ခရစ်ယာန် ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ပြန်လည်ရှင်ပြန်ထမြောက်ရာ Easter ပွဲတော်နေ့မှာ သီရိလင်္ကာက ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖောက်ခွဲတိုက်ခိုက်မှု အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ရှုတ်ချပြောဆိုလိုက်ပါတယ်။
ပေါက်ကွဲမှု အတွင်း သေဆုံးရသူတွေထဲမှာ ဗြိတိန်၊ နယ်သာလန်နဲ့ အမေရိကန် နိုင်ငံသားတွေ ဒါဇင်နဲ့ချီ ပါဝင်မယ်လို့လည်း ယူဆထားကြပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Theresa May ကတော့ တိုက်ခိုက်မှုဟာ အင်မတန် ဆိုးရွားစိတ်ပျက်ဖွယ် ဖြစ်တယ်၊ သေဆုံးထိခိုက်ခဲ့ရသူတွေ အတွက် ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
သေဆုံးရသူတွေအတွက် ဆုတောင်းပါကြောင်း၊ ဒဏ်ရာရသူတွေ အမြန်ပြန်လည် ကျန်းမာပါစေကြောင်းနဲ့ ခြိမ်းခြောက် သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်ဝါဒီတွေ သူတို့လုပ်ရပ်တွေ အတွက် နောင်တရအောင် ဘုရားသခင် လမ်းပြတော်မူဖို့ ဆုတောင်းကြောင်း ဂျေရုစလမ်က ကက်သလစ် ခရစ်ယာန် ကျောင်းတော်က ကြေညာချက်ထုတ်ပါတယ်။ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကလည်း Easter နေ့ အစဉ်အလာ ဟောကြားမှုမှာ တိုက်ခိုက်မှု အပေါ် ဝမ်းနည်းကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက မူဆလင် ၂ ဒါဇင်လောက် သေဆုံးခဲ့ရတဲ့ နယူဇီလန်နိုင်ငံ Christchurch က မူဆလင် ဗလီကျောင်းနှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရမှု နောက်ပိုင်း တနင်္ဂနွေနေ့ သီရိလကာၤမှာ ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာပါ။ ဒါမျိုး အကြမ်းဖက်မှုတွေကြောင့် ယူကျုံးမရ ဖြစ်ရတယ်လို့လည်း နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern က ပြောဆိုပါတယ်။ အမေရိကန် သမ္မတ Donald Trump ကတော့ အမေရိကန်တွေ အနေနဲ့ ကူညီဖို့ အဆင်သင့် ရှိနေကြောင်း ပြောပါတယ်။
ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ သီရိလကာၤ ပြည်သူတွေနဲ့ ထပ်တူ အမေရိကန် ပြည်သူတွေကလည်း ဝမ်းနည်းရပါကြောင်း သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။ အစ္စရေးလ် သမ္မတ၊ တူရကီ သမ္မတတို့လည်း သီရိလကာၤ တိုက်ခိုက်ခံရမှု အပေါ်မှာ ရှုတ်ချ ပြောဆိုခဲ့ကြပါတယ်။