တရုတ်နိုင်ငံအနေနဲ့ အားနည်းတဲ့ စစ်အစိုးရတရပ် ဆက်လက် ရပ်တည်စေလိုပြီး တခြား အင်အားစုတွေမှာလည်း သူ့ သြဇာကို ချထားကာ အထိန်းအကွပ် တခုနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံဖြစ်ဖို့ အလို ရှိနေတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူတဦးက ပြောလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဝန်းကျင်က နိုင်ငံရေး အခြေအနေမျိုး ရောက်အောင် အိမ်နီးချင်းတွေက ပြန်လုပ်နေတယ်လို့ သူက သုံးသပ်ပါတယ်။
အမေရိကန် အပါအဝင် အနောက်အုပ်စုတွေရဲ့ မြန်မာစစ်တပ် အပေါ် ပိတ်ဆို့ အရေးယူမှုတွေက ထိရောက်မှုမရှိဘူးလို့လည်း ဝေဖန်ထားပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး စွမ်းရည်တွေမှာ ပိုပံ့ပိုးပေးဖို့ လိုနေတယ်လို့ ထောက်ပြပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချ နေထိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချခဲ့တဲ့ လက်ရှိ Prague Civil Society Center ရဲ့ အကြီးတန်းအကြံပေး Igor Blaževič ကို ကိုငြိမ်းချမ်းအေး က Zoom ကတဆင့် မေးမြန်းထားတဲ့ ပထမပိုင်းကို တင်ဆက်လိုက်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ပထမဆုံး မြန်မာ့ ပဋိပက္ခမှာ တရုတ်နဲ့ အာဆီယံ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်း ကဏ္ဍကို ဦးစားပေး ဆွေးနွေးချင်ပါတယ်။ သူတို့ရဲ့ လက်ရှိ နည်းဗျူဟာက ဘာပါလဲ။ သူတို့က ဒေသတွင်းနဲ့ သူတို့ရဲ့ နယ်စပ်တွေ တည်ငြိမ်စေဖို့ အားပြုလား၊ ဒါမှမဟုတ် ရည်ရွယ်လို့ပဲ ဖြစ်ဖြစ်၊ မရည်ရွယ်ဘဲနဲ့ ဖြစ်ဖြစ် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ဆက်ပြီး အာဏာတည်မြဲစေဖို့ ကူညီပေးရာ ရောက်နေလား။
Igor Blazevic - စစ်တပ်အာဏာသိမ်းဖို့ ကြိုးစားတဲ့ အစကတည်းက အိမ်နီးချင်းနိုင်ငံတွေ ဘာတွေ လုပ်ခဲ့လဲ ဆိုတာကနေ ပြန်ပြီး နားလည်ကြည့်ဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်။ မြန်မာ့အိမ်နီးချင်းတွေ အပါအဝင် အားလုံးက တချိန်ချိန်မှာတော့ စစ်ကောင်စီက ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်ခုခံတော်လှန်တာတွေကို နှိမ်နင်းနိုင်သွားမှာပဲလို့ မျှော်လင့်ခဲ့ကြတာပါ။ ဘယ်သူမှ အာဏာသိမ်း စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကြားမှာ သူတို့ရဲ့ ပုံရိပ်ကို အစွန်းအထင်းမခံလိုကြဘူး။ ဒါကြောင့် အိမ်းနီးချင်းတွေတင်မကဘူး နိုင်ငံတကာ အသိုင်းအဝန်းက ထိုင်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ပါတယ်။ မီးလောင်နေတာကို ပြည်တွင်းမှာပဲ သူ့ဘာသာ ငြှိမ်းပါစေဆိုတဲ့ သဘောပေါ့။ စစ်တပ်က ရက်စက်တဲ့ ဖိနှိပ်မှုတွေ လုပ်ပြီး သူတို့ရဲ့ ထိန်းချုပ်နိုင်မှုကို ခိုင်မာအောင် ပြန်တည်ဆောက်နိုင်တဲ့ အချိန်ကျမှ အရင်လို ထုံးစံ ပုံမှန် အတိုင်း ပြန်လုပ်ကြမယ်ပေါ့။ ပထဝီနိုင်ငံရေး အရ၊ စီးပွားရေးအရ၊ သံတမန်ရေးအရရောပေါ့။
အခု (၃) နှစ် ကြာလာချိန်မှာတော့ အထူးသဖြင့် စစ်ဆင်ရေး ၁၀/၂၇ အပြီးမှာ စစ်တပ်က အခြေအနေကို ထိန်းဖို့ မအောင်မြင်ရုံသာမကဘဲ ရှုံးနေပြီဆိုတာကို အားလုံးက နားလည်လာပြီး ထိတ်လန့်တုန့်လှုပ်သွားကြပါတယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေကို ဦးတည်သွားမှာကို ကြောက်သွားကြပါတယ်။ အဲဒီအချိန်မှာ ထိုင်စောင့်ကြည့်နေတဲ့ ချဥ်းကပ်မှုပုံစံကို စွန့်ခွာပြီး ထဲထဲဝင်ဝင် စပါဝင် ပတ်သက်လာကြတာပါ။ တရုတ်နိုင်ငံကတော့ အတက်ကြွဆုံးနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေမှာ လွှမ်းမိုးနိုင်ဖို့ အကြိုးစားဆုံးပေါ့။ ထိုင်းနိုင်ငံကတော့ အပြောက ပိုများပါတယ်။
သူတို့ ဘာတွေလုပ်ဖို့ ကြိုးစားနေလဲဆိုတော့ စစ်တပ်ကို တဦးတည်းသော အင်အားကြီး ထိန်းချုပ်နိုင်သူ အဖြစ် အနိုင်ရဖို့ကို မလိုလားပါဘူး။ ပထမ အချက် ဒါက ဆုံးရှုံးပျက်စီးမှုတွေ များပြားမယ် ဆိုတာ နားလည်လို့ပါ။ နောက် ဒုတိယအချက်ကတော့ ဒါက မဖြစ်နိုင်တော့ဘူးဆိုတာ သူတို့ သိလာလို့ ဖြစ်ကောင်း ဖြစ်ပါမယ်။ တဖက်မှာလည်း စစ်တပ်ကို သူတို့ မရှုံးစေချင်ပါဘူး။ သူတို့ ဒီကစားပွဲကို ကစားနေကြတာပါ။ မြန်မာစစ်တပ်ကို အကျိုးအကြောင်း ဖျောင်းဖြနားချနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ စစ်တပ်ရဲ့ အားနည်းချက်ကို တနည်းအားဖြင့် အသုံးချဖို့ အခွင့်အရေးပဲလို့ သူတို့ မြင်ပါတယ်။ သူတို့ အောင်မြင်မယ်လို့တော့ ကျွန်တော်အနေနဲ့ မထင်ပါဘူး။ ဒါပေမယ့် ဒါကို သူတို့ကြိုးစားနေပါတယ်။ နောက်တခုက သူတို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား မဟာမိတ်ဖြစ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားပြီး တနည်းနည်းနဲ့ မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ်က နိုင်ငံရေး အခြေအနေ မျိုး ပြန်ရောက်အောင် လုပ်နေပါတယ်။ အဲဒီ အထက်တန်းလွှာ သက်သက် သြဇာအင်အားရှိတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တြိဂံပုံစံနိုင်ငံရေးမှာ စစ်တပ်ရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရေးအင်အားစုကို ကိုယ်စားပြုမယ့် အစုအဖွဲ့တခုခုရယ် ပါဝင်မယ်ပေါ့။ ဒါကိုအောင်မြင်နိုင်ဖို့ မြန်မာ့အိမ်နီးချင်းတွေက လုပ်နေတာပါ။ အဲဒီမှာ တရုတ်က သူတို့ရဲ့ သြဇာကို အသုံးချပြီး ဒီလမ်းကြောင်းအတိုင်း အောင်မြင်ဖို့ တွန်းအားပေးနေပါတယ်။ ဒါပေမယ့် မအောင်မြင်သေးပါဘူး။ ထိုင်းနိုင်ငံကတော့ အပြောများပြီး အလုပ်နည်းပါတယ်။
ကျွန်တော့် အမြင်အရတော့ ဒါက ပကတိ မြေပြင် အခြေအနေနဲ့ ကြီးကြီးမားမားကြီးကို လွဲနေတဲ့ အကဲဖြတ်ချက်ပါ။ ဒီ လွဲမှားတဲ့ အကဲဖြတ်ချက်ကြောင့် တတိုင်းပြည်လုံး အကြမ်းဖက်ခံရဖို့ အချိန်ပိုပေးသလို ဖြစ်နေပါတယ်။ ဒါက မြန်မာနိုင်ငံ ပျက်စီးနေတာကို ရေရှည်စေပြီး လူတွေပိုပြီး ကပ်ဘေးဆိုက်စေပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - အာဆီယံရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ဆက်မေးချင်ပါတယ်။ အထူးသဖြင့် အီဂေါ ရေးတဲ့ ဆောင်းပါးတွေမှာ မြန်မာ့ အရေး အာဆီယံရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် ဝေဖန်ထောက်ပြတာာ တွေ့ရပါတယ်။ တဖက်မှာက မြန်မာနိုင်ငံမှာက စစ်တပ် ယဉ်ကျေးမှုက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတာပါ။ ရှေ့မှာ ပြောတဲ့ အထဲမှာလည်း ပါ ပါတယ်။ အင်အားကြီးနိုင်ငံတွေ တရုတ်နဲ့ ရုရှားတို့ကလည်း မြန်မာနိုင်ငံမှာ အကျိုးစီးပွား ဆက်စပ်နေပါတယ်။ အခုမှတင်မဟုတ်ပါဘူး၊ အရင်ကတည်းပါ။ တချိန်တည်းမှာပင် အာဆီယံမှာ စွမ်းဆောင်ရည်ကလည်း အကန့်အသတ်တွေရှိ နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရတဲ့ မူဝါဒလည်း ရှိနေပါတယ်။ ဆိုတော့ ဒီအခြေအနေမှာ၊ အာဆီယံက အမှန်တကယ် အကျိုးသက်ရောက်မှုရှိအောင် ဘာတွေလုပ်သင့်သလဲ။
Igor Blazevic - မြန်မာ့ ပြဿနာကို ဖြေရှင်းဖို့ အာဆီယံကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အာဆီယံရဲ့ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကို ကြည့်ရင် အာဆီယံမှာ လုပ်နိုင်စွမ်း ရှိမယ်လို့ မထင်ပါဘူး။ အာဆီယံက မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံကို ဗဟိုပြုထားတော့ သူ့ရဲ့ ပုံရိပ်ကို ကာကွယ်နိုင်ဖို့သာ ကြိုးစားနေတာပါ။ မြန်မာနိုင်ငံမှာ ဒုက္ခတွေရောက်၊ ဆုံးရှုံးပျက်စီးမှုတွေ ကြီးစွာ ကြုံတွေ့နေတာထက် အာဆီယံ အတွက်က သူ့ပုံရိပ်က အပိုအရေးကြီးနေပါတယ်။
အာဆီယံက အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလို့ ခေါ်တဲ့ အဓိပ္ပာယ်ကတော့ လက်တွေ့မှာ လူတိုင်းက အာဏာသိမ်းစစ်တပ်ဆီမှာ အနုနည်းနဲ့ လက်နက်ချတာကို လက်ခံဖို့ လိုတယ်လို့ ဆိုလိုတာပါ။ ဒီဆွေးနွေးပွဲဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ (ဗိုလ်ချုပ်မှုူးကြီး) မင်းအောင်လှိုင်ကို လူတိုင်းက လာပြီး ညှိနှိုင်းဖို့ပါ။ လူတိုင်းက အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ပါ၊ ပြီးတော့မှ လွှတ်တော်ထဲမှာ နေရာ နည်းနည်း ပေးမယ့် လိမ်လည် လှည့်ဖြားထားတဲ့ စေ့စပ်ဆွေးနွေးပွဲတွေကို ဆိုလိုတဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲပါ။ သုံးနှစ်ကြာ ခက်ခက်ခဲခဲ ရုန်းကန်ရင်း စစ်အာဏာမှုကို ဆန့်ကျင်နေတဲ့ မဟာမိတ်အဖွဲ့တွေရဲ့ သက်ဆိုင်သူအားလုံးဟာ ဒါကို လက်မခံနိုင်ခွင့် သူတို့မှာ အပြည့်ရှိနေပါတယ်။ အာဆီယံဟာ ဒီအလုပ်မဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်ကိုပဲ ဆက်ပြီး တိုက်တွန်းနေမှာပါ။
အာဆီယံက တခြား မတူညီတာ ဘာလုပ်နိုင်လဲ မေးရင် သူတို့ဟာ အာဏာသိမ်း စစ်တပ်မပါဘဲ ကျန်သူတွေ အားလုံး တွေ့ဆုံဆွေးနွေးနိုင်ရေး အဆင်ပြေချောမွေ့စေဖို့ ပံ့ပိုးကူညီနိုင်ပါတယ်။ စစ်တပ်မပါဘဲ အားလုံးပါဝင်ဆွေးနွေးခြင်းကသာ မြန်မာ့ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နိုင်ငံရေးသဘောတူညီချက်တရပ် ရဖို့ အရှိန်မြှင့်တင်နိုင်မှာပါ။ တဖက်မှာလည်း ဒါက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်နဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီကို ပြုတ်ကျဖို့ မြန်လာမှာပါ။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို မဖယ်ရှားဘဲနဲ့ မြန်မာနိုင်ငံအတွက် အဖြေမရှိသေးပါဘူး။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ပိုပြီး နည်းနည်းကျယ်ပြန့်တဲ့ မူဝါဒကိစ္စတွေ ဆွေးနွေးချင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ မူဝါဒနဲ့ အကျိုးသက်ရောက်မှုမျိုးပေါ့။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ။ ပိုပြီး ထိရောက်မှုရှိအောင် အမေရိကန်က ဘာတွေ လုပ်နိုင်လဲ၊ ဘာတွေ လုပ်သင့်တယ်လို့ ထင်လဲ ခင်ဗျာ။
Igor Blazevic - ဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်းမှာပဲ အကန့်အသတ်နဲ့ပဲ သက်ရောက်မှုရှိတယ်ဆိုတာကို အမှန်အတိုင်းမြင်ဖို့ လိုပါတယ်။ ပိတ်ဆို့အရေးယူမှုတွေဟာ စစ်ပွဲတွေကို မရပ်တန့်နိုင်ပါဘူး။ အာဏာရှင်တွေကို ဖြုတ်ချမှာ မဟုတ်ပါဘူး။
ဒဏ်ခတ်ပိတ်ဆို့မှုတွေက နိုင်ငံရေးသတင်းစကား ပို့နေတာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နေတဲ့ နိုင်ငံတွေက ဘယ်သူ့ကို လက်ခံတယ်၊ ဘယ်သူကိုတော့ လက်မခံဘူးလို့ ပြောနေတာပါ။ ဒါက တချက်ပါ။
ဒုတိယအချက်မှာ ပိတ်ဆို့အရေးယူမှုတွေက အတိုင်းအတာတခုနဲ့ အာဏာရှင်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်နိုင်ပါတယ်။ စစ်ပွဲ ဒါမှမဟုတ် ဖိနှိပ်မှုတွေကို ဆက်လက်လုပ်ဆောင်တာတွေကို ကန့်သတ်နိုင်ပါတယ်၊ ဒါပေမယ့် အာဏာရှင်ကို မဖယ်ရှားနိုင်ပါဘူး။ သူတို့ကို ကန့်သတ်မှုတော့ လုပ်နိုင်ပါတယ်။
ဒါကြောင့် ဒီသဘောအရတော့ ပိတ်ဆို့အရေးယူမှု ဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် ဒဏ်ခတ်အရေးမှုတွေက ကစားပွဲကို ပြောင်းလဲစေတဲ့ Game Changer မဟုတ်ပါဘူး ။ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်၊ အနောက်နိုင်ငံတွေက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထက်၊ အီရန်အပေါ် အနောက်က ချမှတ်ထားတာတွေထက် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုတာ မရှိပါဘူး။ ဒါပေမယ့် ယူကရိန်းစစ်ပွဲကို ရပ်တန့်နိုင်လား။ အီရန်အစိုးရကို ဖြုတ်ချနိုင်လား။ မလုပ်နိုင်ပါဘူး။ ဒါက ပိတ်ဆို့မှု အရေးယူမှုမှာ ရှိတဲ့ အကန့်အသတ်တွေပါ။
ဆိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဘာတွေလုပ်နိုင်လဲ။ စစ်အစိုးရ အပေါ် အထောက်အပံ့တွေ မရအောင်တော့ ကန့်သတ်နိုင်လို့ ဒါက အရေးကြီးပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အာရှက ဒီမိုကရေစီနိုင်ငံတွေ အနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပြီး တော်လှန်ရေး အင်အားစုတွေကို ဦးတည်ကာ ခိုင်မာတဲ့ ပံ့ပိုးမှုတွေ ပေးဖို့ လိုအပ်နေပါတယ်။
နိုင်ငံတချို့ ဘာလုပ်နေလဲ ကြည့်ရအောင်ပါ။ ရုရှားက စစ်အာဏာရှင်တွေကို စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ ကူညီပေးနေပါတယ်။ အိန္ဒိယဟာ စစ်ကောင်စီရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ဆိုတော့ ရုရှားနဲ့ အိန္ဒိယက စစ်အစိုးရကိုသာ လောင်းကြေးထပ်ထားကြပါတယ်။
တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ မပါဘဲ သူ့ရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ထဲ ရှိစေချင်ပါတယ်။ ဒီလို ဖြစ်ဖို့ကို တရုတ်က စစ်တပ်ကို ဗဟိုအစိုးရအဖြစ် ဆက်လက်ရှင်သန် ရပ်တည်စေချင်ပါတယ်။ ဒါပေမယ့် အားနည်းတဲ့ ဗဟိုအစိုးရ အဖြစ်ပဲ ရှိစေချင်တာပါ။ တချိန်တည်းမှာပဲ နိုင်ငံထဲက တခြား နေရာ (အင်အားစုတွေမှာ) လည်း သြဇာလွှမ်းမိုးမှု ရယူထားပြီး အထိန်းအကွပ်နဲ့ မတည်မငြိမ် ဖြစ်နေအောင် လုပ်ဖို့ ကြိုးစားပါတယ်။ အဲဒါက တရုတ်ကစားနေတဲ့ ကစားပွဲပါ။
အာဆီယံကတော့ ဘာမှကို လုပ်မနေပါဘူး။ အမေရိကန်က လုပ်နေတာကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေပါတယ်။ အဲဒါက အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ လုပ်နေပါတယ်။ အဲဒါက ကောင်းပါတယ်။ ဒါပေမယ့် အဲဒါနဲ့တင် မလုံလောက်သေးပါဘူး။
လိုအပ်နေတာက အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အာရှက ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ် တွေရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ကူညီဖို့နဲ့ လွတ်မြောက် နယ်မြေတွေမှာ အုပ်ချုပ်မှု စွမ်းရည် မြှင့်တင်ပေးဖို့ လိုနေပါတယ်။ ဒါက အမေရိကန် တယောက်တည်း လုပ်လို့မရဘူး။ အာဆီယံထဲက အရေးကြီးတဲ့ မိတ်ဖက်တွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေနဲ့လက်တွဲပြီး လုပ်ဖို့ လိုနေပါတယ်။
Forum