ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက် နေထိုင်တဲ့စခန်း မီးလောင်ခဲ့တဲ့အတွက် ယူရို ၃ သိန်း ကူညီပေးမယ်လို့ အီးယူ ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။ အဲဒီ မီးလောင်မှုကြောင့် လူပေါင်း ၅,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အခုပေးတဲ့ အကူအညီက လတ်တလော အရေးပေါ်လိုအပ်နေတဲ့နေရာတွေမှာ သုံးစွဲသွားဖို့ဖြစ်ကြောင်း၊ အထူးသဖြင့်တော့ နေထိုင်ဖို့၊ သောက်သုံးရေနဲ့ ပတ်ဝန်းကျင် ပြင်ဆင် တည်ဆောက်ရေးအတွက် သုံးစွဲမှာဖြစ်တယ်လို့ ဒါကာမြို့မှာရှိတဲ့ အီးယူ သံရုံးက ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ဒီအကူအညီတွေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က တခြား စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။