ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်လို့ ယူကရိန်းအရပ်သား ၂ ဦး သေဆုံးပြီး နိုင်ငံတဝန်းက စွမ်းအင်စက်ရုံတွေနဲ့ မီးရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ထိခိုက်ခဲ့တယ်လို့ ယူကရိန်း အရာရှိတွေက ဒီကနေ့ ပြောပါတယ်။
အရှေ့မြောက်ပိုင်းက မြို့ငယ်လေးတခုဖြစ်တဲ့ Barvinkove မြို့က အခြေခံအဆောက်အအုံတွေကို ရုရှား Iskander ဒုံးကျည်တွေ ထိမှန်လို့ လူနှစ်ဦး သေဆုံးပြီး နောက်ထပ် ၃ ဦးကတော့ ဒဏ်ရာ ရခဲ့တယ်လို့ Kharkiv ဒေသ အုပ်ချုပ်ရေးမှူး Oleh Syniehubov က ပြောပါတယ်။
ဘယ်အခြေခံအအုံတွေ ထိမှန်ခဲ့သလဲဆိုတာကို အသေးစိတ် မပြောပေမဲ့၊ လူနေအိမ်တွေ၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေး အဆောက်အဦးတွေ ၅၀ ကျော် ထိခိုက် ပျက်စီးခဲ့တယ်လို့ တယ်လီဂရမ် လူမှုကွန်ရက်ကတဆင့် သူက ဖော်ပြခဲ့ပါတယ်။
မနေ့ညက ညလုံးပေါက် တိုက်ခိုက်မှုအတွင်း ပဲ့ထိန်း Iskander မစ်ဇိုင်း ဒုံးလက်နက် ၄ ခုလောက်နဲ့ ရုရှားက ပစ်လွှတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။ ယူကရိန်း လေတပ်အနေနဲ့ ဒီတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တား ပစ်ချတာတွေ မလုပ်နိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ တခြားသော နိုင်ငံအရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကို ပစ်ခတ်တဲ့ ရုရှားရဲ့ ဒရုန်း ၁၇ စင်းထဲက ၁၃ စင်းကိုတော့ ယူကရိန်း လေတပ်က ကြားဖြတ် ဟန့်တားဖျက်စီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
Forum