၂ နှစ်နီးပါး အိမ်မပြန်နိုင်ကြသေးတဲ့ ပြည်တွင်းဒုက္ခသည်များ 

စစ်ရှောင်ဒုက္ခသည်များ (Photo: C J)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးနေရသူတွေဟာ သူတို့ရဲ့နေအိမ်ဆီ အမြန်ဆုံး ပြန်ချင်နေကြပါတယ်။ တိုက်ပွဲတွေ ရပ်နေတဲ့နေရာတွေမှာလည်း နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်စိတ်နဲ့ ဒေသခံတွေ အိမ်မပြန်နိုင်ကြဘူးဖြစ်နေကြပါတယ်။ ကရင်နီပြည်လို့ ဒေသခံတွေခေါ်တဲ့ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက စစ်ပြေးဒုက္ခသည်နဲ့ တွေရဲ့ ဒုက္ခနဲ့ စိုးရိမ်စစ်တွေအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံနေရာအနှံမှာ ဖြစ်နေသလို တိုက်ပွဲ ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် ဘေးလွတ်ရာ ပုန်းခိုနေကြရသူ သန်းနဲ့ချီ ရှိနေပါတယ်။ အဲဒီသူတွေဟာ သူတို့နေအိမ်တွေဆီ အမြန်ဆုံး ပြန်သွားချင်နေကြပါတယ်။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို ထွက်ပြေးခိုလှုံနေတာ ၂ နှစ်ကြာနေပြီဖြစ်တဲ့ သူတယောက်က သူ့အိမ်ကို ဘယ်လောက်ပြန်ချင်နေတယ်ဆိုတာ ပြောပြပါတယ်။ နေအိမ် ပြန်ဖို့လုပ်ရင်း လမ်းခုလတ်ကနေ ပြန်လှည့်လာရတာမျိုးလည်း ကြုံခဲ့ရပါတယ်။ အိမ်ပြန်ခွင့်မရတာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်လို့ အိမ်ရှိ၊ မရှိဆိုတာကိုလည်း သူ့အနေနဲ့ မသိရဘူးလို့ ပြောပါတယ်။

"အိမ် မပြန်နိုင်သေးဘူး။ အခု ဒီစစ်ရှောင်စခန်းမှာပဲ ရှိသေးတယ်။ အိမ်ပြန်မယ်လုပ်တုန်း လွိုင်ကော်ထိရောက်တော့ ဝင်လို့မရသေးဘူး ပြောတော့ အဲဒါပြန်လှည့်လာတာ။ ပြေးရင်းနဲ့ ဒီကို အသိတယောက်နဲ့ ရောက်လာပြီးတော့ သူများအိမ်မှာ နေရတယ်လေ။ စစ်ရှောင်တော့ ဘယ်ရှောင်ချင်တော့မလဲ။ အန်တီတို့ အိမ်ပြန်ချင်တာပေါ့။ ဒါပေမဲ့လည်း ပြန်လို့မှ မရသေးတာ။ အခုတောင်မှ ကြုံတဲ့လက်စနဲ့ နေ့စားအလုပ်လေးတွေပေါ့နော်၊ တရက်ဆိုလည်း တရက် ရသလောက် အန်တီတို့ အဲလိုမျိုး ရှာဖွေနေတာပေါ့။ တကယ်လို့ နီးနီးနားနား ပြန်လို့ရမယ် ဆိုလို့ရှိရင်တော့ ပြန်မှာပေါ့။ ပြန်လို့ မရသေးရင်လည်း ဒီလိုပဲ ထောက်ပံ့ကြေးနဲ့စားပြီး ဒီမှာပဲ ဆက်နေရမှာပေါ့။"

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ အစောပိုင်းထဲက စဖြစ်နေတဲ့ ဘောလခဲနဲ့ ဒီးမော့ဆိုမြို့နယ်တဝိုက်မှာ အခုနှစ် အစပိုင်းကတည်းက တိုက်ပွဲတွေ ထပ်ပြီးပြင်းထန်ခဲ့ပါတယ်။ အစောပိုင်းထဲက စစ်ဘေးရှောင်နေသူတွေအပြင် အခု လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ထပ်ပြီး ထွက်ပြေးရသူတွေလည်း ရှိပါတယ်။ အများစုက ရှမ်းပြည်တောင်ပိုင်းမှာ ခိုလှုံနေရတာပါ။ လက်နက်ကိုင် ပဋိပက္ခနဲ့ လက်နက်ကြီးဒဏ်တွေ ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာလည်း အခုချိန်ထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ နယ်မြေရှင်းလင်းရေးကြောင့် အိုးအိမ်စွန့် ထွက်ပြေးသူတွေအပြင် တချို့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာရင် ရွာတွေထဲ မနေရဲလို့ ဘေးလွတ်ရာ ထွက်ပြေးကြတာလည်း ရှိတယ်လို့ စစ်ဒဏ်သင့် ဒေသခံတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"စစ်ရှောင်စခန်းဘက်ကို အနီးစပ်ဆုံး ရောက်လာတယ်။ ဝင်တော့ ဝင်မသွားပါဘူး။ ဒီတခါဆိုရင် စစ်ကြောင်းထိုးတာက စစ်ရှောင်တွေက တောတွေထဲမှာ၊ လမ်းဘေးတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ အဲလိုမျိုး နေရာတွေမှာ မနေရဲတော့ဘဲ အနည်းဆုံး ၄၊ ၅၊ ၆ ထောင်လောက်က ပြေးရတယ်ပေါ့နော်။ အခုချိန်မှာ ဒီစစ်ကြောင်းတွေကတော့ လာလိုက်၊ ထွက်လိုက်ပေါ့နော်။"

စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံလိုက်ရလို့ ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အစားထိုး တဲအိမ်ပြန်ဆောက်ပေးနေတာ ရှိသလို၊ လတ်တလော စားသောက်ရေးအတွက် ဆန်၊ ဆီ၊ အိုး၊ ခွက် လှူဒါန်းပေးနေတာလည်း ရှိပါတယ်။ ဒုက္ခသည်အတော်လေး များနေသလို အကူအညီတွေလည်း အများကြီး လိုအပ်နေကြပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြသူပေါင်း ၁ ဒဿမ ၂ သန်း ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဖော်ပြထားပါတယ်။

[Unicode]







