ရုရှားနဲ့ပေါင်းပြီး အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ ပြင်ဆင်နေ (စစ်ကောင်စီပြောခွင့်ရ) 

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် လက်ဆွဲနှုတ်ဆက် (ဖေဖော်ဝါရီ ၆၊ ၂၀၂၃)

စစ်ကောင်စီနဲ့ ရုရှာပူးပေါင်းပြီး အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့အတွက် နိုင်ငံရဲ့နေရာ တော်တော်များများမှာ ဖြစ်နိုင်ခြေ အလားအလာတွေဆန်းစစ်ဖို့ ပြင်ဆင်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးသုံးသပ်သူကတော့ နျူကလီယား လက်နက်ပိုင်ဆိုင်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်လိုက်ပါတယ်။ မမေခ ကပြောပြပေးမှာပါ၊

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့လည်း သဘောတူထားပါတယ်။ ဒီလိုတည်ဆောက်ဖို့နဲ့ပတ်သက်လို့ သင့်တော်တဲ့ နေရာရဖို့ နိုင်ငံရဲ့ နေရာတော်တော်များများမှာ လေ့လာဆန်းစစ်တာတွေလုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဘယ်နေရာတွေမှာ စစ်ဆေးမှုလုပ်မလဲဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

"ရွေးချယ်မယ့်နေရာမရှိသေးပါဘူး။ ဒါတွေလုပ်ဆောင်ဖို့အတွက်က ကျနော်တို့အနေနဲ့ ဆက်ပြီးသုတေသနပြုရ မှာဖြစ်ပါတယ်။ ပြီးရင်လက်တွေ့မြေပြင်ကွင်းဆင်း လေ့လာမှုတွေလုပ်ဆောင်ပြီးမှ အချိန်ယူလုပ်ဆောင်တာ၊ နေရာ တော်တော်များများမှာလုပ်ဆောင်မှာတွေရှိတယ်။ အဲလိုပြီးမှ အကောင်းဆုံးအခြေအနေနဲ့လက်တွေ့အကျဆုံးအခြေအနေ ပြီးရင်ဘေးအန္တရာယ် အကင်းဆုံး အမြင့်မားဆုံးအခြေအနေရှိတဲ့ နေရာတွေမှာဘဲကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အယ်လက်စီ လီခါချော့ဗ်) တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဘာတွေဆောင်ရွက်မလဲ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ချပြဖို့ နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာန ဖွင့်လှစ်တာ ဖြစ်ပေမဲ့လို့ အသေးစိတ်အစီအစဉ်ကိုတော့ ပြောဆိုဖို့မရှိသလို ထုတ်ပြန်မှာလည်းမဟုတ်ဘူးလို့ပြောပါတယ်။

အရင်က နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုမှာလို့လည်း စစ်ကောင်စီက ပြောဆိုထားပြီးခုတကြိမ်မှာတော့ စိုက်ပျိုးရေးမှာပါသုံးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

" ၂ နိုင်ငံလုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးကိုလက်မှတ်ထိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ၂ နိုင်ငံလုံး ရ ည်ရွယ်ချက်က ငြိမ်းချမ်းစွာအသုံးပြုရေးကို လုပ်မှာဖြစ်တယ်။ အဓိက ကျနော်တို့အသုံးပြုမယ့်နယ်ပယ်ဟာ လျှပ်စစ်စွမ်းအားနဲ့ပတ်သတ်တဲ့ နယ်ပယ်မှာ သုံးသွားမယ်။ ပြီးတော့စက်မှုစီးပွားနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာ နျူကလီးယားကိုအသုံးပြုပြီး နျူကလီးယားဓါတ်ရောင်ခြည်နဲ့ ဆောင်ရွက်တဲ့ နည်းပညာတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

စစ်ကောင်စီကတော့ နျူကလီးယား အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှတော့ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ်ပြီး (IAEA) နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ရဲ့ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည် ဖော်မယ်လို့ ပြောသလို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်နဲ့ပြင်ပ ပညာရှင်တွေကိုခေါ်ယူကြီး လေ့လာဆန်းစစ်တာတွေ သေချာမှ အကောင်အထည်ဖေါ်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နျူကလီယား လက်နက် ပိုင်ဆိုင်နိုင်ဖို့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ နျူးကလီးယားအိပ်မက်အပေါ်အခုလိုဝေဖန် ပြောဆိုလိုက်ပါတယ်။

"နျူးကလီးယားနဲ့ပတ်သက်လို့ပြောဆိုနေတဲ့ကိစ္စတွေကို ကျနော်တို့ကတော့အရူးအိပ်မက်မက်တယ်ဘဲ သဘောထားပါတယ်ဗျ။ ရုရှားကသူ့ပစ္စည်းတွေပေးတယ်လေယာဉ်တွေပေးတယ်ဆိုတာ အလကားပေးတာ မဟုတ်ပါဘူးပိုက်ဆံပေးမှရတာပါ။ အခုကဘက်အသီးသီးကအဆုံးအရှုံးတွေရင်ဆိုင်နေရတဲ့စစ်တပ်ကို အားရှိအောင်တွန်းတင်ပေးဖို့အတွက်ဟန်ပြ လုပ်ဆောင်ပြောဆိုနေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။

LDC ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီအနေနဲ့ မှတ်ချက်ပေးရန်ရှိမရှိ ဗွီအိုအေကမေးမြန်းထားဆဲ ဖြစ်ပါတယ်။

[Unicode]










