ဗြိတိန်နဲ့ ဥရောပနိုင်ငံတချို့မှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန်ဆောင်ဖို့အတွက် အင်္ဂလန်မှာရှိတဲ့ မြန်မာသံရုံးက ဇန်နဝါရီလ ၁၀ရက်နေ့စွဲနဲ့ အသိပေးထားပါတယ်။ ဒါဟာ အာရှနိုင်ငံတချို့မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်ကောက်ခံဖို့ သက်ဆိုင်ရာ သံရုံးတွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အသိပေးပြီးတဲ့နောက် အခုလို ထုတ်ပြန်လာခဲ့တာပါ။ လက်ရှိနိုင်ငံရေး ပြဿနာတွေကြောင့် ဝင်ငွေခွန်ဆောင်ရမဲ့ ကိစ္စအပေါ်မှာ သဘောထား ကွဲလွဲမှုတွေ အများအပြား ရှိနေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနရဲ့ အမိန့်ကြေညာချက်အတိုင်း ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန် စတဲ့ ဥရောပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ယူသွားမယ်လို့ လန်ဒန်မြို့ မြန်မာသံရုံးက ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဗြိတိန်နိုင်ငံမှာ ဝင်ငွေခွန် ဆောင်ထားပြီးပြီလို့ သတ်မှတ်လို့ရတဲ့ P60 လို့ခေါ်တဲ့ အထောက်အထား ပြနိုင်မယ်ဆိုရင်တော့ အခွန်နှစ်ကြိမ် မပေးရဆိုတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ထပ်ပေးဆောင်ဖို့ မလိုကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ အထောက်အထား မပြနိုင်သူတွေနဲ့ ကျန်တဲ့သူတွေကတော့ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်ကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကတော့ ဝင်ငွေခွန် ၂ရာခိုင်နှုန်းကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလို ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ခံတဲ့ကိစ္စကို စီမံဘဏ္ဍာဌာနနဲ့ နိုင်ငံခြားရေးဌာနက အဓိက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်ပရောက် MoU အလုပ်သမားတွေက သူတို့ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းကို မိသားစုဆီ လတိုင်း ပြန်လွှဲပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ အလုပ်သမားဌာနက ကြီးကြပ်၊ ဆောင်ရွက်နေကြောင်း မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
"တချို့ကလည်း တလချင်းလွှဲနေတာတွေ ရှိတယ်၊ တချို့ကလည်း သုံးလပေါင်းပြီးမှ လွှဲခွင့်ရှိတယ်ဆိုပြီးမှ ကျနော်တို့ပြောထားတာ ရှိပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ လွှဲခွင့်ပြုတဲ့ သူတို့အသိအမှတ်ပြုထားတဲ့ ငွေလွှဲပြောင်းရေးဆိုင်ရာ ဘဏ်တွေ၊ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် လွှဲလို့ရတယ်လို့ ကျနော်တို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့က ဒီဥစ္စာကို ညွှန်ကြားတယ်၊ ကြပ်မတ်တယ်၊ ဆောင်ရွက်တယ်။ သို့သော်လည်း ဘဏ္ဍာရေး၊ ငွေရေး ကြေးရေးကျလည်း အဲဒါတခုကလည်း ဘယ်လိုလမ်းကြောင်းနဲ့ လွှဲမလဲ၊ ဘယ်လိုမှ လက်ခံမလဲဆိုတာ ဒီမှာကျနော်တို့က ပေါင်းစပ်ပြီး လုပ်ရတာပေါ့နော်။"
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ ပျက်စီးနဲ့ ပျောက်ဆုံးတွေ အသစ်ပြန်လျှောက်တာမှာ ဝင်ငွေခွန် ၂ရာခိုင်နှုန်း ပေးဆောင်ပြီးပြီဆိုတဲ့ အထောက်အထားရှိမှာပဲ အသစ်ပြန်လုပ်ပေးမယ်လို့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက အသီးသီး ထုတ်ပြန်ထားကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယားနဲ့ ထိုင်းမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေက အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီကို အခွန်မဆောင်ကြဖို့ လူထုလှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ကိုရီးယားမြန်မာ ပူးတွဲလုပ်ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က ဗွီအိုအေကို အခုလို ပြောပါတယ်။
" သူတို့က အကျပ်ကိုင်တာ။ ဘယ်လိုလဲဆိုတော့ အခွန်ကို လာဆောင်ခိုင်းတဲ့အခါကြရင် ရိုးရိုးဆောင်ခိုင်းတာမဟုတ်ဘူး၊ ပတ်စ်ပို့ သက်တမ်းကုန်လို့ လာတိုးတဲ့အခါကြရင် ကိုယ်မပေးခဲ့တဲ့ လတွေ၊ နှစ်တွေအလိုက် ပေးရမယ်ဆိုတဲ့ သဘောလည်း ပါဝင်တာဖြစ်တဲ့အတွက် ဒီမှာရှိတဲ့သူတွေကတော့ ပတ်စ်ပို့သက်တမ်း အသေခံပြီးတော့ မတိုးဘဲနေချင်တဲ့သူတွေက ရှိတယ်။ ဒါပေမဲ့ ခက်တာက ပတ်စ်ပို့သက်တမ်း မရှိပြန်ရင်လည်း သူတို့ (အလုပ်သမား) ID ကတ်တွေ မတိုးရမှာဖြစ်တဲ့အတွက် တော်တော်လေး အကျပ်ရိုက်နေတယ်ဗျ၊ ကိုရီးယားမှာလည်းလေ။"
ပြည်ပရောက် မြန်မာတွေရဲ့ အလုပ်အမျိုးအစားအပေါ် မူတည်ပြီး ပျမ်းမျှရနိုင်တဲ့ လစာပမာဏကို မြန်မာသံရုံးဘက်က သတ်မှတ် ပေးထားပါတယ်။ အိုင်ယာလန်မှာရှိတဲ့ ကျွမ်းကျင်အဆင့်မြင့် မြန်မာအလုပ်သမားတယောက်ရဲ့ တလဝင်ငွေကို ယူရိုငွေ ၂,၂၀၀ သတ်မှတ်ထားပြီး၊ ရိုးရိုးကျွမ်းကျင် အလုပ်သမားကိုတော့ ၁,၁၀၀ သတ်မှတ်ထားပါတယ်။ ကျွမ်းကျင်အဆင့် မဟုတ်ရင်တော့ ယူရိုငွေ ၅၅၀ ဝင်ငွေရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို ပုံသေသတ်မှတ်ပြီး လတိုင်း ၂ရာခိုင်နှုန်း ဆောင်ရမယ်ဆိုရင် အလုပ်အပြောင်းအရွှေ့နဲ့ နေထိုင်မကောင်းချိန် ဝင်ငွေမရှိတဲ့ကာလမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။
Your browser doesn’t support HTML5