ဘာ့နေရာ အများအပြားက ဖက်ဒရယ် ပြည်ထောင်စု စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေကို လေ့လာသင့်ပါတယ်။ အိန္ဒိယ၊ အမေရိကန်၊ ကနေဒါ၊ ဘရာဇီးလ်၊ မလေးရှား စသလို ဖယ်ဒရယ် စနစ် ပုံစံ အမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ အဲဒီနောက်မှာမှ မြန်မာ့နိုင်ငံရေးမှာ မတူ ကွဲပြားမှုတွေ ရှိနေတဲ့ လူ့မှုအဖွဲ့အစည်းတွေအတွင်း အသင့်တော်ဆုံး ဖက်ဒရယ်ဖော်မြူလာ ပုံစံတမျိုးကို ရှာဖွေနိုင်ဖို့ နိုင်ငံရေး အမြင်မတူသူတွေ ကြား၊ စေ့စပ်ညှိနှိုင်းရမယ့် သူတွေအကြား အချင်းချင်း ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။

Your browser doesn’t support HTML5

မြန်မာအတွက် ဖက်ဒရယ်စနစ်မလုံလောက်ဟု ပညာရှင်သုံးသပ် “မေးမြန်းခန်း”


ဒါက ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ် တည်ဆောက်ရာမှာ အခြေခံကျတဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အရ သက်ဆိုင်သူ အားလုံး ဘုံသဘောဆန္ဒ တခု ရယူထားနိုင်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဥပမာ အာဏာခွဲဝေမှုလိုမျိုးမှာပါ။ ဥပမာ မဲဆန္ဒနယ် အစုအဖွဲ့ ယူနစ်တွေကြားမှာ လူမျိုးစုနဲ့ ယဉ်ကျေးမှု အမှတ်သညာ ဘယ်လို ထိန်းသိမ်း တည်ဆောက်မယ် ဆိုတာမျိုးမှာ ဘုံ သဘောတူညီ ယူထားနိုင်ရင် ဒါက အလုပ် ဖြစ်လာနိုင်ပါတယ်။

အဲဒီလို အခြေခံသဘောတူညီချက်မျိုး ရပြီးတော့မှသာ အချိုးကျ ဖက်ဒရယ်၊ အချိုးမညီတဲ့ ဖက်ဒရယ်စနစ်၊ လူမျိုးစု အခြေခံ၊ ပထဝီဝင် ဒေသ အခြေခံ ဖက်ဒရယ်စနစ်၊ ‌ ပေါင်းစပ် ဖက်ဒရယ်စနစ်၊ ဒီမိုကရက်တစ် ဖက်ဒရယ်စနစ် အစရှိသလို ပိုပြီး ခက်ခက်ခဲခဲ ညှိရမယ့် ကိစ္စရပ်တွေကို စဉ်းစားသင့်ပါတယ်။

ဆိုတော့ ကျွန်တော့်ရဲ့ လေ့လာထားချက် အရ အကြံပြုရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ် အမျိုးမျိုးကို ပေါင်းစပ် အသုံးပြုသင့်တယ် ထင်ပါတယ်။ တချို့ နေရာတွေမှာ အချိုးကျဖက်ဒရယ်စနစ် ကျင့်သုံးပြီး တချို့နေရာတွေမှာ အာဏာခွဲဝေမှု မတူညီတဲ့ ဖက်ဒရယ်စနစ်ကို ရွေးချယ်နိုင်ပါတယ်။ ဥပမာပြရရင် ကနေဒါပုံစံမှာ Quebec နယ်မြေက အရေးကိစ္စတွေေဖြေရှင်းနိုင်တဲ့ အဲဒီမှာ သီးခြား အချိုးမညီတဲ့ ဖက်ဒရယ်စနစ် ပုံစံမျိုး ကျင့်သုံးပါတယ်။ ဒါမျိုးက အလုပ်ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံ ပြဿနာက ကနေဒါနဲ့ Quebec ကြား အခြေအနေ ဆက်ဆံရေးမျိုးထက်တော့ ပိုပြီး ရှုပ်ထွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ရုရှားပုံစံ၊ ယူဂိုဆလားဗီးယားပုံစံ အစရှိသလို တခြားမော်ဒယ်တွေကိုလည်း ထည့်သွင်း စဥ်းစားပြီး သင့်လျော်တာတွေကို ပေါင်းစပ် သုံးနိုင်ပါတယ်။

ကျွန်တော့် အကဲဖြတ်ချက်အရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ် ပုံဖော်နိုင်ဖို့က ခက်ခဲနေနိုင်သေးပေမယ့် ရှုပ်ထွေးနေတဲ့ နိုင်ငံနဲ့ လူမှု အစုအဖွဲ့တွေ အတွင်း အရင် အခြေခံကျတဲ့ သဘောတူညီချက်တွေ ရယူပြီး ရိုးရှင်းတဲ့ အခြေအနေ တရပ် ဖြစ်အောင် လုပ်နိုင်ရင် နောက်ပိုင်းမှာ ပိုပြီး ခက်ခဲ ရှုပ်ထွေးတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်ဖို့အတွက် တဆင့်ပြီး တဆင့် ဆက်လုပ်နိုင်မယ် ထင်ပါတယ်။

ဒါပေမယ့် တဘက်မှာလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ဖြေရှင်းဖို့က ဖက်ဒရယ်မူဘောင်က လုံလောက် သလားဆိုတာ စဥ်းစားရပါမယ်။ ပထမအဆင့်အတွက် လုံလောက်တယ်လို့ ထင်ရပေမယ့် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စစ်ရေး အနေအထားက အများကြီး ပြောင်းလဲသွားပါပြီ။ ဥပမာ အာရက္ခ တပ်တော့ (AA) ဆိုရင် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ကွန်ဖက်ဒရိတ် ကို လိုချင်ပါတယ်။ UWSA ‘ဝ’ ကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည် တည်ထောင်ချင်ပါတယ်။ ဒါက သီးခြားအုပ်ချုပ်မှု စနစ်တမျိုးဖြစ်လို့ ဒါက တရုတ်က သီးခြား အုပ်ချုပ်တဲ့ ပုံစံမျိုးကို စူးစမ်းလေ့လာပြီး တနည်း တဖုံ အသုံးချကောင်း အသုံးချနိုင်ပါတယ်။

SEE ALSO:

"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ်


ဒါကြောင့် မြန်မာနိုင်ငံ ပြည်ထောင်စု ဆိုတဲ့ ထီးရိပ် အောက်မှာ ကွဲပြားတဲ့ စနစ်တွေ ညီညွတ်စွာ ပေါင်းစပ်မှုမျိုးကို စဉ်းစားသင့်ပါတယ်။ ဒါမျိုးက အသုံးဝင်နိုင်ပါတယ်။ ကိုလိုနီခေတ် မလေးရှား စနစ်မျိုးကို ဥပမာ ကြည့်ပါ။ ပီနန်မှာ ဗြိတိသျှကိုလိုနီစနစ် ရှိတယ်၊ နောက် မလေးရှားမြောက်ပိုင်း ဒါမှမဟုတ် မလေးရှား တောင်ပိုင်း မလေး ကျွန်းဆွယ်တွေမှာ ကွန်ဖက်ဒရိတ်ဖွဲ့စည်းပုံရှိတယ်။ တချို့ မဲဆန္ဒနယ်ယူနစ်တွေမှာတော့ ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ စီမံခန့်ခွဲမှုတွေ ရှိတယ်။ ကွဲပြားခြားနားတဲ့ အုပ်ချုပ်မှုပုံစံတွေက ပိုပြီးကြီးမားတဲ့ ပြည်ထောင်စု ထီးရိပ် တခုအောက်မှာ အတူတကွ နေထိုင်ခဲ့ကြတဲ့ သဘောပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း နိုင်ငံ တခုတည်း အနေနဲ့ ဖက်ဒရယ် စုဖွဲမှုနဲ့ ကွန်ဖက်ဒရိတ် စုဖွဲ့မှု စနစ်တွေ အတူတကွ ပေါ်ပေါက်လာနိုင်ပါတယ်။

ဆိုတော့ နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ ဘယ်အစိုးရ စနစ်ကို အခိုင်အမာ ထူထောင်မယ်ဆိုတာ ခန့်မှန်းဖို့ စောလွန်းပါတယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်စနစ် ဖြစ်လာနိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုပိုပြီး လျှော့ချထားတဲ့ ကွန်ဖက်ဒရိတ် စနစ်ကိုလည်း ဦးတည် သွားနိုင်ပါတယ်။ ဒါမှမဟုတ် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်ဖြစ်ပြီး အပြည့်အ၀ ကျရှုံး နိုင်ငံအဖြစ်ကိုလည်း ရောက်သွားနိုင်ပါတယ်။

ဒီလို မသေချာမရေရာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့်၊ တခြား နိုင်ငံရေးအယူအဆတွေ ရှိနေပေမယ့် ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ် မူဘောင် သဘောတရားက အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ရှိပါတယ်။ ဖက်ဒရယ်စနစ်ကပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်ရေး အစီအမံနဲ့ ပဋိပက္ခ ဖြေရှင်းရာမှာ အခြေခံသဘောတရား ဖြစ်ပါတယ်။