လူမျိုးသာသာပေါင်းစုံပါဝင်တဲ့ Social Alliance ခေါ် လူထုမဟာမိတ်အဖွဲ့က ဦးဆောင်ပြီး၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ Ramadan ဝါရှောင်ကာလမှာ စုပေါင်းဝါဖြေ စတုဒီသာ လှူဒါန်းပွဲတရပ်ကို ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ နေရာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါဖြေ စတုဒီသာ အလှူလုပ်တာကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဘာသာပေါင်းစုံ သဟဇာတမျှတစွာ ချစ်ကြည်ရေးအတွက် ပြယုဒ်ဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ စတုဒီသာလှူဒါန်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးမှာပါ။
အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝါဖြေ စတုဒီသာ စုပေါင်းအလှူကို လူမှုမဟာမိတ်အဖွဲ့ Social Alliance နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဘာသာစုံအသီးသီးက ကိုယ်စားပြုပုဂ္ဂိုလ်တွေ စုပေါင်းပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဝါဖြေစတုဒီသာပွဲကို အရင်တုန်းက တခြားနေရာတွေမှာလုပ်ခဲ့ပြီး လူစည်ကားတဲ့မြို့လယ်မှာ အခုလို ဒုတိယအကြိမ် လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကို လူမှုမဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံ ဒေါ်ဒါလီမြင့်က အခုလိုပြောပါတယ်။
“အခုဒီမှာ လုပ်ရတဲ့ အကြောင်းရင်းက ဒီနေရာက ဘာသာပေါင်းစုံရဲ့ ချစ်ကြည်မှုရဲ့ ပြယုဒ်လို့ ကျမတို့က ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဆူးလေစေတီ ရှိတယ်၊ ပြီးကျတော့ church ကျောင်း ရှိတယ်။ နည်းနည်းလေး ထပ်သွားမယ်ဆိုရင် ဟိန္ဒူဘုရားကျောင်း ရှိတယ်။ ပြီးတော့ ဟိုမှာဘင်္ဂါလီဗလီ ဆိုတာ ကျမတို့ ဝတ်ကျောင်းတော်လည်း ရှိတယ်။ အဲဒီအပြင်ကို ကျမတို့ တစုတစည်းတည်း တိုက်ခိုက်လို့ရခဲ့တဲ့ လွတ်လပ်ရေး ကျောက်တိုင်ဆိုတာလည်း ကျမတို့ရဲ့ ဒီရဲ့အနောက်မှာ ရှိနေတယ်ပေါ့။ အဲဒါတွေကိုကျမတို့က ခြုံငုံသုံးသပ်ပြီးတော့မှ ဒီနေရာမှာ ဒုတိယ အကြိမ်လာလုပ်ခြင်းဖြစ်ပါတယ်။”
မိုးရွာနေပေမဲ့လည်း မပျက်မကွက် ဒီနေ့စုစည်းရောက်လာတဲ့ ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ အလှူကိုလာတဲ့ သူတွေအားလုံးဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် အထောက်အပံ့ဖြစ်ခဲ့ကြောင်း ဒေါ်ဒါလီမြင့်က ပြောပါတယ်။ ဒီအလှူကို လူ ၈၀၀ လောက်အတွက် စီစဉ်ထားတာဖြစ်ပြီး ဘာသာစုံ၊ လူမျိုးစုံဝင်ပြီး တန်းစီနေကြတာပါ။ တိုင်းပြည်အေးချမ်းဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးက အရေးကြီးကြောင်း ဆရာတော် ဣန္ဒဝံသ က အခုလို မိန့်ပါတယ်။
“နိုင်ငံတည် ငြိမ်အေးချမ်းပြီးမှ တိုးတက်မှာဆိုတော့ ဘာသာပေါင်းစုံက ညီညွတ်ချစ်ခင်ရမယ်။ နှစ်ပေါင်းများစွာ အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ပြီးခါမှ အခုနောက်ပိုင်းမှ အမုန်းစကားတွေ ပြောကြသလဲ။ ဒီအမုန်းတရားတွေဟာ နောက်ကွယ်က လှုံ့ဆော်တဲ့ လူကြောင့်လား၊ တကယ်အစစ်အမှန်လားဆိုတာကို ထမင်းစားတဲ့ လူတိုင်းသိပါတယ်။ ဦးပဉ္ဖင်း ဒီလောက်ပဲ ပြောမယ်ပေါ့နော်။”
ဒီနေ့ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်ကို ယူခဲ့တာဖြစ်ပြီး ညနေ ၅ ကနေ ၇ နာရီခွဲထိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ ဝါဖြေစတုဒီသာ အလှူပွဲကို ရန်ကုန်မြို့က လူ ၁၀၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5