သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၂ နှစ်ပြည့် ပြည်တွင်း ပြည်ပ လှုပ်ရှား တောင်းဆိုမှုများ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ၂နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ၂နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)

အာဏာသိမ်း ၂ နှစ်ပြည့် ဒီနေ့၊ မြန်မာနိုင်ငံ တလွှားမှာ လမ်းတွေရှင်း၊ ဆိုင်တွေ ပိတ်ပြီး အသံတိတ် သပိတ်ကို ဒီမိုကရေစီ လှုပ်ရှားမှု ထောက်ခံကြတဲ့ ပြည်သူတွေ က ဆင်နွှဲလိုက်ကြပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေရဲ့ ခေါ်သံအတိုင်း ပြည်သူတွေက သူတို့ရဲ့ ဆန္ဒ ကို ထုတ်ဖော်လိုက်ကြတာပါ။ လူမှု စာမျက်နှာပေါ်က ဓာတ်ပုံတွေမှာ လမ်းတွေရှင်းနေကြပြီး၊ မနက်ခင်း နှောင်းပိုင်းအထိ ရန်ကုန်၊ မန္တလေး နဲ့ မော်လမြိုင်တို့ မှာ အသွားအလာ မရှိသလောက်ပဲ လို့ အေအက်ဖ်ပီ သတင်း က ဆိုပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတဲ့ ရွှေတိဂုံစေတီမှာ ဘုရားဖူးသူတွေ မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတော့ လုံခြုံရေး ထူထပ်စွာချထားတာကို တွေ့ရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ က စပြီး “နိုင်ငံတော်တဝန်းလုံး အရေးပေါ် အခြေအနေ ကြေငြာထားသည့် ကာလ” ကို “နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း”၊ “နိုင်ငံတော် ၏ တာဝန်အရပ်ရပ် ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ထပ်မံ အပ်နှံကြောင်း” မနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်း က အာဏာသိမ်းထားခဲ့တဲ့ စစ်ကောင်စီ ကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူ၊ နိုင်ငံအများစုက ကျဉ်ထားခဲ့ကြပြီး၊ အာဆီယံကတောင် စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့်ပိတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က အကြမ်းဖက်နေတာတွေကို ရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ နဲ့ အာဆီယံတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်ပတ်သက်သူတွေ အားလုံးတွေ့ဆုံညှိုနှိုင်း အဖြေရှာဖို့ တိုက်တွန်းပေမဲ့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံ လာခွင့်မပေးခဲ့သလို၊ အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြည်သူ အများစု က မဲပေးခဲ့ကြတဲ့အတွက် ရွေးကောက်တင်မြှောက်ခံ အမတ်နေရာ ရဲ့ ၈၀ ရာနှုန်းကျော် ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရရှိခဲ့တာ ဖြစ်ပါတယ်။ ခုလို အနိုင်ရရှိသွားတာ ကို စစ်တပ် က မဲမသမာမှုတွေရှိတယ် လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာပါ။ ရွေးကောက်ပွဲ ဥပဒေအရ၊ မသမာမှု ရှိတယ်လို့ ယူဆတဲ့ မဲဆန္ဒနယ်မြေတွေ မှာ ရှုံးသွားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီတွေနဲ့ အခြားပါတီတွေက တိုင်ကြားနိုင်ပေမယ့် စစ်တပ်က လက်နက်အားကိုး အာဏာသိမ်းခဲ့တာ ဖြစ်သလို၊ အဲဒီနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြသူတွေကိုလည်း ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အခြား အင်န်အယ်ဒီ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ကောင်စီကို သပိတ်မှောက်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုအမျိုးမျိုးနဲ့ စွဲပြီး စုစုပေါင်း နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ်ချမှတ်လိုက်တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG