၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဇွန်လ ၂၇ ရက်နေ့ညက ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က CNN သတင်းဌာန စတူဒီယိုမှာ ကျင်းပခဲ့ကြတာကို စောင့်ကြည့်ကြတဲ့ အထဲမှာ အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေလည်း ပါပါတယ်။ လက်ရှိ သမ္မတနဲ့ သမ္မတဟောင်း နှစ်ယောက်တို့ရဲ့ မျက်နှာချင်းဆိုင် ငြင်းခုံဆွေးနွေးချက်အပေါ် မြန်မာ-အမေရိကန် တချို့ရဲ့ အမြင်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်သူ ၄၈ သန်းလောက်က စောင့်ကြည့်ခဲ့ကြတယ်လို့ CNN က ထုတ်ပြန်ထားတဲ့ ဒီစကားစစ်ထိုးပွဲဟာ ဘိုင်ဒန်-ထရမ့် ပထမ အကြိမ် ဆုံခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ထက် ကြည့်သူ အရေအတွက် ၃၄ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။ အရင်တခေါက် တွေ့တုန်းကတော့ ဘိုင်ဒန်ဟာ သမ္မတလောင်း ယှဥ်ပြိုင်သူ အဖြစ် အဲ့တုန်းက သမ္မတ ဖြစ်တဲ့ ထရမ့်ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကို အသေးစိတ် ထောက်ပြနိုင်ခဲ့ပေမယ့် ဒီတခေါက်မှာတော့ စကား ပြောဆိုရာမှာ အားမာန်မတွေ့ရဘူးလို့ စောင့်ကြည့်ကြသူတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး အမေရိကန်၊ မြန်မာနဲ့ နိုင်ငံတကာ အရေး စောင့်ကြည့်လေ့လာနေတဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ မြန်မာ အမတ်တဦး ဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ သူ စောင့်ကြည့်ခဲ့သမျှ စစ်ကားစစ်ထိုးပွဲတွေမှာ အားအနည်းဆုံးလို့ ရှုမြင်ပါတယ်။
“ကျနော် နားထောင်ဖူးသမျှ သမ္မတတွေ စကားစစ်ထိုးပွဲမှာ ဒီပွဲက အညံ့ဆုံး လို့ ကျွန်တော် ယူဆပါတယ်။ ညံ့တာက နှစ်ယောက်လုံး ညံ့တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘိုင်ဒန် ရှုံးပြီး ထရမ့်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်ကိုတော့ ကျွန်တော် သဘောမတူဘူး။ ကျွန်တော် မြင်တာကတော့ နှစ်ယောက်လုံး ရှုံးတယ်လို့ ယူဆပါတယ်။ နှစ်ယောက်လုံးက အသက် အလွန်ကြီးကြတဲ့ အတွက် အားတွေမာန်တွေ မပါဘူး ဒါဟာ စိတ်ဝင်စားမှု နည်းစေတဲ့ အချက် တခု ဖြစ်ပါတယ်။”
စကားစစ်ထိုးပွဲ တလျှောက်မှာ ပြိုင်ဘက်နှစ်ယောက်ဟာ အပြန်အလှန် တိုက်ခိုက် ပြောဆိုကြပေမယ့် သမ္မတဟောင်း ထရမ့်က ပိုပြီး ရှင်းရှင်းပြတ်ပြတ် ထိုးနှက်နိုင်တယ်လို့ အမေရိကန် မီဒီယာတွေကတော့ သုံးသပ်ကြပါတယ်။ ဒီပွဲမှာ တယောက်နဲ့တယောက်လည်း လိမ်လည်တယ် ဆိုပြီး စွပ်စွဲကြပါတယ်။ စကားစစ်ထိုးပွဲအပြီး CNN စစ်တမ်းအရတော့ ထရမ့်က ၆၇-၃၃% နဲ့ အပြတ်အသတ်အနိုင်ရတယ်လို့ ဆိုထားပြီး ဒီအခြေအနေက ဒီမိုကရက်ပါတီထောက်ခံသူတွေကြား ဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်တာတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေတဲ့ ဒီမိုကရက်တွေ အားကောင်းတဲ့ နယူးယောက်ပြည်နယ်မှာ နေထိုင်သူ ဦးသန်းအောင်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ လုပ်ရပ်ကိုင်ရည်ကို မေးခွန်းထုတ်ပါတယ်။
“ကျွန်တော်ကတော့ နဂိုက ဂျိုးဘိုင်ဒန်ကို သို့လော သို့လော ဖြစ်ပေမယ့် မနေ့ညကတော့ သူ့ဘက်ကို ပါဖို့ ကိစ္စက နည်းနည်းလေး ပိုလျော့သွားတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲ ဆိုတော့ သူ့ကို မကြိုက်လို့၊ မုန်းလို့ လည်း မဟုတ်ဘူး။ ဒါပေမယ့် သူဖြစ်နိုင်တဲ့ လာမယ့် နှစ်ပေါင်း လေးနှစ်တောင်မှ သူက လုပ်ရမယ့် ကိစ္စမှာ သူ့အတွက်က သူကိုယ်တိုင် အတွက်လည်း အခက်အခဲ ရှိမယ်လို့ ကျွန်တော် ထင်တယ်ပေါ့နော်။
ဘိုင်ဒန်က ထရမ့်ရဲ့ အားနည်းချက်တွေကိုတောင် သေချာ ထောက်ပြနိုင်တာမျိုး မတွေ့ခဲ့ရဘူးလို့ ဒေါက်တာတင့်ဆွေက ယူဆပါတယ်။
“အဲဒီနေရာမှာ ဘိုင်ဒန်ကလည်း ညံ့တာက ထရမ့်ရဲ့ အားနည်းချက်တွေ ဖြစ်တဲ့ ရာဇဝတ်မှု ကိစ္စတွေလည်း ကောင်းကောင်း ချေပနိုင်ခြင်း မရှိဘူး။ ထောက်ပြနိုင်ခြင်း မရှိပါဘူး။ နောက် ဒုတိယ အချက်က နှစ်ယောက်လုံးက အချက်အလက်လည်း မှားယွင်းကြတယ်လို့ ယူဆပါတယ်။ ထရမ့် တင်ပြတဲ့ အချက်အလက်တွေမှားသလို ဘိုင်ဒန်ဘက်ကလည်း သူအားသာနိုင်တဲ့ အချက်တွေကို ဆုပ်ကိုင်ပြီးတော့ ချက်နဲ့လက်နဲ့ တင်ပြ ချေပနိုင်ခြင်း မရှိဘူးလို့ မြင်ပါတယ်။”
Your browser doesn’t support HTML5
ဒီစကားစစ်ထိုးပွဲမှာ သူပြောချင်တဲ့ ဟာကိုပဲ ဦးတည်ပြီးတော့ ဥပမာ လူဝင်မှုကြီးကြပ်ရေးပြဿနာ နဲ့ ယူကရိန်း-ရုရှား ကိစ္စကိုပဲ ဇောင်းပေးပြီး ပြောသွားတာ တွေ့ရတယ်လို့ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။ ဦးသန်းအောင်ကလည်း အလားတူ ရှုမြင်ပြီး ဒီအချက်က ထရမ့်ရဲ့ နည်းပရိယာယ် ဖြစ်တယ်လို့ ဆိုကာ သူဟာ မေးခွန်းတွေကို သူ ဖြေချင်တဲ့ ပုံစံကို ရောက်အောင် လှည့်ပတ်ပြောသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
"ဒေါ်နယ်ထရမ့်က မေးခွန်းမေးလိုက်တဲ့အခါမှာ သူက ဘာလုပ်လိုက်သလဲ ဆိုတော့ ငါ ဒီအချိန် ခဏပဲ ရတဲ့ အချိန်ကို ငါပြောချင်တာပဲ ပြောမယ်၊ မေးတာ ဘာပဲ မေးပါစေ၊ ငါ ဖြေချင်တာ ဖြေမယ်၊ ငါ ပြောချင်တဲ့ဟာ ပြောမယ် ဆိုတဲ့ ပုံစံမျိုး တွေ့ရတယ် ပေါ့။ ဥပမာ အားဖြင့် သူ့ကို မေးတယ်။ ရွေးကောက်ပွဲဟာ ဘယ်သူနိုင်နိုင် လက်ခံနိုင်မလား လို့ မေးတဲ့ မေးခွန်းကို ‘Yes’ or ‘No’ ဖြေရမှာကို သူက ဘာပြောသလဲဆိုတော့ ဂျိုးဘိုင်ဒန်က မကောင်းတဲ့အကြောင်းကို ဝေ့ပတ်ပြီးတော့မှ ဖြေတာတွေ့ရတယ်။ နောက်ဆုံးကျတော့မှ သူ့ကို ပိတ်ပြီးမေးတဲ့အခါကျတော့မှ ‘မျှတမယ် ဆိုရင် လက်ခံမယ်’ ဆိုပြီး ‘Yes’ or ‘No’ နဲ့ မဖြေဘူးဆိုတာကို တွေ့ရတယ်ပေါ့နော်။"
သမ္မတလောင်း နှစ်ဦးလုံးရဲ့ အချက်အလက် အခြေပြု ပြောဆိုချက်တွေမှာ အားနည်းချက်တွေ ရှိနေတာကို စကားစစ်ထိုးပွဲ အပြီး အမေရိကန် မီဒီယာတွေမှာ Fact Check ဆိုပြီး အမှန် အချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးထောက်ပြကြတာတွေ ရှိပါတယ်။ ဥပမာ သမ္မတဟောင်း ထရမ့်က သူ့လက်ထက်မှာ အမေရကန်စီးပွားရေးက သမိုင်းတလျှောက် အားအကောင်းဆုံး ဆိုပြီး ပြောတာမျိုးနဲ့ သမ္မတ ဘိုင်ဒန်က သူ့လက်ထက် ကမ္ဘာ တဝန်းက စစ်မြေပြင်တွေမှာ အမေရိကန် စစ်သားတွေ အသက်မဆုံးရှုံးရဘူးလို့ ပြောဆိုချက်မျိုးကို ထောက်ပြကြပါတယ်။
ဦးသန်းအောင် ကတော့ အခုလို ရှုမြင်ပါတယ်။
"ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဇဝေဇဝါ ဖြစ်စေတဲ့ အကြောင်းအရာတခုက ဘာလဲ ဆိုလို့ ရှိရင် သူက လူအများ သူ့နောက်လိုက်တဲ့သူ အများက အမှန်တရားကို လက်ခံဖို့ရန်အတွက် ခက်ခဲတဲ့ အရာကို တွေ့ရတယ်။ ကျွန်တော်တို့ သူ့ရဲ့ ရီပတ်ဘလစ်ကန်ရဲ့ မူဝါဒကို စီးပွားရေးအရ သဘောကျတယ် ဆိုပေမယ့် တဦးချင်းကျ ကျွန်တော်တို့ ပြဿနာ ရှိတာကို တွေ့ရတယ်ပေါ့။”
တဖက်မှာလည်း ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲရဲ့ သမ္မတလောင်းနှစ်ဦးလုံး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတတွေဖြစ်နေတာကိုလည်း ထောက်ပြနေကြတာပါ။ လက်ရှိမှာ ဒီမိုကရက်တစ် ဘိုင်ဒင်က ၈၁ နှစ်နဲ့ ရစ်ပတ်ဘလင်ကန် ထရမ့်က ၇၈ နှစ် ရှိနေပါပြီ။ အမေရိကန်မှာ နှစ်ပေါင်းများစွာ အခြေချနေတဲ့ ဦးသန်းအောင်ကတော့ အသက် ပြဿနာထက် အရည်အချင်းပိုင်းကို ပိုပြီးတော့ ထောက်ပြပါတယ်။
“ဒေါ်နယ်ထရမ့်က အမှန်အကန် ပြောတဲ့ အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒန်ကတော့ သူလိုချင်တဲ့ အရာကို ပြောတာလား။ သူများ ပြောခိုင်းလို့ ပြောတာလား ဆိုပြီးတော့မှ လူတွေရဲ့ ဝေဖန်မှုကို ကြားရတဲ့ အခါမှာ သူ့ရဲ့ အသက်ကြီးမှုကိုလည်း လူတွေက အများကြီး ဝေဖန်တယ်ပေါ့နော်။ အသက်ကြီးလို့ ပြောချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အသက်ကြီးတဲ့တွေ သူတွေထဲမှာလည်း ဒီ အမေရိကန်နိုင်ငံမှာ ရော်နယ်ရေဂင်တို့ ဆိုရင် ဘယ်လောက် အထိ အောက်မြင်တဲ့ စီးပွားရေး၊ နိုင်ငံရေးကို လုပ်ဆောင်နိုင်ခဲ့တယ် ပေါ့နော်။ အသက်ကြီးလို့တော့ အပြစ် အရမ်း ပြောလို့ မရဘူး။ ဒါပေမယ့် တဦးချင်းရဲ့ စွမ်းဆောင်ရည်ကိုပဲ ကျွန်တော်တို့ အဓိက ပြောရမယ်။”
SEE ALSO: ယူကရိန်းစစ်၊ အမေရိကန်ဒီမိုကရေစီအရေး ငြင်းခုံခဲ့တဲ့ စကားစစ်ထိုးပွဲအမေရိကန် ပြည်ထောင်စု အဆင့် စစ်တမ်းတွေမှာတော့ ဘိုင်ဒန်နဲ့ ထရမ့် နှစ်ယောက်စလုံးက အနိုင်၊ အရှုံး မပြတ်သေးဘဲ သိပ်အကွာကြီး မဟုတ်ဘူးလို့ ညွှန်ပြနေကြပါတယ်။ လက်ရှိ အမေရိကန် နိုင်ငံရေး အခင်းအကျင်းမှာ မဲဆန္ဒရှင်အများအပြားက နှစ်ယောက်လုံးကို အကြိုက် မတွေ့ကြဘူးလို့လည်း အမေရိကန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြတာပါ။
နယူးယောက်မှာ နေထိုင်တဲ့ မြန်မာ အမျိုးသမီးတဦးကတော့ သူတို့လို သာမန်ပြည်သူတွေကတော့ နှစ်ယောက်လုံးရဲ့ အခြေအနေကို ကြည့်ပြီး ကိုယ့်အခြေအနေ၊ ကိုယ့်ဘဝ စီးပွားလုပ်ငန်းနဲ့ သင့်တော်မယ့်သူကို လာမယ့် ၄ လ အတွင်း အချိန်အတိုင်း အတာ တခု စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပဲ လို့ ဗွီအိုအေကို ဖြေပါတယ်။
လေ့လာသူ အများအပြားကလည်း မကျေနပ်ချက်တချို့ ရှိနေလို့ အခု ပါတီကြီး နှစ်ခုထဲက သမ္မတလောင်း တဦးကို ရွေးမလား၊ တတိယ ကိုယ်စားလှယ် တယောက် ယောက်ကို ရွေးမလား လုံးဝ မဲသွားမပေးဘဲ နေမလား ဆုံးဖြတ်ကြရမယ်လို့ သုံးသပ်ထားကြပါတယ်။
ဒီလို စကားစစ်ထိုးပွဲတွေနဲ့ မဲဆွယ်စည်းရုံးပွဲတွေက အဲဒီလို ဝေခွဲမရဖြစ်နေကြသူတွေကို စည်းရုံးတာ ဖြစ်ပေမယ့် အမေရိကန် ရွေးကောက်ပွဲ တွေက နောက်ဆုံးအချိန်အထိ အနိုင်-အရှုံး သေချာ မပြောနိုင်လို့ နောက်ဆုံးမဲ အထိ စောင့်ကြည့်ရလေ့ရှိတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လာသူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
တဘက်မှာလည်း အမေရိကန် ရွေးကောက်ပွဲ ရလဒ်ရဲ့ မြန်မာ့အရေး အပေါ် သက်ရောက်နိုင်ခြေကိုတော့ အစိုးရနဲ့ လွှတ်တော် မူဝါဒတွေကို ခြုံကြည့်ရင် သိပ်အကွာကြီး မဟုတ်နိုင်ဘူးလို့ မြန်မာ အသိုင်းအဝန်းက ယူဆပါတယ်။ နယူးယောက်ပြည်နယ်မှာ နှစ်များစွာ နေထိုင်တဲ့ ဦးသန်းအောင်ကတော့ သူ့အတွေ့အကြုံအရ မြန်မာ့အရေး အတွက် ဆိုရင် ဒီမိုကရက်တစ်တွေက ပိုချဥ်းကပ်ရတာ လွယ်ပြီး ရီပတ်ဘလစ်ကန်တွေက နည်းနည်းပို ခက်ပေမယ့် သမ္မတ အဆင့် အနေအထားမှာတော့ သိပ်ကွာခြားမှာ မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။
“သမ္မတတယောက်အနေနဲ့ကျတော့ ဗမာပြည် အရေးက သူ သမ္မတတယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့ အတွက်ကြောင့်မို့ သမ္မတက ဘယ်တယောက်တက်တက် မူဝါဒက၊ ကူညီတဲ့ အပိုင်းကတော့ အရမ်း အပြောင်းအလဲ ရှိမယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ ဒီမိုကရက် သမ္မတကတော့ ပိုပြီး စိတ်ဝင်စားမယ်လို့ အကြမ်းဖျဥ်း ပြောလို့ရပါတယ်။”
Your browser doesn’t support HTML5
နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေကတော့ အမေရိကန်ရဲ့ မြန်မာ့မူဝါဒက သိပ်ပြီး ကြီးကြီးမားမား အလေးထားတာမျိုး မဟုတ်ပေမယ့် ပြီးခဲ့တဲ့ သမိုင်းကြောင်း တလျှောက် ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာ့အရေး ပြဌာန်းတဲ့ Burma Act လိုမျိုးကို ကနဦး အစပြုခဲ့တာက ဒီမိုကရက်တစ် သမ္မတ ဘီးလ်ကလင်တန် ဖြစ်သလို နောက်ထပ် ဒီမိုကရက် သမ္မတ ဖြစ်တဲ့ ဘားရတ်အိုဘားမား လက်ထက်မှာလည်း မြန်မာ ပြည် အထိ သွားခဲ့တာကို သူက ထောက်ပြပါတယ်။
“သို့သော်လည်းပဲ ဘယ်ပါတီက သမ္မတ တက်တက် ဗမာပြည်အရေးက သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်လာစရာလို့ ကျွန်တော် မထင်ဘူး။ ဒေသဆိုင်ရာ ပထဝီ နိုင်ငံရေး ကိုပဲ တွက်ပြီး လုပ်လိမ့်မယ်။ အဲဒီမှာတော့ အမေရိကန်က ဗမာပြည်နဲ့ ဆိုင်တဲ့ ပေါ်လစီကတော့ ဒီ အင်ဒို-ပစိဖိတ်ဆိုတဲ့ ကိစ္စပေါ့။ အဲ့ဒါကတော့ ထရမ့်လက်ထက်ကတည်းက စတာ။ ဘိုင်ဒန်ကလည်း အဲ့ဒါကို ဆက်လုပ်တယ်။ ”
သမ္မတလောင်း စကားစစ်ထိုးပွဲမှာတော့ နိုင်ငံတကာ ပြဿနာတွေ အကြောင်း ဆွေးနွေးငြင်းခုံကြရာမှာ ကမ္ဘာ့ထိပ်တန်း အရေး ဖြစ်နေတဲ့ ဂါဇာ စစ်ပွဲ ကိစ္စလိုမျိုးမှာတောင် သမ္မတဟောင်း ထရမ့်က တိကျ ပြတ်သားတဲ့ ဖြေရှင်းချက်မျိုး ချ မပြနိုင်သလို လက်ရှိသမ္မတ ဘိုင်ဒန်ကလည်း ရှင်းလင်းတဲ့ အမြင်မျိုး မပေးနိုင်ခဲ့ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး မူဝါဒထဲမှာ တောင်တရုတ်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော် ဗဟိုပြုပြီး အမေရိကန် အကျိုးစီးပွား ရှိတဲ့ အာရှ-ပစိဖိတ် ဒေသနဲ့ လွှမ်းခြုံ စဥ်စားရမှာ ဖြစ်လို့ နောက်တက်မယ့် အမေရိကန် သမ္မတ အနေနဲ့ မြန်မာ့အရေးကိုလည်း တစိတ် တဒေသ ထည့်သွင်း စဥ်းစားဖို့ မြန်မာ-အမေရိကန်တွေက မျှော်လင့်နေကြသလို ဆက်လက်တိုက်တွန်း နှိုးဆော် သွားမယ်လို့ ပြောကြပါတယ်။
Your browser doesn’t support HTML5