ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အသစ်ပြင်ဆင် ပြဌာန်းလိုက်တဲ့ မြေလွတ်၊ မြေရိုင်း ဥပဒေအရ မြေလွတ်မြေရိုင်းတွေ ပေါ်မှာ ထွန်ယက်စိုက်ပျိုးကြသူတွေ အနေနဲ့ ဒီဥပဒေ အသက်ဝင်ချိန်ကစလို့ ၆ လအတွင်း မှတ်ပုံတင်ကြရမှာဖြစ်လို့၊ နောက်ဆုံးသတ်မှတ်ရက် နီးလာတာနဲ့အမျှ သူတို့ရဲ့ စိုက်ပျိုးမြေတွေ ဆုံးရှုံးရတော့ မလား စိုးရိမ်နေကြပါတယ်။ သတ်မှတ်ရက် အတွင်း မှတ်ပုံ မတင်ဘူးဆိုရင် ငွေဒဏ်နဲ့ ထောင်ဒဏ် ချမှတ် ခံရမယ်ဆိုတဲ့ ပြစ်ဒဏ်သတ်မှတ်ချက်တွေလည်း ရှိနေတာပါ။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ မြေလွတ်၊ မြေရိုင်းပေါ်မှာ စိုက်ပျိုးနေတဲ့သူတွေ ဒီမြေကို ဆက်ပြီး လုပ်ကိုင်ခွင့်ရဖို့ အစိုးရဆီကို နောက်ဆုံးလျှောက်ထားရမယ့် ရက်ဟာ မတ်လ ၁၁ ဖြစ်ပါတယ်။ အစိုးရအချိန်ပေးထားတဲ့ ၆လတာကာလဟာ နီးကပ်နေပြီဖြစ်လို့ မြေလွတ် မြေရိုင်းအများဆုံးရှိတဲ့ တိုင်းရင်းသား ဒေသကသူတွေ စိုက်ပျိုးမြေတွေ ဆုံးရှုံးရနိုင်တဲ့ အခြေအနေရှိနေကြောင်း မြေယာကွန်ရက်အဖွဲ့အစည်းတွေ ကပြောပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ် ဟူးကောင်းဒေသမှာ မြေစာရင်းဦးစီးဌာနက မြေယာ အချက်အလက် ကောက်ယူနေ တာတွေရှိပြီး ဥပဒေပါအတိုင်း မြေလွတ်၊ မြေရိုင်းကို အသုံးချဖို့ ပုံစံ(၇) နဲ့ မှတ်ပုံတင်လျှောက်ထားရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို တိုင်းရင်းသားဒေသတွေ မှာတော့ လက်မခံကြဘူးလို့ မြန်မာနိုင်ငံ တိုင်းရင်းသားတောင်သူများ ကွန်ရက် MEFN ရဲ့ ကချင်ပြည်နယ် ကိုယ်စားလှယ် ဦးအောင်လတ် က ပြောပါတယ်။
“ပုံစံ(၇)နဲ့ ကျနော်တို့ တိုင်းရင်းသားဒေသနဲ့ နည်းနည်းကွဲလွဲမှုရှိနေတယ်။ ကျနော်တို့ တိုင်းရင်းသားမှာက မြေလွတ်၊ မြေရိုင်းက မရှိဘူး။ မရှိဘူးဆိုတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ နဂိုက ဌာနေတိုင်းရင်းသားများရဲ့ စီမံခန့်ခွဲတဲ့ မြေများဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မြေလွတ်၊ မြေရိုင်းနဲ့ ပတ်သတ်ပြီး လို့မှ သမ္မတရဲ့ ကြေညာစာတမ်း နဲ့ ပတ်သတ်ပြီးလို့မှ အကောင်အထည်ဖော်ပြီး မြေတွေဘာတွေ သိမ်းလာမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားဒေသ အသီးသီးကလည်း အဆင်သင့်တွေ့ဆုံဖို့ စောင့်နေပါတယ်။”
ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာနေရတဲ့သူတွေ၊ ပြည်ပမှာအလုပ်လုပ်နေတဲ့ တိုင်းရင်းသားဒေသ က သူတွေအတွက် နေရပ်ပြန်ဖို့ အာမခံချက်မရှိသေးဘဲ မြေလွတ်၊ မြေရိုင်း ဥပဒေကို အစိုးရက အကောင်အထည်ဖော်မယ်ဆိုရင် ပြဿနာ ပိုကြီးထွားလာနိုင်သလို ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မျှော်လင့်ချက်ကိုပါ ထိခိုက်နိုင်ကြောင်း မြေယာပြဿနာ ကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ မြေကို အသုံးချမယ်ဆိုရင် ဥပဒေပုဒ်မ ၂၇(က)အရ ၂နှစ်ထက်မပိုတဲ့ ထောင်ဒဏ် နဲ့ ဒဏ်ငွေ ငါးသိန်း ချမှတ်နိုင်တယ်ဆိုပြီး ကော်မတီက ၂၀၁၈ အောက်တိုဘာ ၃၀ မှာ ထုတ်ပြန်ထားပါတယ်။
မြေယာဥပဒေတွေကိုရေးဆွဲဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ အသံတွေပါဝင်ထည့်သွင်းဖို့လိုကြောင်း ဒို့မြေကွန်ရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိခမွန်းက ဗွီအိုအေကိုပြောပါတယ်။
“စိုးရိမ်မှုတွေလည်း တော်တော်ကြီးနေတယ်ပေါ့ ပြဿနာကိုက အခုလောလော ဆယ်ဖြစ်နေပြီပေါ့ ။ တချို့ဆို တရားစွဲခံထားရတဲ့ တောင်သူလယ်သမားတွေ ရှိတယ်ပေါ့။ အဲဒါတွေလည်းအများကြီးရှိတယ်။ နောက်ပြီး ဒေသခံတွေက ဒါကိုကန့်ကွက်နေပါလျက်နဲ့ အစိုးရက ဒါကို လုံးဝ လုံးဝ နားမထောင်ဘူး။ သူတို့က ရှေ့ဆက်ပြီးတော့ သွားနေတယ်။ ဒါဒီမိုကရေစီ အစိုးရ လက်ထက်ထဲမှာ ဒေသခံတွေရဲ့ စကားကို လုံးဝနားမထောင်ဘူး။ ဒေသခံတွေ လိုချင်တာကတော့ ဒေသခံတွေအားလုံးရဲ့ အသံကိုပါဝင်ရမယ်။ တိုင်းရင်းသား ကို ကိုယ်စားပြုတဲ့ မြေယာစနစ်ကြီးတခုဖြစ်ဖို့အတွက်ပေါ့နော်။ ပြောရမယ် ဆိုရင်တော့ အနာဂတ် ဖက်ဒရယ် မြေယာစနစ်တခုကြီး ပေါ်ပေါက်ဖို့အတွက်ပေါ့နော်။ အမှန်တကယ်အဲဒီလိုတော့ ရှိတယ်ပေါ့။”
မြေလွတ်၊ မြေရိုင်းလို့ အစိုးရသတ်မှတ်ထားတဲ့ပမာဏက စုစုပေါင်း ၅၄သန်းကျော် ရှိပါတယ်။ အစိုးရအဆက်ဆက်က မြေလွတ်၊ မြေရိုင်းကိစ္စကို အမိန့်ညွှန်ကြားချက်ထုတ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၂ရောက်မှ ဥပဒေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဲဒီဥပဒေကိုပဲ NLD အစိုးရလက်ထက် ၂၀၁၈ စက်တင်ဘာ ၁၁ရက်မှာ ပြစ်ဒဏ် သတ်မှတ်ချက်တွေ ထည့်သွင်းပြင်ဆင် ထုတ်ပြန်ခဲ့ပြီး ၆လအတွင်းမှာ မြေအသုံးချ ခွင့်လျှောက်ထားရမယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ မြေယာဥပဒေမှာ မိရိုးဖလာမြေယာပိုင်ဆိုင်မှုကို အကာကွယ်ပေးနိုင်မယ့် အချက်အလက်တွေထည့်သွင်းစဉ်းစားသင့်ကြောင်း အမေရိကန်သတ်အမတ်ကြီး စကော့ မာစီရယ်က ၂၀၁၈ ဒီဇင်ဘာ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အစိုးရသတ်မှတ်ထားတဲ့ ၆လတာ ကုန်ဆုံးရက်ဖြစ်တဲ့ မတ်လ ၁၁ ရက်မှာပဲ တိုင်းရင်းသား မြေယာကွန်ရက် ၁၉ ခုက ရန်ကုန် Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုကို စုပေါင်းလုပ်သွားဖို့ရှိကြောင်း ဒို့မြေကွန်ရက်က ပြောပါတယ်။