တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ရဲ့ ကမ်းဦး ရေတိမ်ပိုင်း ပင်လယ်ရေအောက်ကြမ်းပြင် ပိုင်နက်သတ်မှတ်ချက်ကို တရားဝင်အသိအမှတ် ပြုပေးဖို့ ကုလသမဂ္ဂကို စနေ့နေ့က တောင်းဆိုလိုက်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။
ဒီထဲမှာ သံယံဇာတ တူးဖော်ခွင့်လည်း ပါဝင်တယ် ဆိုပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ အများစုကို တရုတ်က သူပိုင်အဖြစ် တောင်းဆိုနေချိန်မှာ ဖိလစ်ပိုင်က ကမ်းဦးရေတိမ်ပိုင်း ကန့်သတ်ချက်များဆိုင်ရာ ကုလသမဂ္ဂကော်မရှင် (UNCLOS) ကို အခုလို တောင်းဆိုလိုက်တာပါ။
၁၅ နှစ် ကြာ သိပ္ပံနည်းကျ သုတေသနလေ့လာချက်တွေကို ကုလသမဂ္ဂဆီပေးပို့ခဲ့ပြီး ဖိလစ်ပိုင် အနောက်ပိုင်းက ပါလာဝမ်ပြည်နယ် ကမ်းလွန်က ပင်လယ်ရေအောက် နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။ ဒီ တောင်းဆိုချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ချက်ချင်း တုံ့ပြန်မှတ်ချက်ပြုတာ မရှိသေးပေမယ့် ဖိလစ်ပိုင်ရဲ့လုပ်ရပ်ကို ကန့်ကွက်သွားဖွယ်ရှိပါတယ်။
SEE ALSO: အငြင်းပွား ရေပိုင်နက်ထဲ တရုတ်အတားအဆီးတွေအတွက် ဖိလစ်ပိုင်ကန့်ကွက်
ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ်အရ အသိအမှတ်ပြုပေးဖို့ ဖိလစ်ပိုင်က တောင်းဆိုတဲ့အထဲမှာ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ် နိုင်ငံတွေကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက စပါတလီ (Spartly) ကျွန်းစု ကျွန်းငယ်တွေ၊ သန္တာကျောက်တန်းတွေ ပါဝင်ပါတယ်။
၁၉၈၂ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်အရ ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတနိုင်ငံဟာ ကမ်းဦးရေတိမ်ပိုင် အတွင်း သယံဇာတ ထုတ်ယူသုံးစွဲခွင့်ကို သီးသန့် လုပ်ပိုင်ခွင့်များရှိပြီး ရေမိုင် ၃၅၀ (၆၄၈ ကီလိုမီတာ)အထိ ကျယ်ဝန်းတဲ့ ပင်လယ်ကြမ်းပြင်အတွင်း ရှာဖွေ တူးဖော်မှုတွေ လုပ်နိုင်ပါတယ်။
ဒါပေမဲ့ ဖိလစ်ပိုင်ရဲ့ ပင်လယ်ရေအောက် ကြမ်းပြင် ကမ်းဦးရေတိမ်ပိုင်းက ဗီယက်နမ်နိုင်ငံအပါအဝင် တောင်တရုတ်ပင်လယ်ထဲက တခြား ကမ်းရိုးတန်းထိစပ်နေတဲ့ နိုင်ငံတွေနဲ့ ထပ်နေနိုင်တာပါ။ ဒီအတွက် ကုလသမဂ္ဂကော်မရှင် UNCLOS ကို ဗဟိုပြုပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲတွေကျင်းပဖို့ အဆင်သင့်ရှိကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။