မြန်မာနိုင်ငံကနေ အသုတ်လိုက် ဆက်တိုက် ထွက်လာခဲကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ တချို့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံမှာပဲ နေထိုင်ကြပေမဲ့ တချို့ကတော့ လှေတွေနဲ့ အင်ဒိုနီးရှား နိုင်ငံကို ထွက်လာကြပါတယ်။ သူတို့ကို အရင်က ဒုက္ခသည်တွေ နေခဲ့ဖူးတဲ့နေရာတွေမှာပဲ ပြောင်းရွှေ့အခြေချဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေ စဉ်းစားနေပါတယ်။ Ahadian Utama ပေးပို့ထားတဲ့ သတင်းလွှာကို မဆုမွန်က တင်ပြပေးထားပါတယ်။
အင်ဒိုနီးရှား Riau ကျွန်းစုထဲက အဓိက Batam ကျွန်းကနေ ကီလိုမီတာ ၄၀ လောက်ဝေးတဲ့ ကျွန်းသေးသေးလေးဖြစ်တဲ့ Galang ကျွန်းမှာပါ။ အိမ်နီးချင်းစင်္ကာပူနဲ့ မိုင် ၅၀ ကျော် (၈၄ ကီလိုမီတာ) ဝေးပါတယ်။ ဒီကျွန်းမှာ တခါက ဗီယက်နမ်ဒုက္ခသည်တွေ နေသွားခဲ့ဖူးတဲ့ ဘားတိုက်ဟောင်းတွေ ကျန်နေပါတယ်။
ဂါလဲန်းကျွန်းသား ဒေသခံ Abunawas Tanawolo က အခုလို ပြောပြပါတယ်။
“အရင်က ဒီလို ဘားတိုက်တွေ ထောင်နဲ့ချီ ရှိခဲ့တာပါ။ အခုတော့ တခုပဲ ကျန်တော့တယ်။ တခြား အဆောက်အဦးတွေက သစ်သားတွေနဲ့ ဆောက်ထားတာဆိုတော့ ဖျက်ဆီးပစ်လိုက်ပြီလေ။”
အသက် ၅၀ အရွယ် Abunawas Tanawolo (အက်ဘူနာဝပ်စ် တန်နာဝိုလို) ဟာ အရင်က ဒုက္ခသည်စခန်းမှာ လုံခြုံရေးတာဝန်ယူခဲ့သူပါ။ ကလေးဘဝကတည်းက ဒီကျွန်းမှာ နေခဲ့သူပါ။ ဗီယက်နမ် ဒုက္ခသည် မိသားစုတစုနဲ့ သိပ်ကို ရင်းနှီးခဲ့ပြီး ဗီယက်နမ် ကလေးတွေနဲ့ ကစားခဲ့ဖူးတာတွေကို အမှတ်တရ ပြန်ပြောပြပါတယ်။
၁၉၇၉ ကနေ ၁၉၉၆ ခုနှစ်အထိ၊ ဒီ ကျွန်းဟာ ဗီယက်နမ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေခဲ့တာပါ။ အများစုက လှေတွေနဲ့ ရောက်လာတာပါ။ တခြား ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံသားတွေလည်း အလားတူပါပဲ။ ခန့်မှန်းခြေ ဒုက္ခသည် နှစ်သိန်းခွဲလောက်အတွက် ဒီ ကျွန်းက ယာယီတည်းခိုရာနေအိမ် ဖြစ်ခဲ့ပါတယ်။
အခုတော့ ပြိုပျက်နေတဲ့ အဆောက်အဦးတွေ၊ အရင်က ကြက်ခြေနီအသင်း ဆေးရုံဟောင်းနဲ့၊ ဗီယက်နမ် ကက်သလစ် ဘုရားကျောင်းဟောင်းတခုနဲ့ ပြောင်းရွှေ့ အခြေမချခင်ဆုံးသွားခဲ့တဲ့ ဗီယက်နမ်ဒုက္ခသည်တချို့ရဲ့ သင်္ချိုင်းဟောင်းတခု ရှိနေပါတယ်။ ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာကြည့်ကြတဲ့နေရာလည်း ဖြစ်လာပါတယ်။ အခုတော့ ဒီ ကျွန်းဟာ အသစ်ရောက်လာကြတဲ့ ဒုက္ခသည်တွေကြောင့် လက်ခံရေး လက်မခံရေး အခြေအတင် ငြင်းခုံနေရပါတယ်။
အင်ဒိုနီးရှားအာဏာပိုင်တွေကတော့ Galang ကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ စဉ်းစားနေပါတယ်။ ဒုက္ခသည်တွေက မြန်မာနိုင်ငံကနေ လှေနဲ့ထွက်ပြေးလာပြီး အနီးနားက အင်ဒိုနီးရှားကျွန်းစုတွေထဲက အနောက်ဖက်အစွန်ဆုံး အာချေးပြည်နယ်ထဲကို ရောက်လာကြတာပါ။ အာချေးပြည်နယ်မှာ သူတို့ ရောက်လာတာကို အပြင်းအထန် ကန့်ကွက်တာတွေလည်း ရင်ဆိုင်နေရပါတယ်။
Batam မြို့တော်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒုက္ခသည်တွေကို ရွှေ့ပြောင်းအခြေချရေး စဉ်းစားပေးနေတဲ့အကြောင်း Batam မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ Rudi Panjaita က အင်ဒိုနီးရှားစကားနဲ့ အခုလို ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ Batam မြို့တော် အစိုးရအဖွဲ့က ဗဟိုအစိုးရ အုပ်ချုပ်ရေးဌာနကို လွှဲအပ်မှာပါ။ ပြည်ပက ရောက်လာတဲ့ ဒုက္ခသည်အရေးကို ဗဟိုအစိုးရကပဲ ကိုင်တွယ်တာပါ။”
Galang ကျွန်းသား တချို့ကလည်း ဒုက္ခသည်တွေကို ရွှေ့ပြောင်း အခြေချလာမှာ စိုးရိမ်နေပါတယ်။ Galand ကျွန်းသူ Dewi Purwanti က အခုလို ပြောတာပါ။
“ဒုက္ခသည်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်တယ်ဆိုပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံဖို့ ဒေသခံတွေက ကန့်ကွက်နေပါတယ်။ အာချေးပြည်နယ်ထဲမှာကိုပဲ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရောက်လာတာကို သိပ်လက်မခံချင်ကြတော့ဘူးလေ။”
၁၉၉၀ ခုနှစ် နှောင်းပိုင်းတွေကတည်းက Galang ကျွန်းနဲ့ Batam ပတ်ပတ်လည်ကျွန်းတွေကို တံတားတွေနဲ့ ဆက်သွယ်ထားတာကိုလည်း တချို့ကထောက်ပြပြီး လုံခြုံရေးအရ စိုးရိမ်ရတယ်လို့ ပြောနေပါတယ်။
“ဒီကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံဖို့ နေရာအဖြစ် သုံးလာမယ်ဆိုရင် ကျွန်းပေါ်မှာ အာဏာပိုင်တွေအနေနဲ့ သူတို့ကို စောင့်ကြပ်ဖို့ ဆိုတာ သိပ်ကို ခက်ပါလိမ့်မယ်။” လို့ အရင်ဒုက္ခသည်စခန်းရဲ့ တာဝန်ခံဟောင်း Abunawas Tanawolo က အင်ဒိုနီးရှားစကားနဲ့ ပြောတာပါ။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ပိုင်း အာချဲပြည်နယ်ထဲကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ လောက် ရှိတယ်ဆိုပြီး ပြောဆိုထားကြောင်းပါ။