===== [[ ZAWGYI ]] =====
ရုရှား-မြန်မာ ဆက်ဆံရေးအပေါ် အကဲခတ်တချို့အမြင်
ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Maxim Reshetnikov နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ စာချုပ် ၇ ခုကို လက်မှတ်ရေးထိုး ခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး လေ့လာသူတချို့ကတော့ ရုရှားနဲ့ မြန်မာစစ်တပ်တို့ဟာ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ တိုးလာချိန်မှာ နိုင်ငံရေးလိုအပ်ချက်အရ နီးကပ်တဲ့ဆက်ဆံရေးကို အပြန်အလှန် ထူထောင်နေကြတယ်လို့ မြင်ပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ နိုင်ငံရေး လေ့လာသူတချို့ရဲ့ အမြင်ကို မသိဂီင်္ထိုက်က ပြောပြမှာပါ။
မြန်မာ စစ်ကောင်စီဟာ လက်နက်နဲ့ လောင်စာဆီအတွက် ရုရှားကို မှီခိုလာရသလို တဖက်မှာလည်း ရုရှားက ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာရဲ့ ဆန့်ကျင်မှုကို ခံနေရပြီး သူနဲ့မဟာမိတ်အဖြစ် ပူးပေါင်းနိုင်မယ့် နိုင်ငံတွေကို လိုအပ်လာချိန် ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် သူ့နိုင်ငံရေး လမ်းပြမြေပုံကို ထောက်ခံမယ့် အင်အားကြီးနိုင်ငံတွေကို လက်တလော လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာ နီးကပ်လာမှုက အပြန်အလှန် လိုအပ်ချက်အရ ပူးပေါင်းမှုတခုလို့မြင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဗွီအိုအေကို ပြောပါတယ်။
" အဲလို သူတို့က နိုင်ငံတကာက ပိတ်ဆို့တဲ့ဟာမှာ သူတို့ဘာကြောင့်ပိတ်တယ်၊ အဲဒီပိတ်ဆို့မှုကို ပြေလွတ်အောင်၊ ဖြေရှင်းအောင် ပြင်ဆင်ပြုပြင်တာထက် ဒီလို ပိတ်ဆို့တဲ့ဟာကို ဘယ်လိုမျိုး ကျော်လွှားလို့ရမလဲဆိုတဲ့ အဖြေမျိုးကို ရှာလေ့ရှာထရှိတယ်။ အဲလို ရှာလေ့ရှာထရှိတဲ့ ဟာထဲမှာ အဖြေတခုက ရုရှားပါတယ်၊ အဲလိုပဲ တရုတ်ပါလာလိမ့်မယ် တချိန်ကျရင်။ အဲဒါက ၁၉၈၈ နောက်ပိုင်း အထူးသဖြင့် ၁၉၉၆ပေါ့ ၉၄-၉၆ ကစပြီးတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့အချိန်မှာ အဲပုံစံအတိုင်းပဲ သူတို့ပူးပေါင်းတယ်၊ ချိတ်ဆက်တယ်၊ အရေးယူမှုတွေ ကျော်လွှားနိုင်အောင် သူတို့ကြိုးစားခဲ့ဖူးတယ်။ ဆိုတော့ အဲဒီပုံစံအတိုင်း ပြန်လုပ်တယ်လို့ ပြောလို့ရတယ်။"
ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး Mr Maxim Reshetnikov နဲ့တွေ့ဆုံတာမှာ ပြည်တွင်းက သံ၊ သံမဏိထုတ်လုပ်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးတော့ လေကြောင်းခရီးစဉ်နဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆေးဝါး လုပ်ငန်းတွေမှာလည်း ပူးပေါင်းကြဖို့ ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက်ကလည်း စစ်ကောင်စီနဲ့ ရုရှား စစ်ဦးစီးချုပ်ရုံး အကြီးအကဲဖြစ်တဲ့ Kim Alexey Eostislavovich တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါအဝင် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာတွေမှာ နှစ်နိုင်ငံ ပူးပေါင်း၊ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ရုရှားကနေ စစ်ရဟတ်ယာဉ်တွေ ဝယ်ယူထားသလို နူကလီးယားစွမ်းအင်အတွက် ရုရှားဆီက အကူအညီတွေ တောင်းခံထားတာပါ။ ရပ်ဆိုင်းထားခဲ့တဲ့ ပင်းပက်သံမဏိ စက်ရုံကိုလည်း ရုရှားအကူအညီနဲ့ ၂၀၂၁ခုနှစ်ထဲမှာ ပြန်ဖွင့်ခဲ့ပါတယ်။
နိုင်ငံရေးမတည်ငြိမ်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေချိန်မှာ အခုလို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ဆိုရင်တော့ ခက်ခဲလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်သူ တယောက်က ဗွီအိုအေကို ပြောပါတယ်။ မြို့ပေါ်မှာတောင် နိုင်ငံရေးတည်ငြိမ်အောင် မထိန်းထားနိုင်တဲ့ အခြေအနေမှာ နယ်စွန်နယ်ဖျားတွေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လုပ်ရမယ့် စီးပွားရေး လုပ်ငန်းတွေအတွက် ပိုပြီးခက်ခဲနိုင်တယ်လို့ သူကပြောပါတယ်။
" စစ်တပ်ရဲ့ ဝါဒဖြန့်ချီတဲ့ propaganda တရပ်ပဲလို့ ကျနော်မြင်ပါတယ်။ သူတို့လုပ်နိုင်တယ်၊ သူတို့ အောင်မြင်နေတယ် ဆိုတဲ့ဟာမျိုး ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုဝါဒ ဖြန့်ချီမှုမျိုးကတော့ အများပြည်သူကိုပေးတဲ့ ဝါဒဖြန့်ချီမှုမျိုးထက် သူ့စစ်တပ်ထဲမှာ သူ့လူတွေကိုသူ ပြန်ပြီး လိမ်ညာနေရတဲ့၊ ဝါဒဖြန့်နေရတဲ့ လုပ်ရပ်လို့ပဲ ကျနော့အနေနဲ့ ရိုးရိုးရှင်းရှင်း မြင်ပါတယ်။"
ရုရှားနိုင်ငံလိုပဲ တရုတ်နဲ့ အိန္ဒိယကလည်း မြန်မာစစ်တပ်လိုအပ်နေတဲ့ စစ်လက်နက် အသုံးအဆောင်ပစ္စည်းတွေကို တဆင့်ခံဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ရောင်းချနေတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ နိုဝင်ဘာ ၂၂ရက်က အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တာကို ရန်ကုန်အိန္ဒိယသံရုံးက twitter ကနေ ဖော်ပြခဲ့တဲ့အတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခကြောင့် တချို့ ရင်းနှီးမြှုပ်နှံသူတွေက ချိန်ဆ၊ စောင့်ကြည့်နေချိန်မှာပဲ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားအစိုးရကတော့ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်အတွက် စစ်လက်နက် ပစ္စည်းတွေလိုအပ်နေသလို ဒီနိုင်ငံတွေ အတွက်လည်း သူတို့ရဲ့ တနိုင်ငံချင်းစီ အကျိုးစီးပွားအတွက် မြန်မာစစ်တပ်နဲ့ ဆက်ဆံနေဦးမယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ ဆောင်းပါးရှင်တွေက သုံးသပ်နေကြပါတယ်။
===== {{ UNICODE }} =====