တရုတ်နိုင်ငံဟာ ရခိုင်က သူ့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်ပွဲရပ်အောင် နှစ်ဘက်စလုံးကို ဖိအားနေချိန်မှာပဲ စီမံကိန်းတွေ လုံခြုံရေးအတွက် စစ်တပ်ကို စွန့်ခွာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီး အားကိုးမလား၊ အကျိုးအမြတ်တွေ ခွဲပေးမလား ဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတော့မယ်လို့ တရုတ်-မြန်မာ အရေး အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ သုတေသီ တဦးက ပြောလိုက်ပါတယ်။ လုံခြုံရေးအတွက် တရုတ်အနေနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်တာမျိုးလည်း လုပ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ တရုတ်ရဲ့ ဗျူဟာမြောက် စင်္ကြံလမ်းနဲ့ ရင်းနှီးမြုပ်နှံတွေရဲ့ လုံခြုံရေး ကို မြန်မာစစ်တပ်ကပဲ လက်ဝါးကြီးအုပ်ထားနိုင်တာမျိုး မရှိတော့တဲ့ လက်ရှိ မြေပြင် စစ်ရေးအခြေအနေမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါ (Jason Tower) ကို ကိုငြိမ်းချမ်းအေးက အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - တရုတ်အစိုးရက အရင်ကတည်းက မြန်မာစစ်တပ်ကို လက်နက်တွေ ထောက်ပံ့ခဲ့တယ်။ တချို့ ထောက်ပြတာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကိုလည်း ထောက်ပံ့တာတွေ ရှိနိုင်တယ်လို့ ပြောကြတယ်။ ဒီလို တရုတ်နိုင်ငံရဲ့ နှစ်ဘက်ကစားနေတာက မြန်မာ့ ပဋိပက္ခမှာ ဘယ်လို လွှမ်းမိုး ပုံဖော်နေလဲ ခင်ဗျာ။ အထူးသဖြင့် စီးပွားရေး အရ အရေးပါတဲ့ ရခိုင်မှာ ဆိုရင် ဘယ်လို သက်ရောက်နေလဲ။
Jason Tower - ရခိုင်က တရုတ်အတွက် ပထဝီအနေအထားအရ ဗဟာဗျူဟာမြောက် အလွန့်ကို အရေးကြီးပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်တွေကတည်းက တရုတ်နိုင်ငံ ယူနယ်ပြည်နယ်က မူဝါဒအကြံပေးတွေကြားမှာ “မလက္ကာ အကျပ်အတည်း” ဆိုပြီး ညွှန်းဆိုကြတဲ့ လုံခြုံရေး ပြဿနာ အတွက် ဖြေရှင်းချက် တစိတ်တပိုင်းက ‘ရခိုင်’ ဖြစ်နေတာပါ။ “မလက္ကာ အကျပ်အတည်း” ဆိုတာက တရုတ်ရဲ့ စွမ်းအင် ကဏ္ဍ လုံခြုံရေးက မလက္ကာ ရေလက်ကြား အပေါ် မှီခိုနေရတာကို ပြောတာပါ။ ဒါကို ဖြေရှင်းဖို့က မလက္ကာ ရေလက်ကြားကနေ တရုတ်ရဲ့ စွမ်းအင်တင်သွင်းမှု အများစု လုပ်နေရာကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာအထိ လမ်းပေါက်တဲ့ ပထဝီအနေအထားအရ ဗဟာဗျူဟာမြောက် စွမ်းအင် လမ်းကြောင်း စင်္ကြံ တခုကို လမ်းဖွင့်ဖို့ပါ။
ဒါက တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ စီမံကိန်း၊ ခါးပတ်လမ်း BRI စီမံကိန်းရော၊ နောက် မကြာခင်က စခဲ့တဲ့ တရုတ်ရဲ့ ကမ္ဘာလွှမ်းခြုံ လုံခြုံရေး ပဏာမ ခြေလှမ်းတွေရောရဲ့ အခြေခံ အကြောင်းတရားပါပဲ။ တရုတ် အတွက်က မြန်မာ လို့ ပြောလိုက်တာနဲ့ အိန္ဒိယ သမုဒ္ဒရာအထိ လမ်းပေါက်ပြီး “မလက္ကာ အကျပ်အတည်း” က စိန်ခေါ်ချက်တွေကို ဖြေရှင်းနိုင်ဖို့က အဓိက ပါ။
ပြီးတော့ ရခိုင်ကမ်းလွန်မှာက သဘာဝဓာတ်ငွေ့ ရင်းမြစ်တွေ အများကြီး ရှိနေတာပါ။ တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်း ပြည်နယ်တွေကို ပိုက်လိုင်းကတဆင့် ဆက်သွယ်တဲ့ ရေနံ ရင်းမြစ်ကလည်း ရခိုင် ရမ်းဗြဲကျွန်းကလာတာပါ။ ဒါက တရုတ်စီးပွားရေးအတွက် အရမ်းအရေးကြီးပါတယ်။ ရခိုင်က တရုတ်အတွက် အရင်းအနှီးကြီးပါတယ်။
ဒါကြောင့် တရုတ်က အင်အားကြီးမားလာနေတဲ့ အာရက္ခတပ်တော် (AA) နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားတာ နှစ်အတော်ကြာလာပါပြီ။ အေအေက တရုတ်-မြန်မာ နယ်စပ်မှာ အခြေတည်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်တုန်းက ရခိုင်ကို ပြန်ဝင်ဖို့ကိုလည်း အဲဒီကပဲ စခဲ့တာပါ။ အေအေက လူအင်အား အများကြီး စုဆောင်း နိုင်ခဲ့လို့ အခုဆိုရင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကိုတောင် တပ်သားအင်အားရော၊ စွမ်းဆောင်ရည်မှာပါ ယှဥ်လာနိုင်ပြီလို့ လူတွေက ပြောလာကြပါပြီ။ နယ်မြေ အများအပြားကိုလည်း အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ အေအေက ထိန်းချုပ်ထားနိုင်သလို စစ်တွေမြို့တော်နဲ့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှုမှာ အဓိကကျတဲ့ ကျောက်ဖြူမြို့တွေကိုပါ ဝိုင်းထားနိုင်ပါတယ်။ ဒါက မြန်မာစစ်တပ်အတွက် ကူရာမဲ့ ရှုံးဖို့ များလာတဲ့ အခြေအနေပါ။ ဒါက တရုတ် ကို စိုးရိမ်စေပါတယ်။
တခုက အာရက္ခတပ်တော် (AA) ဒါမှမဟုတ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရော၊ မြန်မာစစ်တပ်ကပါ တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ အာမခံကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြသလေ့ရှိတာပါ။ နှစ်ဘက်လုံးက ဘယ်သူမှ တရုတ်ရဲ့ လုံခြုံရေး အကျိုးစီးပွားကို မထိခိုက်ချင်ကြပါဘူး။ ဒါပေမယ့် တရုတ်ကတော့ ရန်လိုမှုတွေ ပိုတိုးလာမှာကို စိုးရိမ်ပါတယ်။ အထူးသဖြင့် ရခိုင်က မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ အတွက် စိုးရိမ်ပါတယ်။
တဖက်မှာလည်း နှစ်ဘက်စလုံးကနေ တိုက်ပွဲတွေကြာင့် တရုတ်ရဲ့ အနေအထားကို မထိခိုက်ဘူးဆိုပြီး အာမခံကြပါတယ်။ ရှေ့လျှောက် ဒီနှစ်အစောပိုင်းက ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်တပ်ကြား ဟိုင်ဂင်သဘောတူညီချက်ရယူပြီး ပဋိပက္ခတွေရပ်သွားအောင် တရုတ်က တွန်းအားပေးတာမျိုး ရခိုင်မှာလည်း လုပ်လာတာကို ပိုမြင်လာရပါမယ်။
SEE ALSO: အားနည်းတဲ့မြန်မာအစိုးရအဖြစ် တရုတ်မြင်ချင်ကြောင်း နိုင်ငံရေးအကဲခတ်သုံးသပ်ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့။ ကျောက်ဖြူက တရုတ်အတွက် မဟာဗျူဟာ အရရော၊ နောက် စီးပွားရေး အရေးပါတယ်လို့ ဂျေဆင်တာဝါ ပြောခဲ့ပါတယ်၊ ဒါက မြန်မာ စစ်တပ် အတွက်လည်း အလားတူ အရေးကြီးတယ်လို့ ထင်ပါတယ်။ ခုန ပြောသလိုပါပဲ ကျောက်ဖြူ အပါအဝင် တရုတ်ရဲ့ စီမံကိန်းတွေ နားမှာ ပဋိပက္ခတွေက ပြင်းထန်နေပါတယ်။ ဒီအခြေအနေမှာ တရုတ်က သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကာကွယ်ဖို့ ဘယ်လို သံတမန်ရေး လှုပ်ရှားလာမလဲဗျာ။ သိပ်မကြာသေးခင်တုန်းက ရှမ်းမြောက်မှာ ဖြစ်ခဲ့သလို တရုတ်က ကြားဝင်ပြီး စစ်တပ်နဲ့ အာရက္ခတပ်တော် ကြားမှာ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်မလား။
Jason Tower - တရုတ် ရင်းနှီးမြှပ်နှံမှုတွေ၊ အထူးသဖြင့် တရုတ်ပိုက်လိုင်း စီမံကိန်းလိုမျိုးတွေကို နောက်ထပ် ကြီးကြီးမားမား ခြိမ်းခြောက်မှုတွေ မဖြစ်အောင် ရခိုင်မှာ အခြေအနေ တည်ငြိမ်လာအောင် ညီနောင် မဟာမိတ်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား မတ်လကတည်းက ဆွေးနွေးပွဲတွေ လုပ်နေတာပါ။ ဒါပေမယ့် မြန်မာစစ်တပ်နဲ့ အေအေကြားမှာ တောင်းဆိုချက်တွေကို ကြီးကြီးမားမား လိုက်လျောပေးနိုင်တဲ့ အနေအထားတော့ ကျွန်တော် မမြင်ပါဘူး။
ဆိုလိုတာက အေအေ ဟာ စစ်မြေပြင်မှာ အောင်မြင်မှုတွေ ဆက်လက်ရနေပြီး စစ်တပ်ကလည်း နယ်မြေတွေကို လက်လွှတ် ဆုံးရှုံးနေရပါတယ်။ အဲဒီနယ်မြေတချို့ကို ဘယ်လိုပြန်ရနိုင်မလဲဆိုတာကို စစ်တပ်ဘက်က ပိုပြီး စဥ်းစားကြည့်လာရပါတယ်။ အဲ့ဒါမှာ စစ်တပ်က အဆုံးအရှုံးနည်းအောင် ဒါမှမဟုတ် အခိုင်အမာ ခြေကုပ် ပြန်ယူနိုင်အောင် လုပ်ဖို့ ကြိုးစားတာမျိုးထက် အထူးသဖြင့် စစ်တွေနဲ့ ကျောက်ဖြူလို မြို့ပြ ဒေသတွေမှာ အေအေ အခြေမတည်နိုင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ ဒီအချက်ကိုလည်း တရုတ်က နှစ်ဘက်စလုံးအပေါ် ဖိအားတွေ ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆိုရင် အာရက္ခတပ်တော်က ရခိုင်မှာ အုပ်ချုပ်ဖို့ ရည်မှန်းထားတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောနေတာပါ။ တပြိုင်တည်းမှာပဲ စစ်တပ်ဘက်ကလည်း သဘောတူညီချက် အရယူဖို့ ကြီးကြီးမားမား လိုက်လျောမှုတွေ လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါကြောင့် ဒီကိစ္စဟာ တရုတ်နိုင်ငံအတွက် ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်နေဆဲပဲလို့ ကျွန်တော်ထင်ပါတယ်။
သံတမန်ရေးမျက်နှာစာမှာ ကျရှုံးမှုတွေနဲ့ စိတ်ပျက်စရာ အခြေအနေ ဖြစ်နေလို့ ရန်လိုနေတဲ့ နှစ်ဘက်စလုံးကို ဖိအားတွေတိုးလာစေဖို့ တရုတ်နိုင်ငံက တခြားနည်းလမ်းတွေကို စပြီး ကြည့်လာပါပြီ။ မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်လာတာက ပဋိပက္ခတွေကို အရှိန်လျှော့ချဖို့ နှစ်ဘက်စလုံးကို တရုတ်က ပြင်းပြင်းထန်ထန်ကို အချက်ပေးတာပါ။ တချိန်တည်းမှာပဲ တရုတ်မူဝါဒရေးရာ အကြံပေးတချို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အဓိကကျတဲ့ China International Trust and Investment Corporation (CITIC) လို ကုမ္ပဏီတွေနဲ့ နီးစပ်သူတွေက တရုတ်မီဒီယာတွေနဲ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေပေါ်မှာ တရုတ် အစိုးရအနေနဲ့ ပိုပြီး အင်အားသုံးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဖိအားပေးနေကြပါတယ်။ ဥပမာ ပြောရရင် မြန်မာနိုင်ငံထဲက တရုတ် ပိုင်ဆိုင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး လုံခြုံစိတ်ချရအောင် ပုဂ္ဂလိကလုံခြုံရေးတပ်ဖွဲ့တွေ ချထားပေးဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပိုင်ဆိုင်မှုတချို့ လုံခြုံရေးမှာ တရုတ်က တိုက်ရိုက်နည်းလမ်းနဲ့ ပိုပြီးပါဝင်လာနိုင်တာကို လျှော့တွက်လို့ မရပါဘူး။
SEE ALSO: ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံးငြိမ်းချမ်းအေး (ဗွီအိုအေ) - ဒါဆို အာရက္ခတပ်တော်ဘက်ကရော တရုတ် စေ့စပ်ပေးတာကို ဘယ်လိုတုံ့ပြန်နိုင်လဲ၊ တရုတ်ရဲ့ စိုးရိမ်ချက်တွေကို သူတို့နားထောင်ပါ့မလား။
Jason Tower - တိုက်ပွဲတွေကြားမှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေနဲ့ တရုတ်နိုင်ငံသားတွေ မထိခိုက်စေရေး အာမခံဖို့ တရုတ်အစိုးရရဲ့ သတိပေးစကားတွေကို အာရက္ခတပ်တော်ဘက်က အတော်လေး အလေးထား တုံ့ပြန်လုပ်ဆောင်တာကို တွေ့ခဲ့ရပြီးပါပြီ။ ဒါကြောင့် တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒ ရှိကြောင်းနဲ့ တရုတ်ရဲ့ တခြား အခြေခံအဆောက်အအုံတွေနဲ့ ပိုက်လိုင်းစီမံကိန်း အတွက် အာမခံကြောင်း AA က ထုတ်ပြန် ခဲ့တာတွေ ရှိပါတယ်။ တခြား ညီနောင် မဟာမိတ်အဖွဲ့တွေကလည်း အလားတူ ထုတ်ပြန်ဖူးကြပါတယ်။
ဒါက အေအေအနေနဲ့ တရုတ်စီမံကိန်းတွေကို ရန်မပြုဘူးဆိုတာ သက်သက်မဟုတ်ပါဘူး။ အခြေခံသဘောအရ ဆိုရရင် အဓိက စိန်ခေါ်ချက် ဖြစ်နေတာက အဲဒီစီမံကိန်းတွေအားလုံးကို တရုတ်က ဗဟို အစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်နေတာပါ။ လောလောဆယ်မှာ တရုတ်က မြန်မာစစ်တပ်ကို နိုင်ငံတွင်း ဗဟိုအာဏာစက်အဖြစ် ဆက်ဆံနေပါသေးတယ်။ ဒါကြောင့်လည်း အာရက္ခတပ်တော်က တရုတ်စွမ်းအင်စီမံကိန်းတွေအတွက် လုံခြုံရေးကို ပိုတိုးပေးလာနိုင်ရင်၊ စီးပွား စင်္ကြံ လမ်းကြောင်းကို ပိုထိန်းချုပ်လာနိုင်မယ် ဆိုရင် … အခုကိုပဲ ရမ်းဗြဲကျွန်း တဖက်က တရုတ်ရဲ့ အခြေခံအဆောက်အအုံတွေ အများအပြားရှိတဲ့ ရမ်းဗြဲမြို့နယ်ကို အေအေ က ထိန်းချုပ်ထားနိုင်ပါတယ်။
ဆိုချင်တာက တရုတ်ရဲ့ ဗျူဟာမြောက် စင်္ကြံလမ်းနဲ့ ရင်းနှီးမြုပ်နှံတွေရဲ့ လုံခြုံရေး ကို မြန်မာစစ်တပ်ကပဲ လက်ဝါးကြီးအုပ်ထားနိုင်တာမျိုး မရှိတော့ပါဘူး။ တကယ်တမ်းမှာ အာရက္ခတပ်တော်ကသာ ဒီလုံခြုံရေးကို အများကြီး ပေးနေတာပါ။
ဒီတော့ အေအေ က ဒီ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ ပြောချင်တာက တဖက်မှာလည်း မြန်မာစစ်တပ်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပါအဝင် ဒီအကျိုးအမြတ်တွေကို လူထုကို အလွန်အန္တရာယ်ဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုနေတာ ဖြစ်လို့ တရုတ်နိုင်ငံအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေ လုံခြုံဖို့နဲ့ တဖြည်းဖြည်းနဲ့ အင်အားနည်းလာနေတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီး အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချရတော့မှာပါ။
ပြောချင်တာက အခုလောလောဆယ်မှာ ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းမြောက်မှာ စစ်တပ်ဟာ ဘယ်လိုမှ ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါကြောင့် တရုတ်ဟာ အတော့်ကို ခက်ခဲတဲ့ ရွေးချယ်ဆုံးဖြတ်တာတွေ စပြီး လုပ်ရပါလိမ့်မယ်။ စီမံကိန်းတွေ လုံခြုံရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပိုပြီး အားကိုးလာမလား။ စီမံကိန်းတွေထဲက အကျိုးကျေးဇူးတချို့ကို တိုင်းရင်းသားအဖွဲ့ တွေကို ခွဲဝေပေးမလား ဆိုတာတွေက အရေးကြီးလာမှာပါ။
SEE ALSO: ကျောက်ဖြူရေနက်စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုများအပေါ် NUG သဘောထားငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့ဗျာ၊ ဒီလို စဥ်းစားကြည့်ရအောင်ပါ။ AA က ကျောက်ဖြူ အပါအဝင် ရခိုင်ရဲ့ ဒေသအများစုကို ထိန်းချုပ်နိုင်သွားပြီ ဆိုရင် မြန်မာ စစ်ကောင်စီ အပေါ် တရုတ် ရဲ့ မူဝါဒက ဘယ်လို ဖြစ်သွားနိုင်လဲ။ သူတို့ရဲ့ မူဝါဒကို ပြန်စဥ်းစား သုံးသပ်တာမျိုး လုပ်လာနိုင်မလား။
Jason Tower - အခုလောလောဆယ်မှာတော့ တရုတ်က စစ်ကောင်စီကို အထောက်အကူ ဖြစ်စေမယ့် ခြေလှမ်းတချို့ကို လှမ်းဖို့ ကြိုးစားနေပါတယ်။ ဒါက အလုပ်မဖြစ်ဘူး ဆိုတာ ရှင်းနေပါတယ်။ အခြေခံကျကျ ပြောရရင်လည်း စစ်ကောင်စီက တရားဝင်မှု မရှိပါဘူး။ ရည်မှန်းထားတဲ့ အတိုင်း အကောင်အထည်ဖော်ဖို့က တရုတ်အနေနဲ့ အတော့်ကို ရုန်းကန်ရပါမယ်။ တချိန်ချိန်မှာ စစ်တပ်က ကုန်သွယ်ရေး စင်္ကြန်တွေ လက်လွှတ်လိုက်ရရင်၊ သဘာဝသယံဇာတ အရင်းအမြစ်တွေ ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးသွားရင် … ဥပမာ လက်ရှိမှာကိုပဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းတချို့ ရပ်နေရပါတယ်။ အဲဒီဒေသတွေမှာ စစ်တပ်က မထိန်းချုပ်နိုင်လို့ ပါ။ ဆိုတော့ ကုန်သွယ်ရေး လမ်းကြောင်းတွေရဲ့ လုံခြုံရေးကို မပေးနိုင်ရင် စစ်တပ်ရဲ့ အသုံးဝင်မှု တန်ဖိုးကို တရုတ်ဘက်က မေးခွန်းထုတ်တော့မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံထဲက ပိုက်လိုင်းသွယ်တန်းတဲ့ စီးပွားရေးစီမံကိန်းတွေ ရုတ်တရက် ပိတ်ပစ်လိုက်ရတာမျိုး ဒါမှမဟုတ် အကြီးအကျယ် ခြိမ်းခြောက်ခံရတာမျိုး ဖြစ်လာရင် တရုတ်ဘက်က စစ်တပ်ရဲ့ အသုံးဝင်မှု ဘာလဲ ဘယ်လဲ ဆိုတာ စပြီး မေးခွန်းထုတ်ဖို့ လိုအပ်လာပါမယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့ ရခိုင်က ပဋိပက္ခတွေနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို ကြည့်ရင် ရှေ့အလားအလာက ဘာတွေ ဖြစ်လာနိုင်မလဲဗျာ။
Jason Tower - ဒီနှစ်နှောင်းပိုင်းထဲမှာ အခြေအနေ တခုကို ရောက်လာနိုင်ပါတယ်။ ဆိုလိုတာက တိုက်ပွဲတွေ တိုးလာတာနဲ့အမျှ တရုတ်ဘက်ကလည်း ဖိအားတွေ ပိုပေးလာနိုင်တဲ့ အခြေအနေမျိုးမှာ ရခိုင်မှာ ဟိုင်ဂင် သဘောတူညီချက်လို တခုခု ရယူတာမျိုး ကြိုးစားတာ တွေ့ရနိုင်ပါတယ်၊ ဥပမာ ရန်လိုမှုတွေ ရပ်ပေးရင် အာရက္ခတပ်တော်ကို စစ်တွေ ဒါမှမဟုတ် ကျောက်ဖြူကို ထိန်းချုပ်ခွင့်ပေးတာမျိုးပါ။ ဒါက အေအေကို ရေတိုနဲ့ အလယ်အလတ် ကာလ အတိုင်းအတာနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု စွမ်းရည်ကို အခြေခိုင်မာအောင် လုပ်ခွင့်ရမှာ ဖြစ်သလို လူထု အတွက် စာနာမှု အကူအညီတွေပေးနိုင်ရေး လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ကာ တပြိုင်းတည်းမှာ ပိုက်လိုင်းစီမံကိန်းတလျှောက် နည်းနည်းပဲဖြစ်ဖြစ် တည်ငြိမ်မှုပေးစွမ်းနိုင်မှာပါ။
ဒါပေမယ့် ဒီလိုသဘောတူညီချက်မျိုးက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဆိုလိုတာက ဒါဟာ အလွန်တိုတောင်းတဲ့ ခေတ္တ ခဏ ယာယီ ရပ်တန့်မှုတခုပဲ ဖြစ်လာနိုင်မှာပါ။
ဒါပေမယ့် တဖက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့အတူ နှစ်ဘက်စလုံးက အသက်ရှုပေါက်ရဖို့ လုပ်လာနိုင်ပါတယ်။ တရုတ်ဘက်က သိသိသာသာ ဖိအားပေးလာရင် အခြေအနေတွေ နည်းနည်း တည်ငြိမ်လာအောင် စစ်ပွဲကို တနည်းနည်းနဲ့ ခေတ္တ ရပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။
Your browser doesn’t support HTML5