=== [[ ZAWGYI ]] ===
ရှေ့တန်းစစ်မျက်နှာရောက် သတင်းထောက်များ
ယူကရိန်း ရှေ့တန်း စစ်မျက်နှာတွေမှာ သတင်းထောက်တွေဟာ အန္တရာယ်ကြားကပဲ စစ်ပွဲသတင်းတွေကို ရယူပေးပို့နေရပါတယ်။ မနှစ်တုန်းက တနှစ်အတွင်း သတင်းယူရင်းနဲ့ သတင်းထောက်တွေ သေဆုံးထိခိုက် ဒဏ်ရာရတာ အများအပြားရှိခဲ့လို့ သတင်းမားတွေအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ အထောက်အကူပြု သင်တန်းတွေ ပေးဖို့ သတင်းမီဒီယာအရေး လှုပ်ရှားတဲ့ အဖွဲ့တွေက လှုံ့ဆော်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Heather Murdock က Kyiv ကိယက်ဗ် မြို့တော် ၊ Lviv နဲ့ Donbas ဒေသ ရှေ့တန်း စစ်မြေပြင် တွေကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
—
ပြီးခဲ့တဲ့ နှစ်ထဲမှာ စစ်ပွဲ သတင်းရယူဖို့ ကမ္ဘာတဝန်းက နိုင်ငံခြား သတင်းထောက် ထောင်နဲ့ချီဟာ ယူကရိန်းကို ရောက်လာခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံသား သတင်းထောက်တွေကလည်း ဒေသအခြေစိုက် သတင်းထောက်တွေ အဖြစ်ကနေ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲနယ်မြေထဲအထိသွားပြီး စစ်မြေပြင် သတင်းထောက်တွေအဖြစ် ချက်ချင်း ပြောင်းလဲကာ သတင်းတွေ ရယူ တင်ဆက်ခဲ့ကြပါတယ်။
သတင်းယူရင်းနဲ့ သတင်းထောက် တဒါဇင်ကျော် အသက်ဆုံးရှုံးခဲ့ရပြီး သတင်းထောက် အများအပြားလည်း ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာ ဒီလို စစ်ပွဲကြီးမျိုး မကြုံဖူးသေးဘူးလို့ ဝါရင့် သတင်းထောက်တွေက ဆိုကြပါတယ်။ လန်ဒန်အခြေစိုက် စစ်မြေပြင် သတင်းထောက်အသင်း ဓာတ်ပုံသတင်းထောက် ပေါလ်ကွန်ရွိုင်း Paul Conroy က သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Bakhmut နဲ့ Soledar ဘက်ကို ကျွန်တော် ရောက်ခဲ့တယ်၊ ရိုးရိုးသားသားပြောရရင် ကျွန်တော် အရင်က သတင်းယူဖူးတဲ့ ပြည်တွင်းစစ်ပွဲတွေ၊ သူပုန်တပ်နဲ့ စစ်တပ်တိုက်ပွဲ အဲဒါတွေနဲ့ ယှဉ်ကြည့်ရင် ဒါဟာ ကျွန်တော့်အတွက်တော့ ဒုတိယကမ္ဘာစစ်ပါပဲ။ ဒါက လုံးဝ စစ်ပွဲကြီး တပွဲဖြစ်နေတာပါ၊ အကြီးစား လက်နက် အမြောက်ကြီးတွေ သုံးပြီးကို တိုက်နေကြတာပါ။”
ဒီ စစ်ပွဲ ပဋိပက္ခကြောင့် အလွတ်တန်းသတင်းထောက် အများအပြားလည်း ယူကရိန်းကို ရောက်လာခဲ့ကြပါတယ်။ စိတ်အားထက်သန်တက်ကြွနေတဲ့ လူငယ် သတင်းထောက်တွေ အတွက် စစ်ပွဲဒေသမှာ သတင်းယူရတာက ချက်ချင်းဆိုသလို လူအသိအမှတ်ပြုခံရပြီး သူတို့အတွက် နာမည်ကောင်း တည်ဆောက် ရယူနိုင်ပါတယ်။ တဖက်မှာလည်း ဒါဟာ ကြိုတင်ပြင်ဆင်တာမျိုးမရှိရင် သူ့တို့ အသက်တွေကို ဆုံးရှုံးသွားစေနိုင်ပါတယ်။
စစ်မြေပြင် သတင်းထောက်အသင်း Frontline Club လို အဖွဲ့တွေ၊ အနောက်ယူကရိန်းက Lviv မီဒီယာလွတ်လပ်ခွင့်စင်တာ (Lviv Press Freedom Center)လို အဖွဲ့တွေနဲ့ တခြားမီဒီယာပံ့ပိုးကူညီရေး အဖွဲ့တွေဟာ ဒီလို အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
Lviv မီဒီယာလွတ်လပ်ခွင့်စင်တာက အမျိုးသမီး အိုလဂါ လက်နင်ချစ် Olga Letnianchyk က စစ်မြေပြင် သတင်းထောက်တွေ အတွက် သူတို့ အကူအညီပေးနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“သူတို့ကို အင်္ကျီတွေ၊ ကျည်ကာဦးထုပ် ခမောက်တွေ၊ ဆေးသေတ္တာတွေ ပေးနိုင်ပါတယ်။ သူတို့ကို လေ့ကျင့်မှု သင်တန်းတွေ ပေးပြီးလည်း စွမ်းဆောင်ရည်တွေ တည်ဆောက်ဖို့ ကူညီပေးပါတယ်။”
ကိယက်ဗ် မြို့တော်မှာပါ။ ဒီလူက တကယ် ထိခိုက်ဒဏ်ရာရတာ မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ ဒေသပတ်ဝန်းကျင်မှာ သတင်းယူရတဲ့ သတင်းထောက်တွေ အတွက် ပြင်ဆင် လေ့ကျင့်ပေးတဲ့ အခမဲ့ သင်တန်းမှာ သူပါဝင်နေတာပါ။ ဒီလို လေ့ကျင့်သင်ကြားပေးတာက လူ့အသက်တွေကို ကယ်တင်နိုင်တယ်လို့ ၂၀၁၂ တုန်းက ဆီးရီးယားမှာ သတင်းယူရင်းနဲ့ လူသေတဲ့ အထိ ဖြစ်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတခုကို ကြုံခဲ့ရပြီး အဲဒီကနေ လွတ်မြောက်ခဲ့ဖူးသူ ကွန်ရွိုင်းက ပြောပါတယ်။
“အဲ့တုန်းက ကိုယ့်ကိုယ်ကို သိလိုက်တယ်၊ ဗုံးထိပြီး လွင့်ထွက်သွားတယ်။ ဒဏ်ရာကို သွေးမလွန်အောင် ကိုယ့်ဘာသာ လုပ်ခဲ့ရတယ်။ ဆေးပညာ ဗဟုသုတရှိဖို့က အရေးကြုံလာချိန်မှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါက လူ့ အသက်ကို ကယ်နိုင်ပါတယ်။”
ဒါပေမယ့် သတင်းထောက်တွေ ဘယ်လောက်ပဲ ကောင်းကောင်းလေ့ကျင့် ပြင်ဆင် ထားထား၊ လက်တွေ့ မြေပြင်စစ်ပွဲအတွင်း သတင်းယူရာမှာတော့ ကြုံတွေ့လာရတဲ့ ဒဏ်ရာတွေ ဒါမှမဟုတ် သေဆုံးမှုတွေ အားလုံးကို တားဆီးဖို့ နည်းလမ်းမရှိပါဘူး။ ဒါကိုပဲ တချို့က ဒီလို သတင်းရယူတာက ထိုက်တန်တဲ့ စွန့်လွှတ် စွန့်စားမှုလို့ ခံယူထားကြပါတယ်။ အလွတ်တန်းသတင်းထောက် ဒီမာခီလ်ချင်ကို Dima Khilchelko ကတော့ သူ့အတွေ့အကြုံကို ခုလို ပြောပါတယ်။
“စစ်ပွဲမှာ အထူးသဖြင့် ဒီစစ်ပွဲမှာ တကယ် ဘေးကင်းလုံခြုံတဲ့ နည်းလမ်းမရှိဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီစစ်ပွဲက အင်မတန် ရက်စက် ကြမ်းကြုတ်လို့ပါ။ အသေအပျောက်တွေ ရှိတယ်၊ အရပ်သားတွေနဲ့ လူနေအိမ်တွေ ဒုံးကျည်တွေနဲ့ ပစ်ခံရတယ်။”
တခြား ယူကရိန်း သတင်းသမားတွေလိုပါပဲ ခီလ်ချင်ကို Khilchelko ဟာ သူ့ရဲ့အလုပ်ကို စစ်ပွဲမှာ တတပ်တအား ပါဝင်စိုက်ထုက် ကူညီမှုလို့ သူ ယူဆထားပါတယ်။ ပုံမှန် အခြေအနေမှာဆိုရင်တော့ သတင်းစာပညာရဲ့ အလုပ်က ပဋိပက္ခတွေထဲမှာ ကြားကနေပြီး သတင်းအချက်အလက်တွေကို တင်ပြပေးဖို့ပါပဲ။ ဒါပေမယ့် ယူကရိန်းနိုင်ငံထဲမှာ အရပ်သားတွေ နင်းခံနေရတဲ့ စစ်ပွဲ ဒုက္ခတွေကို ပြင်ပကမ္ဘာကို အသိပေးတင်ပြနိုင်ဖို့က သူတို့ “တိုင်းပြည် ရှင်သန်ရပ်တည်ရေး” အတွက် အရေးကြီးတဲ့ အလုပ်အဖြစ် ခီလ်ချင်ကို Khilchelko က ယုံကြည်မှတ်ယူထားပါတယ်။
Your browser doesn’t support HTML5
=== {{ UNICODE }} ===
—