မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးအတွက် လက်ရှိအစိုးရရဲ့ကြိုးစားအားထုတ်မှုနဲ့ အာရုံစိုက်မှုတွေမှာ လိုအပ်ချက်တွေရှိနေသေးတဲ့အကြောင်း ပြည်သူ့လွှတ်တော်ရင်းနှီးမြုပ်နှံမှုနဲ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က VOA ကို ပြောပါတယ်။ မြန်မာ့စီးပွားရေးမှာ ရေရှည်ဦးမော့စေရေးအဓိကအချက်တခုလို့ ရှု့မြင်ကြတဲ့ FDI နိုင်ငံရပ်ခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေတိုးတက်လာခြင်းမရှိသေးတဲ့ အကြောင်းအရင်းတွေကိုလည်း ဒေါ်သက်သက်ခိုင်ကရှင်းပြထားပါတယ်။ ဝါရှင်တန်မြို့တော် VOA အမေရိကန်အသံမြန်မာဌါနကို အလည်အပတ်ရောက်လာခဲ့တဲ့ဒေါ်သက်သက်ခိုင်ကို မြန်မာစီးပွားရေးလုပ်ငန်းကဏ္ဍအခြေခံလိုအပ်မှု အနေအထားနဲ့ လွှတ်တော်တွင်းဥပဒေပြဌာန်းထိန်းညှိ ဆောင်ရွက်ရတဲ့အခြေအနေမှာတွေ့ကြုံရတဲ့ အခက်အခဲတွေအကြောင်း၊ သူ့ရဲ့ကိုယ်ပိုင်နိုင်ငံရေးရှေ့ဆက်အလာအလာတွေအကြောင်း ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ဒေါ်သက်သက်ခိုင် ကျေးဇူးတင်ပါတယ်ခင်ဗျ။ အခုလို Washington DC ကို ရောက်တုန်းမှာ VOA ကို လာပြီးတော့မေးမြန်းခွင့်ပေးတဲ့အတွက်။ ဒေါ်သက်သက်ခိုင်က ပြည်သူ့လွှတ်တော်ထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့သက်ဆိုင်တဲ့ကော်မတီတခုနဲ့အတူလုပ်နေတယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ နောက် စီးပွားရေးကိစ္စ အဲဒါတွေပဲ အရင်မေးချင်တယ်ခင်ဗျ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ရှိရင် အထူးသဖြင့်နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု FDI ဆိုတာတော်တော်လေးအရေးကြီးတယ်လို့ အစိုးရအနေနဲ့လည်းသတ်မှတ်ထားတယ်။ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီလို အစိုးရအနေနဲ့ တော်တော်လေးကိုမျှော်လင့် ထားတဲ့ကြားထဲကနေ ၂၀၁၇၊ ၂၀၁၈ တွေမှာတော်တော်ကျတယ်။ ၂၀၁၉ အလားအလာရော ဒီ ကြားဖြတ်အခြေအနေကဘယ်လိုရှိလဲခင်ဗျ။
ဒေါ်သက်သက်ခိုင်။ ။၂၀၁၉ မှာလည်းကျနေပါတယ်ရှင့်။ ဘာကြောင့်ပြောလဲဆိုလို့ရှိရင် ဒီ World Bank ရဲ့ မြန်မာ Economics Monitor (စီးပွါးရေးစစ်တမ်း) ပေါ့နေုာ်၊ ပြီးခဲ့တဲ့လကပဲ Launch လုပ်ပါတယ်။ Launch လုပ်တယ် သူက ၆ လတခါပေါ့နော်။ တနှစ်ကိုနှစ်ခါဆိုတော့ ကျနေပါတယ်ရှင့်။ နောက်တခုက FDI ရဲ့ Commitment နိုင်ငံတကာရင်နှီးမြှုပ်နှံမှုကလာတဲ့ပမာဏလို့ပြောရင် နံပတ် ၁ ကဘာလဲဆိုလို့ရှိရင် စာချုပ်ပေါ်မှာပြောထားတဲ့ (ဒီစာရွက်ပေါ်မှာပြောထားတဲ့) ပမာဏတွေပေါ့နော်။ အဲဒါက တခု။ နောက်တခုက ကျမတို့ ထဲထဲဝင်ဝင်ကြည့်သင့်တာက စာချုပ်ထဲမှာပြောထားတဲ့ amount ကို တကယ် Commitment ရှိရှိနဲ့ ငွေတကယ်သယ်လာပြီးတော့မှ တကယ်အလုပ်လုပ်တာကဘယ်လောက်ရှိလဲဆိုတာ။ အဲဒီ amount ကလည်း အဲဒီပမာဏကလည်း အရေးကြီးပါတယ်ရှင့်။ ဆိုတော့ တခါတလေကျလို့ရှိရင် အဲဒီကိန်းဂဏန်းတွေပဲကြည့်ပြီး စာရွက်ပေါ်ကကိန်းဂဏန်းတွေပဲကြည့်ပြီး တကယ်ဝင်လာတဲ့ပမာဏကိုကြည့်ဖို့ ကျမတို့… ကြည့်ဖို့ အာရုံမရတာလေးတွေပေါ့နော်… ဒါလေးတွေရှိတဲ့ အခါကျတော့လေ။ အခုတော့ အလားအလာလို့ ပြောလို့ရှိရင်တော့ World Bank ကိုက မြန်မာ Economic Outlook မှာ ပြောထားတာ.. ကျနေပါတယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။ ဒီကိန်းဂဏန်းတွေကို အသေးစိတ်တော့ကျနော်မေးမနေတော့ဘူး။ အခြေခံ အကြောင်းလေးတွေပဲမေးချင်တယ်။ အထူးသဖြင့် ဒီ နိုင်ငံရပ်ခြားရင်းနှီးမှုတွေတက်လာအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အစိုးရက အနှစ် ၂၀ စီမံကိန်းတို့ နောက်ပြီးတော့ ဒီနှစ်ပိုင်းတွေအတွင်းမှာလည်း တော်တော်လေး ဆွဲဆောင်မှုတွေလုပ်ဖို့ အခမ်းအနားတွေလုပ်တယ်၊ နောက်ပြီးတော့ ပွဲတွေလုပ်တယ်၊ ဖိတ်ခေါ်မှုတွေလုပ်တာတွေ့တယ်။ ဒါပေမဲ့လည်း နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေက ဝင်မလာတဲ့ သဘောတွေ့နေရတယ်။ ဒါဘာကြောင့်လဲ။
ဒေါ်သက်သက်ခိုင်။ ။ဘာကြောင့်လဲဆိုရင် ဒီရင်းနှီးမြှုပ်နှံသူတွေက ခုနကပြောတာဆိုရင် MSDP ပေါ့နော် Myanmar Sustainable Development Plan ပေါ့နော။် ဆိုလို့ရှိရင် အဲဒါက ၂၀၁၈ August မှာ ထွက်ထားတယ်ပေါ့နော်… ထွက်ထားပြီး ၂၀၃၀ ထိဆိုတော့။ ဒါပေမဲ့ ကျမတို့က အစိုးရတရပ် စ တက်တက်ချင်းမှာ ဒီရင်နှီးမြှုပ်နှံသူအသိုင်းအဝိုင်းကလည်း ဝိုင်းပြီးစောင့်ပြီး ကြည့်နေတာပေါ့နော်။ အစိုးရရဲ့ သဘောထားပေါ့။ အစိုးရက ပုဂ္ဂလိကကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတဲ့ဟာကို ဝိုင်းပြီးစောင့်ကြည့်ပြီး အာရုံနဲ့ ကြည့်နေကြတဲ့အချိန်မှာ ကျမတို့က အဲဒါကို ဒီ Myanmar is open for business ဆိုတာမျိုးမပြောခဲ့လိုက်နိုင်ဘူးရှင့်။ မပြောခဲ့လိုက်နိုင်ဘဲနဲ့မှ အစိုးရလုပ်ရင်းတန်းလန်းနဲ့မှ အဲလို Private Sector ဒီ ပုဂ္ဂလိက ကဏ္ဍနဲ့ ထိတွေ့တာတွေ နိုင်ငံတကာ ခရီးတွေ သွားနေကြတဲ့ အချိန်ကျမှ မေးခွန်းတွေက မေးလာတယ်… ဒါတွေက အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်းမှ သိလာတာပေါ့နော်။ တဖြည်းဖြည်းမှ သိလာပြီးတော့မှ ပြီးလို့ရှိရင် တိုင်းပြည်ရဲ့ Development Strategies ကြီး မရှိသေးဘူးဆိုတာလည်း တဖြည်းဖြည်းမှ သိလာတဲ့အခါကျတော့ အခု ၂၀၁၆ က နေ စပြီးတော့မှ အစိုးရတက်ပေမဲ့ ၂၀၁၈ August ကျမှ MSDP ထွက်နိုင်တာဆို ပြောမယ်ဆိုရင် နောက်ကျတယ်လို့ ပြောရမှာပေါ့နော်။ အစိုးရရဲ့ သက်တမ်း တဝက် ကျော်သွားတယ်။ ကျော်သွားတဲ့ အခါကျတော့ အခုနောက်ပိုင်းလည်း ကျမတို့ အစိုးရကတော့ သေချာလေးပေါ့၊ MIFER ဆိုပြီးတော့လေ Ministry of Investment and Foreign Economic Relation ဆိုပြီးတော့မှ ဒီ ရင်နှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာ စီးပွားရေးဆက်ဆံဖို့ ဝန်ကြီးဌာနကို တည်ထောင်လိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဒါ နိုင်ငံတကာ FDI တွေကို ဆွဲဆောင်ချင်တာပေါ့နော်။ ကျမထင်တာ ဒါ နောက်ကျတယ်လို့ ထင်တယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။ဒီလုပ်နေတာတွေ အကုန်လုံးက ဒီ အစောပိုင်းက ဝေဖန်ခံရတဲ့ အချက်ပေါ့နော်။ ဥပမာအားဖြင့် အခုလက်ရှိ အစိုးရမှာ စီးပွားရေးမူဝါဒ တိတိကျကျ ဒါမှမဟုတ် ရှင်းရှင်းလင်းလင်း မရှိဘူးဆိုပြီး ဝေဖန်တာ ရှိတယ်။ အခု လုပ်နေတာေတွေဟာ စီးပွားရေးမူဝါဒရဲ့ အခြေခံ ဖြစ်တယ်လို့ ယူဆသလား ဒီဟာတွေ ကြည့်လိုက်တယ်ဆိုရင် မြန်မာနိုင်ငံအစိုးရရဲ့ မူဝါဒက အခြေခိုင်ခိုင် ဖြစ်နေပြီလို့ ပြောလို့ရလား။
ဒေါ်သက်သက်ခိုင်။ ။ကျမတို့ အစိုးရတက်ပြီးတော့မှ ဒီအစိုးရတက်ပြီးတော့မှ ၇ လ၊ ၈ လ လောက်မှာလေ…. ၇လ၊ ၈ လလောက် ကျမှ ဒီ စီးပွားရေး မူဝါဒကို ထုတ်ပြန်နိုင်တယ်ပေါ့နော်။ ၁၁ ချက်ပါတာ။ ပြီးလို့ရှိရင် ဒီစီးပွားရေးမူဝါဒကလည်း သိပ်ကိုမှ အထွေထွေဆန်လွန်းတယ်ပေါ့နော်။ တိကျမှုအားနည်းတာပေါ့နော်။ တိကျမှုအားနည်းပြီးတော့မှ Peace နဲ့လည်း ချိတ်ဆက်ထားတာလိုလို ဘာလိုလို အဲ့လို တခုခုပေါ့နော်။ အဲဒီလိုမျိုး သိပ်မရေရာတဲ့ စီးပွားရေးမူဝါဒ ဖြစ်တယ်ရှင့်။ အဲဒါလည်း ကျမတို့ ဝေဖန်ခံခဲ့ရတယ်ပေါ့နော်။ အဲဒါပြီးတော့လည်း နောက် Development Strategies လုပ်ပြန်တော့လည်း ၂၀၁၈ August မှဆိုတော့လေ။ ဆိုလို့ရှိရင် စီးပွားရေးအနေနဲ့ ပြောလို့ရှိရင်တော့ လက်ရှိအစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အာရုံစိုက်မှုဟာ မလုံလောက်ဘူး။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုမှာ အစိုးရရဲ့ အာရုံစိုက်မှုနဲ့ အစိုးရရဲ့ ကြိုးစား အားထုတ်မှုတွေဟာ မလုံလောက်ဘူး။ နောက်တခုကကျတော့ ထလုပ်တယ်ဆိုရင်တောင်မှ နောက်ကျတယ်လို့ ကျမပြောချင်တယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။မလုံလောက်မှုဆိုတဲ့ နေရာမှာ ဒီနိုင်ငံရပ်ခြား ရင်းနှီးမှုတွေကို ဆွဲဆောင်တဲ့နေရာမှာ ကိုယ့်ဘက်က ပံ့ပိုးပေးရမှာတွေလည်း ရှိတယ်မို့လား။ ဥပမာ အားဖြင့် infrastructure တွေကို ပံ့ပိုးပေးဖို့ ရှိမယ်။ အဲဒါတွေ မလုပ်နိုင်ဘူး။ ဒါ့အပြင်ကို နောက်-ကျနော်တို့ ကြားနေရတဲ့ ကိစ္စလေးတွေရှိပါတယ်။ အထူးသဖြင့် ဒီ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေမှာဆိုလို့ရှိရင်လည်း ရင်းနှီးမြှုပ်နှံသူတွေအတွက်အာမခံချက် သိပ်မရှိဘူးဆိုတဲ့ အနေအထားမျိုးလေးတွေ ရှိတယ်။ အဲဒါတွေကရော။
ဒေါ်သက်သက်ခိုင်။ ။ဒီလိုပေါ့ရှင့်။ ကျမတို့က ရင်းနှီးမြှုပ်နှံတဲ့သူတွေ လာချင်အောင်ပေါ့နော်။ နောက် တကမ္ဘာလုံးက အသိအမှတ်ပြုထားတာ World Bank ရဲ့ ဒီကမ္ဘာဘဏ်ကနေ ထုတ်ထားတဲ့ Ease of Doing Business Ranking (စီးပွါးရေးလုပ်ရအဆင်ပြေလွယ်ကူမှုအဆင့်သတ်မှတ်ချက်) တွေပေါ့။ ဆိုလို့ရှိရင် ကမ္ဘာဘဏ်ကနေပြီးတော့ နိုင်ငံပေါင်း ၁၉၀ ကျော်ကို ဝင်ပြီးတော့မှ အဲလို သူ Indicator တွေနဲ့ပေါ့နော်… အညွှန်းကိန်းတွေနဲ့တိုင်းတဲ့အချိန်မှာ ကျမတို့က နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ကျမတို့က ၁၇၁ ပေါ့နော်။ ဆိုလို့ရှိရင် ၃ နှစ် ဆက်တိုက်လောက်ရှိပြီ။ ၁၇၁ မှာ ငြိမ်နေတဲ့သဘောဆိုတော့ မတိုးတက်ဘူးဆိုတဲ့ သဘောတော့ကျရောက်တယ်။
ဦးသန်းလွင်ထွန်း။ ။အာဆီယံထဲမှာရော ဘယ်လိုနေလဲခင်ဗျ။
ဒေါ်သက်သက်ခိုင်။ ။အာဆီယံထဲမှာဆိုရင်လည်း ကျမတို့ အနိမ့်ဆုံးပဲရှင့်။ အဲလိုမျိုးဆိုတော့….. နောက်တခုက ကျတော့ တခြားတိုင်းပြည်တွေကလည်းတိုးတက်အောင်လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့တိုးတက်မှုနှုန်းဟာ တခြားတိုင်းပြည်ကိုမကျော်နိုင်တဲ့အခါကျတော့ ကျမတို့က ranking မတက်တာပေါ့ ရှင့်။ အဲ့ဒီတော့ လူတွေက အကြမ်းမျဉ်းအရင်ဆုံး ကြည့်ရင် investor (ရင်းနှီးမြုပ်နှံသူ) က ဘာပဲပြောပြော သူလည်းဒီ ပိုက်ဆံ ငွေထုပ်ပိုက်ပြီးလာရမှာဆိုတော့ သူလည်းအကျိုးမြတ်ရှိမှလာမှာပေါ့နော်။ လာမှာဖြစ်တဲ့အခါကျတော့ ဒီ အဲလိုမျိုးလေး indicator ကို ကြည့်လိုက်တာနဲ့တင် ကျမတို့က ကျမတို့ အိမ်နီးနားချင်းတွေနဲ့ အပြိုင်အဆိုင်ရှိတယ်ပေါ့နော်။ ဥပမာ Cambodia, Lao, Vietnam နဲ့ မြန်မာပြည်နဲ့အာဆီယံထဲမှာ ကြည့်လိုက်လို့ရှိရင် ကျမတို့ကအနိမ့်ဆုံးဖြစ်နေတဲ့အခါကျတော့ တခြားဘက်သွားတဲ့ သဘောလည်းရှိတာပေါ့ရှင့်။ နောက်တခုကတော့ နိုင်ငံရေးအရတည်ငြိမ်မှုပေါ့။ ဆိုတော့ နိုင်ငံရေးက ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် ကျမတို့ကတော့ ဒီမိုကရေစီကိုအားပေးဘို့ဘဲ.. ပြည်သူကလည်းအားပေးတယ်၊ နိုင်ငံတကာကအားပေးတယ်။ အားပေးတဲ့အတွက်ကြောင့်မို့ တလျှောက်လုံးဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့တဲ့ အန်တီစုတို့ ဒေါ်အောင်ဆန်းစုကြည်တို့က တိုင်းပြည်အုပ်ချုပ်နေတဲ့ကာလပေါ့နော်။ ဒါကို သိပ်ကိုမှ နိုင်ငံရေးအရအောင်မြင်မှုဖြစ်တယ်ပေါ့နော်။ တချိန်တည်းမှာပဲ ဘယ်လိုဖြစ်သလဲဆိုလို့ရှိရင် ဒီ ငါးနှစ်တခါ ရွေးကောက်ပွဲလုပ်ကြတဲ့အခါကျတော့ ဒီလို တာထွက်ခါစ ဒီမိုကရေစီတာထွက်ခါစဆိုတော့ နိုင်ငံရေးအရ တည်ငြိမ်မှုလည်း သူများတိုင်းပြည်ထက် နည်းတယ်ပေါ့နော်။ ဥပမာ Vietnam၊ Cambodia၊ Lao တွေထက် ကျမတို့ကနည်းတယ်ပေါ့။ ဆိုတော့ နိုင်ငံတကာကကြည့်လို့ရှိရင်တော့ အကြမ်းဖျဉ်း ရုတ်တရက်ကြည့်မှာကတော့ ခုန World Bank ရဲ့ ranking ကို ကြည့်မယ်။ ကျမတို့အနိမ့်ဆုံးဖြစ်တယ်။ နောက်တခုက တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်ကိုကြည့်လိုက်လို့ရှိရင် အခုမှတာထွက်ခါစဖြစ်တဲ့အခါကျတော့ နိုင်ငံရေးတည်ငြိမ်မှုကိုလည်း ကြည့်တယ်။ နောက် တက်လာတဲ့အစိုးရကလည်းအသစ်စက်စက် ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ တက်လာတဲ့အစိုးရရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ထားတဲ့သဘောထား ဘယ်လောက်ပျော့ပျော့ပြောင်းပြောင်းရှိလဲ၊ ဘယ်လောက်မြေတောင်မြှောက်ချင်တဲ့စိတ်ရှိလဲဆိုတာ ဒါတွေကို ပြောဖို့၊ ဒါတွေကို ထုတ်ပြဖို့ ကျမတို့နောက်ကျခဲ့တယ်ပေါ့နော်။
ဦးသန်းလွင်ထွန်း။ ။အဲ့အကြောင်းလေး ကျနော်နည်းနည်း ထပ်မေးပါမယ်။ ဒီ World Bank ရဲ့ Indicator အညွှန်းကိန်းနဲ့ပတ်သက်လို့… ဒီထဲမှာဆိုရင် ကျနော်သိသလောက်အချက်တွေမှာ အဂတိလိုက်စားမှု ဘယ်လောက်ရှိသလဲ၊ လာဘ်ပေးလာဘ်ယူမှုတွေ ဘယ်လောက်များနေသလဲ၊ နောက်ပြီးတော့ ဘဏ္ဍာရေးစနစ်က ဘယ်လောက်များ တည်ငြိမ်မှု ရှိသလဲဆိုတာတွေပါတယ်။ အခုဆိုလို့ရှိရင်တော့ ဒီအဂတိ လိုက်စားမှုကော်မရှင်တွေ ဘာတွေဖွဲ့ပြီးလုပ်နေတာတွေတော့ရှိတယ်။ ဘဏ္ဍာရေးကိစ္စနဲ့ ပတ်သက်လို့ရော ဘယ်လောက်များတည်ငြိမ်အောင်လုပ်လာတာတွေရှိလဲ၊ ဘယ်လောက်များအောင်မြင်မှုတွေ ရှိလဲ။
ဒေါ်သက်သက်ခိုင်။ ။ကျမတို့ ဒီအစိုးရမှာတော့ ဗဟိုဘဏ်ပေါ့နော်။ ဗဟိုဘဏ်က ပထမ ငါးနှစ်က ၂၀၁၃ စလိုက်တယ်ရှင့်။ အရင်တုန်းက ဗဟိုဘဏ်က ဒီသီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲနဲ့ ဟို Ministry of Finance အောက်ကိုပေါ့။ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရောက်ပြီးတော့မှ တိုင်းပြည်ရဲ့ Budget Deficit (ဘဏ္ဍာရေး လိုငွေပြမှု) တွေကို ငွေရိုက်ထုတ် (ရှင်း)ပေးနေရတာပေါ့ ရှင်။ ငွေရိုက်ထုတ်ပေးနေရတယ်… လိုသလောက် ရိုက်ထုတ်ပေးနေရတဲ့ အဆင့်။ အဲ့အဆင့်ကနေပြီးတော့မှ တချိန်ကျတော့ ကျမတို့ ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အစိုးရလို ဖြစ်လာတဲ့အခါကျတော့ နိုင်ငံတကာကနေ ခုနကပြောသလို IMF တို့၊ World Bank တို့ ဝင်လာတဲ့ အချိန်မှာ ကျမတို့မှာ Technical Assistance (နည်းပညာအကူအညီ) တွေ အများကြီး ရပါတယ်ရှင့် ADB တို့ဘာတို့။ အဲဒီလို Development Partner တွေ ဝင်လာတဲ့ အချိန်မှာ Technical Assistance တွေရတဲ့အခါကျတော့ ကျမတို့က လမ်းကြောင်းလေးတော့ စမှန်လာတယ်ပေါ့နော်။ ဆိုလို့ရှိရင် ဒီ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေဆိုတာ ပြဌာန်းလိုက်ပြီးတော့မှ ဒီဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း တခု ဖြစ်သွားတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအောက် မဟုတ်တော့ဘူး။ ပြီးလို့ရှိရင် တိုင်းပြည်ရဲ့ Budget Deficit ကိုလည်း ဒီ Finance လုပ်ပေးစရာ မလိုတော့ဘူးပေါ့။ မလိုလောက်တဲ့ သဘောလောက်ရှိတာပေါ့နော်။ ဒါပေမဲ့လို့ (အယင်က) ကျမတို့က Budget Deficit(ဘဏ္ဍာရေး လိုငွေပြမှု)ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကနေ ပိုက်ဆံရိုက်ထုတ်ပြီးတော့မှ ဒီ ဖြန့်ဝေခဲ့တယ်ပေါ့နော်။ Finance လုပ်ခဲ့တယ်။ ပြီးတော့ တဖြည်းဖြည်းလေးနဲ့ ကျမတို့က roadmap နဲ့ပေါ့ရှင်။ ဥပမာဆိုလို့ရှိရင် ၈၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း၊ ၄၀၊ ၂၀ ပေါ့နော်။ ဆိုလို့ရှိရင် ဒီနှစ်မှာတော့ World Bank ရဲ့ report အရတော့ ကျမတို့က ဒီ ဗဟိုဘဏ်ကနေပြီးတော့မှ ငွေရိုက်ထုတ်(ရှင်းပေး) စရာ မလိုတော့ဘူး။ Budget Deficit အတွက်ပေါ့နော်။ ဘာတွေဖြစ်လာသလဲဆိုလို့ရှိရင် ခုန Money Market လိုမျိုးတွေပေါ့။ ဥပမာ အစိုးရရဲ့ Treasure Bill တွေ၊ Treasure Bond တွေကို အစိုးရကနေပြီးတော့ ထုတ်လာတယ်။ ထုတ်လာတာကို ဘဏ်ကြီးတွေက ဝယ်တယ်ပေါ့နော်။ ဝယ်ပြီးလို့ရှိရင် ဥပမာ ၃ လတို့၊ ၉ လတို့ စသဖြင့်ပေါ့။ ၁ နှစ်၊ ၂ နှစ်တို့ စသဖြင့် Treasure Bill and Bond တွေ၊ အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ဝယ်တဲ့အခါကျတော့ ဗဟိုဘဏ်ကနေ ရိုက်ထုတ်စရာမလိုတော့ဘူးဆိုတော့ အစိုးရကနေပြီးတော့ ဘဏ်တွေကနေ ပိုက်ဆံပြန်ချေးတာပေါ့ရှင့်။ ဘဏ်တွေက ပိုက်ဆံဆိုတာလည်း ပြည်သူတွေ ထည့်ဝင်ထားတဲ့ ဒီ Deposit လုပ်ထားတဲ့ လာထားတဲ့ ပိုက်ဆံတွေဆိုတော့ ပြည်သူဆီက ပိုက်ဆံလှည့်ချေးပြီးတော့မှ ဗဟိုဘဏ်က မထုတ်ရတော့ဘူးဆိုတော့ အဲဒီဟာလေ ပြောလို့ရှိရင်တော့ ကျမတို့က အရှေ့ ဦးသိန်းစိန်လက်ထက်ကနေ စပြီးတော့မှ အခုကျမတို့ အစိုးရလက်ထက်ထိတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာတယ်ပေါ့နော်။ ဘဏ္ဍာရေးအရတော့ ကျမအဲဒီလိုတော့ မြင်တယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။ဒီဘဏ်တွေကို သန့်စင်ရေးကိစ္စတွေရော…. အထူးသဖြင့် သူတို့ ပြောနေကြတာ Bad Debt (အကြွေးဆိုးတွေ) ပေါ့နော်။ မြေတွေကို မတန်မရာ ဈေးတွေနဲ့ ပေါင်ထားပြီးတော့မှ ထုတ်ချေးထားတဲ့ ကိစ္စတွေမှာ အဲဒါမျိုးတွေကို (ရှင်းလင်းဘို့) အခုချိန်ထိတော့ မလုပ်နိုင်သေးတာ ကျနော်တို့တွေ့ရတယ်။
ဒေါ်သက်သက်ခိုင်။ ။အခုဒီလိုရှင့်။ ဒီ CBM ပေါ့နော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီးတော့မှ အခုအချိန်မှာ ကျမတို့ Banking Sector Reform ကို လုပ်နေပါတယ်။ အဲဒါကကျတော့ ကမ္ဘာမှာ ၂၀၀၀ ခုနှစ်လောက်ကမှစပြီးတော့ Banking Sector တွေ ပိုပြီး Healthy ဖြစ်လာဖို့ ပိုပြီးတော့မှာ ကျန်းမာသန်စွမ်းပြီးတော့မှ ရေရှည်ကောင်းဖို့ဆိုလို့ရှိရင် ကျမတို့ Basic Principles တွေ ရှိပါတယ်ရှင့်။ အဲဒီ Basic Principles 1၊ 2၊ 3 တို့ စသဖြင့် အဆင့်ဆင့်ရှိတာပေါ့နော်။ အဲဒါတွေကို ကျမတို့ လုပ်ဖို့ ကြိုးစားနေပါတယ်။ ဗဟိုဘဏ်ကနေလေ။ ကြိုးစားတဲ့အချိန်မှာ ပြဿနာက ဘာဖြစ်နေလဲဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်ဆိုတဲ့ ကဏ္ဍက ၁၉၉၃ မှာ စပေါ်တယ်ရှင့်။ ၁၉၉၃ မှာ စပေါ်တော့ အခုအချိန်ဆို အနှစ် ၂၅ ကျော်လာပြီပေါ့နော်။ ဒီ အနှစ် ၂၅ ကျော်အတွင်းမှာ ကျမတို့ ဘဏ်တွေက ဘာတခုပဲ… ဘယ်လို product တခုပဲလဲဆိုလို့ရှိရင်… ဟုတ်ပြီ အိမ်၊ ခြံ၊ မြေတွေ ရှိတဲ့လူတွေ အပေါင်ထားပါ။ ဒီအိမ်၊ ခြံ၊ မြေတွေရဲ့ တန်ဖိုးပေါ် မူတည်ပြီးတော့မှ သူတို့ရဲ့ ရာဖြတ်ပြီးတော့မှ အဲရာဖြတ်တဲ့ amount (တန်ဘိုး) ရဲ့ ထားပါတော့ ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းကို bank loan အနေနဲ့ ထုတ်ချေးတယ်။ ဒီ product တခုလေးပဲ ရှိခဲ့တယ်။ ရှိခဲ့တော့ ဘာဖြစ်နေသလဲဆိုလို့ရှိရင် ကျမတို့ စီးပွားရေးလုပ်ငန်းကလည်း ဒါပဲရှိတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အလုပ်လုပ်ကြတယ်။ ကိုယ့်မှာရှိတဲ့ အိမ်၊ ခြံ၊ မြေကို ပေါင်တယ်။ ပြီးလို့ရှိရင် ဘဏ်ကနေ ပိုက်ဆံထုတ်ပြီးတော့မှ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်လို့ ကြီးပွားလာလို့ရှိရင် သူတို့က ဘာအရင်လုပ်လဲဆိုရင် အိမ်၊ ခြံ၊ မြေကို ထပ်ဝယ်တယ်။ အိမ်၊ ခြံ၊ မြေ ထပ်ဝယ်ပြီးတော့မှ အဲဒီ အိမ်၊ ခြံ၊ မြေကို ဘဏ်မှာ ထပ်အပေါင်ထားတယ်။ ထပ်အပေါင်ထားပြီးတော့မှ ထပ်ပြီးတော့မှ ငွေချေးပြီးတော့မှ စီးပွားရေးကို expand (တိုးချဲ့) လုပ်တယ်ပေါ့။ ဆိုတဲ့အခါကျတော့ အခုအချိန်ကျတော့မှ ဒီ collateral (အပေါင်ပစ္စည်းတွေ) နဲ့ သွားတဲ့ဟာကို မလုပ်တော့ဘဲနဲ့ ခုနလို project financingတို့၊ trade financing တို့လို တခြား ဘဏ်ရဲ့ products တွေ အဲဒီလို ထုတ်လာတော့မယ်ဆိုလို့ရှိရင် (ကောင်းတာပေါ့)။ပြီးလို့ရှိရင် အရင်တုန်းက ကျမတို့က overdraft (အပိုဆောင်းထုတ်ချေးငွေ) ခေါ်တာပေါ့ရှင့်။ overdraft တနှစ်၊ တနှစ်ကို renew လုပ်လုပ်သွားတာ။ နောက်အခုကျတော့ ဘာပြောင်းချင်သလဲဆိုရင် term loan (ချေးငွေကာလ)ကို ပြောင်းချင်တာပေါ့။ ဥပမာ ကျမက ဒီ loan တခုကို business loan တခုကို ယူတယ်ဆိုရင် ကျမ ၅ နှစ်ယူမယ်။ ၅ နှစ်အတွင်းမှာ အတိုး၊ အရင်းပေါင်း ဆပ်ဆပ်သွားပြီး ၅ နှစ်ကျလို့ရှိရင် အတိုးရော၊ အရင်းအရော ဆပ်ပြီးသားဖြစ်တယ်။ ဒါကပိုကောင်းတာပေါ့ရှင့်။ ပိုကောင်းပေမဲ့ အဲဒါကို ခုနက overdraft တနှစ်၊ တနှစ်နဲ့ အရင်းဆပ်စရာမလိုဘူး… အတိုးလေးပဲ ပေးပေးသွားပြီး ဒီ loan ကို တနှစ်၊ တနှစ် renew လုပ်သွားတဲ့ ပုံစံနဲ့ ပြီးလို့ရှိရင် ပေးထားတာတွေကလည်း collateral တွေပေးထားတယ်။ အိမ်၊ ခြံ၊ မြေတွေ ပေးထားတယ်။ အဲဒါကနေပြီးတော့မှ ဒီဘက် term loan ပြောင်းဖို့က ရုတ်တရက် ပြောင်းဖို့က မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ တချိန်ထဲမှာပဲ ဘာဖြစ်နေသလဲဆိုရင် အိမ်၊ ခြံ၊ မြေ ဈေးကွက်က ပြိုလဲနေတယ်။ ဒီလိုပြိုလဲတာမျိုး အမေရိကားလို သိပ်ချမ်းသာတဲ့ တိုင်းပြည်လည်း ဖြစ်ခဲ့တာပဲလေ။ ဖြစ်ခဲ့ပေမဲ့ အမေရိကားလိုတိုင်းပြည်မျိုးက ဘာရှိလဲဆိုလို့ရှိရင် စာရင်းဇယားတွေ ရှိတာပေါ့ရှင့်။ စာရင်းဇယားတွေ ရှိတော့ ဒီလို အိမ်၊ ခြံ၊ မြေ market က ပြိုလဲပြီဆိုတာ အစိုးရက သိတယ်၊ အသိအမှတ်ပြုတယ်။ အဲဒါကို ကုစားဖို့လုပ်တယ်ပေါ့။ ကျမတို့ မြန်မာနိုင်ငံကျတော့ သတင်းအချက်အလက်တွေက မရှိဘူး။ မရှိတဲ့အခါကျတော့ informal sector (စာရင်းမရှိကဏ္ဍတွေ) များနေတာပေါ့ရှင်။ သတင်းအချက်အလက်တွေ မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီ အိမ်၊ ခြံ၊ မြေ market ဈေးကွက်ကြီး ပြိုလဲတာကိုလည်း အစိုးရက မသိဘူး။ နောက် သိသည့်တိုင်အောင်တောင်မှ အသိအမှတ် မပြုဘူး။ မပြုတဲ့အခါကျတော့ ဒါကို ကုစားဖို့ မလုပ်ဘူး။ မလုပ်တဲ့အခါကျတော့ အခြေအနေက အဲဒီလိုဖြစ်နေတာပေါ့ရှင့်။ ဥပမာ ဘဏ်တွေဘက်က ကြည့်လို့ရှိရင် ကိုယ်ယူထားတဲ့ collateral (အပေါင်ပစ္စည်း) တွေက အိမ်၊ ခြံ၊ မြေတွေ ဖြစ်တယ်။ ဒါပေမဲ့ အိမ်၊ ခြံ၊ မြေ ဈေးတွေက ကျနေတဲ့အချိန်မှာ အရင်တုန်းက ၁၀၀ တန်တာကို ၄၀၊ ၅၀ နဲ့ ထုတ်ချေးခဲ့တဲ့ အချိန်မှာ အခုအချိန်မှာအဲ့ဒါတွေက ဈေးကျတော့ ၅၀ ပဲ တန်တယ်ဆိုလို့ရှိရင် သူက…. ငွေချေးတဲ့လူတွေဘက်ကနေ ဥပမာ အတိုးကလည်း များတယ်ပေါ့နော်။ အတိုးကလည်း ၁၃ ရာခိုင်နှုန်းဆိုတော့ များတယ်ပေါ့။ များတော့ သူတို့အတွက် (ငွေချေးတဲ့သူအတွက်) incentive က ပြန်မဆပ်လည်းကိစ္စမရှိဘူး။ မဟုတ်လည်း ဒီဘဏ်ကလည်း အပြင်မှာ ပြန်ရောင်းရင်လည်း ဒီဈေးပဲရမှာပဲပေါ့နော်။ ဘဏ်ကနေ ရောင်းတယ်… ဘဏ်ကနေ (အပေါင်မြေတွေအိမ်တွေကို) သိမ်းလိုက်ပြီး အပြင်မှာရောင်းလည်း ဒီဈေးပဲ ရမှာပဲဆိုတော့ ဘဏ်မှာပဲ အဆုံးခံလိုက်တာမျိုး။ ဒါလည်း ဖြစ်နိုင်တာပေါ့နော်။
ဦးသန်းလွင်ထွန်း။ ။အဲဒီတော့ စီးပွားရေးက ပြည်တွင်းမှာ မတည်ငြိမ်တဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ အဲဒီလို မတည်ငြိမ်တော့လည်း ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုဘက်ကို ပြန်သွားရင် တဘက်ကလည်း ဒါတွေ စိုးရိမ်နေမှာပေါ့။
ဒေါ်သက်သက်ခိုင်။ ။အဲဒါလည်း စိုးရိမ်တယ်ရှင့်။ အဲဒါကတော့ ဒါ ပြည်တွင်းမှာ ဖြစ်နေတဲ့ကိစ္စပေါ့နော်။
ဦးသန်းလွင်ထွန်း။ ပြည်တွင်းလုပ်ငန်းရှင်တွေ အပိုင်းကရော ဒီနိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ဘယ်လို သဘောထားရှိလဲ။ သူတို့ အနေနဲ့ သူတို့ဘက်က initiative ပေါ့နော်… သူတို့ဘက်က လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ပြပြီး joint venture တွေ ဖက်စပ်တွေဘာတွေ လုပ်ဖို့အလားအလာမရှိဘူးလား။ အဲဒါတွေကိုရော အစိုးရက အားမပေးဘူးလား။
ဒေါ်သက်သက်ခိုင်။ ။ဆိုတော့ ကျမတို့ ဥပဒေအရတော့ အားပေးထားတယ်ပေါ့နော်။ ကျမတို့ ၁၉၁၄ ခုနှစ်တုန်းက ရှိတဲ့ Companies Act ပေါ့နော် British Colony အောက်တုန်းကရှိတဲ့ Companies Act ကို ကျမတို့ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီ ဥပဒေဆိုပြီး ကျမတို့ ပြန်ပြောင်းလိုက်တယ်။ ပြန်ပြောင်းလိုက်တဲ့အချိန်မှာ နိုင်ငံခြား investor တွေကနေပြီးတော့မှ ၃၅ ရာခိုင်နှုန်းအထိ ဘယ်ပြည်တွင်းလုပ်ငန်းမဆို ၃၅ ရာခိုင်နှုန်းအထိ ရှယ်ယာ ပါဝင်လို့ရတယ်ဆိုတာလေးတော့ ရှိလာတယ်ရှင့်။ အဲဒါဆိုတော့ ဥပဒေအရတော့ နံပတ် ၁ အားပေးထားတယ်။ နောက်တခုကကျတော့ ကျမတို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေရဲ့ လုပ်ပုံကိုင်ပုံကတော့ နည်းနည်း family business ဆန်တာပေါ့ရှင်။ အဲလိုဆန်ပြီးတော့မှာ corporatization လို နိုင်ငံတကာ အဆင့်မှီ တကယ့် corporate governance တွေ လုပ်ဖို့က အရှိန်က ကျမတို့က ယူရအုံးမှာ။ အဲ့လို ယူဖို့အတွက်လည်း ခုနက ၃၅ ရာခိုင်နှုန်း နိုင်ငံခြားသား investment လာလို့ရှိရင် နောက် သူတို့မှာပါလာတဲ့ best practice တွေနဲ့ ကျမတို့ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ကောင်းသွားနိုင်တာ ရှိတယ်ပေါ့ရှင့်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုလို့ရှိရင် အဲ့ ၃၅ ရာခိုင်နှုန်း လာရင်မယ့် နိုင်ငံခြားကုမ္ပဏီကလည်း ပြည်တွင်း ကုမ္ပဏီကို အရမ်းပဲ သူရွေးချယ်မယ်လေ။ ရွေးချယ်မယ်…. သူခေါင်းခေါက်ပြီး ရွေးမယ်ပေါ့။ တကယ်ကြိုက်တဲ့ ကုမ္ပဏီကိုမှ သူတို့ ၃၅ ရာခိုင်နှုန်းထည့်မယ်ဆိုလို့ရှိရင် ကျမတို့ ပြည်တွင်း ကုမ္ပဏီတွေကလည်း corporate governance (လုပ်ငန်းလည်ပတ်ရေးကြီးကြပ်မှုစံနစ်) ကိုပေါ့ ဥပမာထားပါတော့ board (ဘုတ်အဖွဲ့) လိုမျိုးထားတာတို့ board ရဲ့ chair မှာ ဘာ authorities (လုပ်ပိုင်ခွင့်အာဏာ) တွေ ရှိတယ်… နောက် ဒီ board ကနေပြီးတော့ board of director ကနေပြီးတော့မှ ကုမ္ပဏီကို corporate governance ကို ကောင်းအောင်လုပ်တယ်ဆိုတဲ့ အဲဒီလို culture (အလေ့အထ) လေးတွေပေါ့။ အဲဒါလေးတွေ ကျမတို့ စီးပွားရေးလုပ်ငန်းတွေမှာ လိုနေတယ်။ ဘာဖြစ်လို့လဲဆိုရင် အများစုက မိသားစု စီးပွားရေးတွေ ဖြစ်တဲ့အခါကျတော့ အဲလို business reporting တွေလည်း အားနည်းသေးတယ်ပေါ့နော်။ အဲလို သဘောတော့ ဖြစ်နေတယ်ပေါ့နော်။ ကျမတို့ private sector ပေါ့နော်… ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာက ကိုယ်နဲ့ လက်တွဲချင်အောင် ကျမတို့ကလည်း ကိုယ့်ဟာကို မြှင့်တင်ဖို့လိုတယ်ပေါ့နော်။ ဒီစည်းစနစ်ပိုကျဖို့ corporate governance ရှိဖို့ အဲဒါတွေကို ပိုမြှင့်တင်ဖို့ လိုပါတယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။ ဒေါ်သက်သက်ခိုင်အနေနဲ့ လွှတ်တော်ထဲမှာ လုပ်နေတော့ ဒါက ဥပဒေပြုရေးနဲ့ ထိန်းညှိရေးအပိုင်းပေါ့။ ဒီအပိုင်းမှာ အခု အစိုးရသက်တမ်းနဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ လုပ်ခဲ့ရတဲ့ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးကိစ္စ၊ ဘဏ္ဍာရေးကိစ္စတွေမှာ လုပ်ခဲ့ရတဲ့ အခြေအနေတွေမှာ ကျေနပ်မှုရှိသလား။ တခြားရော ထူးထူးခြားခြား ဘာအကြောင်းတွေ ကြုံတွေ့ရတာ ရှိလဲ… ထူးခြားတဲ့ အချက်ပေါ့။
ဒေါ်သက်သက်ခိုင်။ ။ကြုံတွေ့ရတာလေးတွေ ရှိပါတယ်ရှင့်။ အဓိကဘာလဲဆိုရင် နံပတ် ၁ က ကျမတို့က ဒီမိုကရေစီလို့ ပြောရင် ဒီအာဏာသုံးရပ် ခွဲဝေ သုံးစွဲတယ်ပေါ့နော်။ ဆိုလို့ရှိရင် ဒီ ဥပဒေပြုမှုအာဏာ ရှိမယ်၊ အုပ်ချုပ်ရေးအာဏာ ရှိမယ်၊ တရားစီရင်ရေးအာဏာ ရှိမယ်။ ဆိုတဲ့အခါကျတော့ ကျမတို့က ကိုယ်စားလှယ်လို့ ပြောလိုက်တာနဲ့ ကျမတို့ ကိုယ်စားလှယ် စဖြစ်တုန်းက intensive program (ရက်တိုအချိန်ပြည့်သင်တန်း) တွေလုပ်ပါတယ်။ နိုင်ငံတကာက parliamentarian (လွှတ်တော်အမတ်)တွေ သိပ်ကိုမှ အတွေ့အကြုံရင့်ကျက်တဲ့ parliamentarian တွေကနေပြီးတော့ ကျမတို့ကို လာပို့ချတာပေါ့။ ဒီမိုကရေစီမှာ parliament (ပါလီမန် လွှတ်တော်) တွေဆိုတာ ဘာလုပ်ရလဲ parliamentarian တွေက လာပို့ချတဲ့အချိန်မှာ ကျမတို့ရဲ့ တာဝန်က အဓိက သုံးရပ်ရှိပါတယ်ရှင့်။ နံပတ် ၁ ကတော့ representation ပေါ့နော် ကိုယ်စားပြုခြင်း… ကျမတို့ပြောတဲ့အသံတွေသည် ကျမတို့ရဲ့ စိတ်ထင်နဲ့ပြောတာမဟုတ်ဘူး၊ ခံစားချက်နဲ့ ပြောတာမဟုတ်ဘူး။ ကျမတို့ရဲ့အသံတွေဟာ ကိုယ်စားပြုတဲ့အသံတွေ ကိုယ့်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အသံ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုတယ်။ ဒါမှမဟုတ်ရင် အမျိုးသမီးထုကိုကိုယ်စားပြုတယ်၊ လူငယ်ထုကို ကိုယ်စားပြုတယ်။ စသဖြင့် ကိုယ်စားပြုမှု ပုံစံအမျိုးမျိုးရှိတယ်ပေါ့နော်။ ဒီကိုယ်စားပြုမှုက ကျမတို့ရဲ့ ပထမတာဝန်ဖြစ်တယ်။ ဒုတိယကတော့ ဒါဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့အခါကျတော့ ကျမတို့ ဥပဒေတွေပြုတယ်ပေါ့နော်။ ပြီးလို့ရှိရင် တတိယကဘာလဲဆိုလို့ရှိရင် အစိုးရနဲ့ parliamentary oversight ပေါ့နော်… အစိုးရနဲ့ check in balance လုပ်တာ။ ကျမတို့က ပြည်သူရွေးကောက်တယ်ဆိုတာက ပြည်သူကိုယ်စား ကျမတို့ကအစိုးရကို ထိန်းကျောင်းဖို့ တာဝန်ရှိတယ်ပေါ့ရှင့်။ အဲဒီ ကျမတို့ရဲ့ သိပ်ကိုမှ အခြေခံကျတဲ့လုပ်ငန်း သုံးခုကိုလုပ်ရတာတော့ သိပ်ထဲထဲဝင်ဝင်မဖြစ်နေသေးဘူးလို့ ကျမထင်တယ်လေ။ ဘာကြောင့်ထင်လဲဆိုလို့ရှိရင် ကျမတို့က ဒီလို သုံးပွင့်ဆိုင်ရှိတာပေါ့ရှင်။ ဥပမာ ပါတီကနေလာကြတယ်၊ နိုင်ငံရေးပါတီကနေ လာကြတယ်။ နိုင်ငံရေးပါတီကနေပြီးတော့မှ အစိုးရကိုလည်းထိန်းကြောင်းတယ်။ ဒီကျမတို့လို ကိုယ်စားလှယ်ကိုလည်း ထိန်းကြောင်းတယ်။ ဒီအချိန်မှာ ကျမတို့ ခံစားရတာတော့ ဒါ ကျမတယောက်ထဲ မဟုတ်ပါဘူး ဒါ အများစုခံစားရတာကတော့ အစိုးရကိုသိပ်ပြီးတော့မှ အစိုးရကို သိပ်မကြပ်နဲ့ပေါ့နော်။ အစိုးရကို သိပ် check in balance သိပ်မလုပ်နဲ့ oversight သိပ်မလုပ်နဲ့ဦး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အစိုးရကအခုမှ သက်တမ်းနုသေးတော့ အတင်းမပြောကြနဲ့ဦးဆိုတဲ့ဟာ ကျမတို့ အနောက်က ဆွဲထားတဲ့ပုံစံတော့ ဖြစ်တာပေါ့ရှင်။ အဲဒီလို check in balance ကိုတော့ အရမ်းကြီးသိပ်ပြီးတော့ (ညှာခိုင်းတာပေါ့နော်) .. ။ အဲ့လိုညှာခိုင်းတယ်ရှင့်။ နောက်တခု အတွေ့အကြုံကလည်း ဘာလဲဆိုလို့ရှိရင် ကျမတို့ အရှေ့အစိုးရတုန်းက ဦးသိန်းစိန်နဲ့ ဦးရွှေမန်းနဲ့ .. လွှတ်တော်နဲ့ ဒအစိုးရနဲ့ ပွတ်တိုက်မှုများလာတဲ့ အချိန်မှာ ပါတီထဲမှာလည်း ကွဲကုန်တာတွေ ဖြစ်တယ်။ ဒါကို သင်ခန်းစာယူတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အဲကျတော့ ကျမတို့ကိုပိုပြီးတော့မှ ထိန်းကျောင်းတယ်။ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ပိုပြီးထိန်းကျောင်းတယ်။ အဲဒီလိုထိန်းကျောင်းနေတဲ့အချိန်မှာ တကယ်တန်းဖြစ်နေတာ ဘယ်မှာဖြစ်သလဲဆိုလို့ရှိရင် ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်တိုင်းလွှတ်တော်က ပွတ်တိုက်မှုပိုများတယ်။ ကျမကတော့ အဲလို ဒီမိုကရေစီခေတ်တွေမှာ ပွတ်တိုက်မှုလို့ ကျမကတော့ မမြင်ဘူးပေါ့နော်။ ဒါသည် very healthy mechanism ပဲ (ဖြစ်သင့်တဲ့ ကောင်းတဲ့လုပ်ငန်းစဉ်ပဲ) ဆိုလို့ရှိရင် ကျမတို့ကို ပြည်သူက mandate (ပေးအပ်ထားတဲတာဝန်)..ပြည်သူကကျမတို့ကို ဘာကြောင့်မဲပေးပြီးတော့မှ လွှတ်တော်မှာ သွားထိုင်ခိုင်းတာလဲဆိုလို့ရှိရင် အစိုးရတရပ်ကိုထိန်းကျောင်းဖို့လို့အတွက်။ အစိုးရတရပ်ဆိုတာ အာဏာရှိသွား အချုပ်အချာအာဏာရှိသွားတဲ့ အချိန်မှာ သူလုပ်ချင်တာလုပ်ရင် ပြည်သူကခံစားရတာပေါ့နော်။ ပြည်သူပဲခံရတာဆိုတော့ ပြည်သူတွေကိုယ်စား ကျမတို့က အစိုးကိုထိန်းကျောင်းဖို့ တာဝန်ရှိတယ်ပေါ့နော်။ ဒီ mandate (ပေးအပ်ထားတဲတာဝန်) ကျမတို့မှာရှိတဲ့အခါကျတော့ ကျမတို့ကိုယ်စားလှယ်တွေက ဒါတွေ လုပ်ချင်တယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း အစိုးရကိုညှာပါဆိုပြီးတော့မှ ပါတီကအနောက်ကနေ ကျမတို့ကို ဆွဲထားတာတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုဆိုတဲ့အခါကျတော့ နည်းနည်းလေးပေါ့။ ကျမတို့ ဒီ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့ အရိပ်လက္ခဏာတွေပေါ့နော်။ ဆိုလို့ရှိရင် ဒီမိုကရေစီ ရင့်ကျက်အောင် ဘယ်လိုလုပ်ကြရမလဲပေါ့။ ကျမထင်တာ အချိန်လည်းပေးဖို့လိုတယ်။ နံပတ် ၂ က ကျတော့ ဒီပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားကလည်း ဒီမိုကရေစီဆိုတာ ဒီလိုပဲဆိုတာ လက်ခံပြီးတော့မှ အပြင်မှာ ကျမတို့(အပေါ်) personal (ပုဂ္ဂိုလ်ရေးတွက်တာမျိုး) မဖြစ်ရဘူးပေါ့ရှင့်။ ပြောစရာရှိတာပြောမယ်။ ဒါပေမဲ့ လူကို attack လုပ်(တိုက်ခိုက်) ချင်တာမဟုတ်ဘူး၊ personal ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စနစ်ကြီးအရ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို လုပ်တာ။ ဥပမာဆိုလို့ရှိရင် ကျမတို့ဆိုလဲ ပြောစရာရှိတာပြောမယ်။ ဝန်ကြီးတွေကလည်း လွှတ်တော်ထဲမှာ ရှင်းလင်းစရာရှိတာလာရှင်းလင်းမယ်။ သူလည်း သူ့အလုပ်လုပ်တာ။ ကျမတို့လည်း ကျမတို့အလုပ်လုပ်တာ။ အပြင်မှာတော့ လက်ဖက်ရည်ဆိုင်မှာ အေးဆေးထိုင်ပြီး စကားပြောနိုင်တာမျိုးပေါ့နော်။ ဒါမျိုး culture (အလေ့အထ) လေး ဖြစ်အောင်တော့ကျမတို့ လုပ်ကြရအုံးမယ်ရှင့်။
ဦးသန်းလွင်ထွန်း။ ။ဒီနေရာမှာ ကျနော်သတိထားမိတာက ဒေါ်သက်သက်ခိုင် အနေနဲ့က အစောပိုင်းကလည်း စီးပွားရေးအရ အောင်မြင်ခဲ့တဲ့လူတယောက် အဲ့ဒါ အပြင်ကို UMFCCI လို ကုန်သည်ကြီးများ အသင်းလို ခေါင်းဆောင်ပိုင်းမှာလည်း လုပ်ခဲ့တယ်။ အခုဆိုလို့ရှိရင်လည်း ဆေးပညာ ဒေါက်တာ ဘွဲ့အပြင် စီးပွားရေး ပညာမှာဆိုရင်လည်း Masters ဘွဲ့တွေ ခုဆိုရင် PhD ပေါ့နော်။ ဒါဆိုလို့ရှိရင် ဘက်စုံကျွမ်းကျင်သူလို့ ပြောလို့ရတာပေါ့။ အဲ့ဒါအပြင်ကို စောစောကပြောခဲ့သလို ဒေါ်သက်သက်ခိုင်က ပွင့်ပွင့်လင်းလင်းနဲ့ ဝေဖန်စရာရှိတာတွေကို ဝေဖန်တယ်.. နည်းနည်း… လူသိများတယ်။ လူသတိထားမိတာတွေရှိတယ်။ တဘက်မှာကျတော့လည်း ဒီလို ပွင့်ပွင့်လင်းလင်း ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒေါ်သက်သက်ခိုင် ကိုယ်စားပြုတဲ့ ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင်အဖြစ်ကတောင် ထုတ်ပယ်ခံရတဲ့အဆင့်နဲ့ အရေးယူခံထားရတာရှိတယ်။ ဒါတွေကျနော် ဘာကြောင့်ပြောရသလဲဆိုတော့ လာမယ့် အခု ၂၀၂၀ ဆိုလို့ရှိရင် ရွေးကောက်ပွဲက နီးလာပြီ။ အဲဒီတော့ ဒီလိုအခြေအနေမျိုးတွေနဲ့ ဆိုလို့ရှိရင် ကျနော်မြင်တာတော့ ဒေါ်သက်သက်ခိုင်အနေနဲ့လည်း နိုင်ငံရေးကိုတစိုက်မတ်မတ် ဆက်လုပ်လိုတဲ့ဆန္ဒတော့ ရှိမှာပဲ။ ဒါပေမဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုခွင့်ရောရနိုင်ပါအုံးမလား။
ဒေါ်သက်သက်ခိုင်။ ။ အဲဒါတော့ ကျမလည်းတပ်အပ် မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အရေးလုပ်တာပါရှင့်။ နိုင်ငံ့အရေးလုပ်ကြတဲ့အချိန်မှာ ဘာလိုလည်းဆိုလို့ရှိရင် conviction တကယ့် ယုံကြည်ချက်လိုပါတယ်။ အရင်တုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာက ဒီ ဒီမိုကရေစီရဲ့ တကယ့်စံပြပေါ့နော်။ ဒီမိုကရေစီအတွက် တိုက်ခိုက်လာပြီးတော့ အနစ်နာခံလာတဲ့လူတွေရဲ့ပါတီဖြစ်တယ်။ ပြီးလို့ရှိရင် ပါတီခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကို ယုံကြည်မှလာပါလို့ပြောတော့ ကျမတို့ကဒီမိုကရေစီကို ယုံကြည်လို့လာတယ်လေ။ ပြီးလို့ရှိရင် ဒီမိုကရေစီမှာ ရှိတဲ့ institution (လုပ်ငန်းဌါနအသီးသီး) တွေရဲ့ သူ့ mechanism (လုပ်ငန်းစဉ်) တွေကို လည်ပတ်အောင်လုပ်ဖို့ဆိုလို့ရှိရင် ကိုယ့်အလုပ်ကိုယ်တော့ပီပီပြင်ပြင်လုပ်ဖို့လိုအပ်တာပေါ့နော်။ အဲဒါကိုလည်း ပါတီကလက်သင့်ခံနိုင်ရမယ်ပေါ့။ ကျမတော့ယုံကြည်ချက်တခုနဲ့ လာတယ်။ အခုအချိန်မှာတော့ ဒါ တော်လှန်ရေးကာလမဟုတ်တော့ဘူးပေါ့နော်။ တော်လှန်ရေးကာလ မဟုတ်ဘူး။ တည်ဆောက်ရေးကာလဆိုတဲ့အချိန်မှာ ကျမတို့ကဘာကိုလုပ်ရမလဲဆိုရင် ကျမတို့က ဒီမိုကရေစီအသက်ပို ဝင်ပြီးတော့မှ ပြည်သူတွေကြားထဲမှာလည်း ဒီမိုကရေစီရေချိန်တွေ မြင့်လာမယ်။ နောက်ဒီ နိုင်ငံရေး institution တွေ ကြားထဲမှာ နောက်အစိုးရနဲ့လွှတ်တော်နဲ့ ကြားထဲမှာလည်း ဒီမိုကရေစီရေချိန်တွေ ပို မြင့်အောင်လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့ ကျမကတော့ ယုံကြည်ချက်တခုနဲ့လုပ်နေတာပေါ့နော်။ ယုံကြည်ချက်တခုနဲ့ လုပ်နေတဲ့အခါကျတော့ ကျမ တပ်အပ်တော့ မပြောနိုင်ဘူး။ ၂၀၂၀ မှာ NLD က ကျမကို လက်သင့်ခံချင်မှလည်းခံမယ်။ ဒါပေမဲ့ ကျမကို ဒီ ၅ နှစ်စာပေါ့နော်။ ဒီ ပြည်သူကရွေးကောက်ထားတဲ့ ပြည်သူ့မဲတွေနဲ့ ပြည်သူက ရွေးကောက်ထားတဲ့ mandate (ပေးအပ်ထားတဲ့တာဝန်) ကိုတော့ ကျမ အပြည့်အဝလုပ်သွားမယ်ရှင့် ဒီ ၅ နှစ်ကတော့လေ။
ဦးသန်းလွင်ထွန်း။။ရှေ့ဆက်ကတော့ရော
ဒေါ်သက်သက်ခိုင်။ ။ ကျမနိုင်ငံရေးထဲကမထွက်သေးပါဘူး။ နိုင်ငံရေးထဲကမထွက်ဘူး။ တကယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပေးမဝင်လည်း ကျမရတဲ့နည်းနဲ့တော့ကျမလုပ်မှာပဲ နိုင်ငံရေးကတော့။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် နံပတ် ၁ က ကျမငယ်ငယ်တုန်းကလည်း လုပ်ချင်ခဲ့တဲ့အလုပ်ဖြစ်တယ်။ နံပတ် ၂ ကကျတော့ ငယ်ငယ်တုန်းကလုပ်ချင်ခဲ့ပေမဲ့ ဘာကြောင့်မလုပ်လည်းဆိုလို့ရှိရင် မတတ်လို့မလုပ်ခဲ့ဘူး။ နံပတ် ၂ ကကျတော့ ကျမ တလျှောက်လုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့တာ အနှစ် ၂၅ ကျော်ခဲ့ပြီ။ ပြည့်ပြီးခဲ့ပြီ။ ဆိုတော့ဒီအနှစ် ၂၅ အတွင်းမှာ ကျမပညာရေးလည်းလိုက်စားခဲ့တယ်။ နောက်တခုက စီးပွားရေးကိုလည်း ဦးဆောင်ခဲ့တယ်။ ကျမအမျိူးသားနဲ့ အတူတူပေါ့နော်။ အဲဒီလို ဦးဆောင်ခဲ့တဲ့အချိန်မှာ ကျမမှာ အတွေ့အကြုံတွေလည်း ရှိတယ်။ နိုင်ငံတကာထိတွေ့မှုတွေလည်း ကျမမှာအများကြီးရှိတယ်။ ကျမမှာ ပညာလည်း ပြည့်စုံပြီ။ နောက်တခုကကျတော့ ကျမမိသားစုတည်ငြိမ်တဲ့အချိန်လည်းရောက်တယ်ပေါ့နော်။ အခု ၅၀ ကျော်ပိုင်း တည်ငြိမ်လာတဲ့အချိန်မှာ ကျမတို့လိုအရွယ်တွေကမှ တိုင်းပြည်တာဝန်ကိုမထမ်းဆောင်လို့ရှိရင် ဒါ ကျမတို့ပခုံးပေါ်ရောက်လာတာပေါ့နော်။ ပြီးလို့ရှိရင် ကျမတို့ ကြီးကြီးသွားတဲ့အချိန်လည်း ကျမတို့ရဲ့ လူငယ်တွေပခုံးပေါ်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမှာပဲဆိုတော့ ကျမကတော့နိုင်ငံရေးထဲက ထွက်ဖို့ အစီစဉ်မရှိပါဘူးရှင့်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ် ဒေါ်သက်သက်ခိုင်။
ဒေါ်သက်သက်ခိုင်။ ။ ဟုတ်ကဲ့ပါရှင့်။ ကျမလည်း VOA ကို အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။
Your browser doesn’t support HTML5