EU ထိန်းချုပ် ရုရှားပိုင်ဆိုင်မှုထဲက ဒေါ်လာ ၁.၆ ဘီလီယံ ယူကရိန်းဆီ လွှဲပေး

[[မှတ်တမ်းပုံ ]] European Council ဥက္ကဌ Charles Michel (ဝဲ) ၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy (အလယ်) နဲ့ EU ကော်မရှင်ဥက္ကဌ Ursula von der Leyen (ညာ)တို့ကို ဘရပ်ဆဲလ်မြို့မှာအတူတွေ့ရ။ June 27, 2024 (Ukrainian Presidential Press Service/via AFP)

ယာယီပိတ်ဆို့ အရေးယူထားတဲ့ ရုရှားဗဟိုဘဏ်ပိုင် ဒေါ်လာ ၂၂၅ ဘီလီယံက ရရှိတဲ့ အတိုးငွေ ဒေါ်လာ ၁.၆ ဘီလီယံကို ယူကရိန်းအတွက် အကူအညီ ရရှိထားပြီလို့ ဥရောပသမဂ္ဂ(EU)က သောကြာနေ့က ကြေညာပါတယ်။

“EUက ယူကရိန်းနဲ့အတူ ရပ်တည်နေပါတယ်။ ဒီနေ့မှာ ယူကရိန်း ကာကွယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးအတွက် မရွှေ့မပြောင်းနိုင်တဲ့ ရုရှားပိုင်ဆိုင်မှုတွေက ရရှိတဲ့ ယူရိုငွေ ၁.၅ ဘီလီယံကို လွှဲပြောင်းပေးလိုက်တယ်” လို့ EU အကြီးအကဲ အာဆူလာ ဗွန်ဒါ ေလယန် (Ursula Von der Leyen) က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

“ရုရှားရဲ့ ငွေကြေးတွေကို ယူကရိန်းနဲ့ ဥရောပတိုက်တခုလုံးကို ပိုပြီး လုံခြုံတဲ့ နေရာတခုဖြစ်အောင် လုပ်ရာမှာ အသုံးပြုတာထက် ပိုပြီး ကောင်းကောင်းမွန်မွန် အသုံးပြု မရှိဘူး” လို့ သူက ပြောပါတယ်။ ယူကရိန်းဝန်ကြီးချုပ် Denys Shymhal ကလည်း EU ရဲ့ အခု ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

SEE ALSO: ယူကရိန်း ရေရှည်လုံခြုံရေး NATO ထိပ်သီးတွေ ကတိပြု

“ဒီအရေးကြီးတဲ့ ခြေလှမ်းကို အကောင်အထည်ဖော်ပေးတဲ့အတွက် EU ကို ကျေးဇူးတင်ကြောင်းနဲ့ ဒီလွှဲပြောင်းပေးမှုက ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေလာမယ်” လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြောပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံကတော့ EU ရဲ့ လုပ်ရပ်က “တရားမ၀င်” ကြောင်း ရှုတ်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်ဝင်ရောက်ခဲ့တာအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ နှစ်စဉ် ခန့်မှန်းခြေ ဒေါ်လာ ၃.၂ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ရန်ပုံငွေ ၉၀ ရာခိုင်နှုန်းက ယူကရိန်းကို လက်နက်၊ ခဲယမ်းတွေ ပေးပို့နေတဲ့ ဥရောပက အဖွဲ့ဝင်နိုင်ငံတွေ အတွက် ဥရောပ ငြိမ်းချမ်းရေး စင်တာမှာ ထားရှိမှာ ဖြစ်ကြောင်း EU တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ ယူကရိန်း ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး အတွက် EU ရဲ့ အသုံးစရိတ် ဘတ်ဂျက်ထဲကို ထည့်ဝင်မှာ ဖြစ်တယ် ဆိုပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို ထောက်ပံ့ကူညီဖို့နဲ့ စစ်ပြီးချိန် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် ထိန်းချုပ်ထားတဲ့ ရုရှားဗဟိုဘဏ်ပိုင်ဆိုင်မှုတွေကနေ အမြတ်ငွေ ယူရိုဘီလီယံပေါင်းများစွာကို အသုံးပြုဖို့ ပြီးခဲ့တဲ့ မေလတုန်းက သဘောတူညီခဲ့ကြတာပါ။ အီးယူ အဖွဲ့ဝင်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုက ယူရို ၂၀၀ ဘီလီယံလောက် ရှိနေပါတယ်။

Your browser doesn’t support HTML5

EU ထိန်းချုပ် ရုရှားပိုင်ဆိုင်မှုထဲက ဒေါ်လာ ၁.၆ ဘီလီယံ ယူကရိန်းဆီလွှဲပေး