=== [[ ZAWGYI ]] ===
အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေထဲက ရေလမ်းခရီးမှာ သေဆုံးသူတချို့ရှိ
အင်ဒိုနီးရှား မြောက်ဘက်စွန်းက အာချေးပြည်နယ်ကို ကြာသပတေနေ့က ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေဟာ လမ်းခရီးမှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ဆိုပါတယ်။
မိဘတွေနဲ့အတူ လှေပေါ် ပါလာတဲ့ အသက် ၅၀ အရွယ် ရှိုရစ်ဖ်အူဒင်ရဲ့ ပြန်လည် ပြောပြချက်အရ အစာရေစာပြတ်လို့ ပင်လယ်ပြင်မှာ လူ ၂ ယောက်၊ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဆာလောင်မွတ်သိပ်ပြီး အားအင်ကုန်ခမ်းနေတဲ့ ရိုဟင်ဂျာ ၇၁ ဦးကို တင်ဆောင်လာတဲ့ လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ လှေပေါ်မှာ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး အယောက် ၂၀ ပါရှိပြီး၊ ဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်လည်း မရှိ၊ အဆင့်မြင့် ပညာရပ်တွေ သင်ကြားဖို့ကလည်း မဖြစ်နိုင် ဖြစ်လို့ အဲဒီ အခြေအနေကနေ လွတ်မြောက်အောင် ထွက်ပြေးလာတယ်လို့ လှေစီးဒုက္ခသည်တွေက ပြောပါတယ်။
လှေနဲ့ လိုက်ခွင့်ရဖို့အတွက် အခြား လှေစီးဒုက္ခသည်တွေ နည်းတူ သူ့ရဲ့ မိဘတွေကလည်း ပိုက်ဆံ ပေးခဲ့ရတယ်လို့ ရှိုရစ်ဖ်အူဒင်က ပြောပါတယ်။ ဒါပေမဲ့ သူတို့လှေဟာ အိန္ဒိယနိုင်ငံကို ဖြတ်နေတုန်း လှေမောင်းသူ မာလိန်မှူးက လှေကို စွန့်ပြီး ထွက်ပြေးသွားတယ်လို့ အူဒင်က ပြောပါတယ်။ သူတို့လှေ ကမ်းဆိုက်ခဲ့တဲ့ ရွာရဲ့ ရွာသူကြီး ပြောဆိုချက်အရတော့ စက်တပ်လှေရဲ့ အခြေအနေက ကောင်းမွန်ပြီး အင်ဂျင်လည်း အလုပ် လုပ်နေသေးတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ထွက်လာကြတဲ့ ဒုက္ခသည် အများစုဟာ မွတ်ဆလင် အများစုနေထိုင်ရာ မလေးရှားကို ဦးတည် ထွက်ပြေးလာကြတာ ဖြစ်ပေမယ့် အများစုဟာ လမ်းခုလပ် အင်ဒိုနီးရှားမှာပဲ သောင်တင်လေ့ရှိပါတယ်။ မနှစ်ကလည်း အာချေးမှာ ရိုဟင်ဂျာ ၅၀၀ ကျော် ဆိုက်ရောက်လာခဲ့ပါသေးတယ်။ ဒီနှစ် ဇန်နဝါရီလ အစောပိုင်းတုန်းကလည်း အာချေး ဘီဆာခရိုင်ရှိ ကွာလာဂီဂီယန်ကမ်းခြေကို ရိုဟင်ဂျာ ၁၈၄ ဦးပါ လှေတစင်း ကမ်းဆိုက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် အဲဒီမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ၇၀၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
Your browser doesn’t support HTML5
=== {{ UNICODE }} ===