ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံမှာ မကြာသေးခင်က ပြုပြင်ပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေဆိုင်ရာများကို အလုပ်သမားအခွင့်အရေးဆိုင်ရာ၊ လယ်သမားများအခွင့်အရေး အကျိုးဆောင်အကြံပေး ရှေ့နေ ဦးပိုးဖြူ နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တာကတော့ မကြာသေးခင်က မြန်မာနိုင်ငံလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ် မြေရိုင်းဥပဒေနဲ့ လယ်ယာမြေဥပဒေတွေဟာ လယ်ယာမြေကိစ္စကို ကိုယ်ထိလက်ရောက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ လက်ခံနိုင်တဲ့ အဆင့်ရှိမရှိဆိုတာကို ရှေ့နေ ဦးပိုးဖြူ က ဆွေးနွေးပါ။ အကျဉ်းဆွေးနွေးပေးပါ။
ဦးပိုးဖြူ ။ ။ အဓိက ထောက်ပြစရာ ဆွေးနွေးစရာက လယ်ယာမြေဥပဒေတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီအထဲမှာ အဓိကဆွေးနွေးရမယ့်အကြောင်းအရာက ဥပဒေမဲ့။ ယခင် ဥပဒေဟောင်းတွေတုန်းက ပြဌာန်းချက်တွေရှိနေပါလျှက်နဲ့ လယ်လက်လွှတ်ဆုံးရှုံးသွားသူတွေနဲ့ ဘယ်လိုကာကွယ်ပေးနိုင်မယ်ဆိုတဲ့ ဥပဒေတလုံးတပါသာမှ မပါဝင်ခြင်းပဲလို့ ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဒီကိစ္စတွေသာ လွှတ်တော်မှာဆွေးနွေးကြတဲ့အခါ ဆွေးနွေးခဲ့ကြတာ ရှိပါသလား။ ဘာကြောင့်မပါဝင်ဘူးလဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စဉ်းစားခဲ့ပါသလဲ။
ဦးဖေသန်း ။ ။ လယ်ယာမြေဥပဒေနဲ့ ပတ်သက်လို့ ကျနော်တို့ လွှတ်တော်မှာ တော်တော်လေးကို အချိန်ယူပြီးတော့ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းပြည့်စုံလားဆိုတော့ သိပ်ပြည်စုံတဲ့အချိန်တော့ မရခဲ့ဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဥပဒေတွေကလည်း အသစ်ပြဌာန်းတာဆိုတော့ ကျနော်တို့ ဥပဒေတွေကလည်း အသစ်ရောက်လာတာဆိုတော့ ကျနော်တို့ဖက်မှာလည်း အားနည်းချက်တွေတော့ ရှိခဲ့ပါတယ်။ ပညာရှင်တွေ မဟုတ်တော့။ ဒါပေမဲ့ ကျနော်တို့က အခုန ဦးပိုးဖြူ ပြောသလိုပဲ လယ်သမားတွေရဲ့ လယ်ယာမြေသိမ်းပိုက်ခံရမှုကို ဒီ ဥပဒေမှာ ကာကွယ်ပေးနိုင်တာ မရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာဆိုရင်တော့ ကျနော်တို့ ကျေးရွာစီမံခန့်ခွဲရေးအဖွဲ့တွေက မှန်မှန်ကန်ကန်လုပ်နိုင်မယ့် စည်းကမ်းချက်တွေ ပါနေပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လယ်မြေတွေကို မတရားသိမ်းပိုက်နိုင်တဲ့ အခွင့်အရေး မရှိတော့ပါဘူး။ လယ်မြေတွေကို မှတ်ပုံတင်ပြီးတော့ စနစ်တကျလုပ်မှာမိုလို့ ပိုင်ရှင်တွေကလည်း တိတိကျကျ ဖြစ်လာမှာပါ။ တချိန်ကဆိုရင် ပိုင်ရှင်တွေက တိတိကျကျမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လယ်သမားတွေရဲ့ ရိုးသားတဲ့အားနည်းချက်တွေအပေါ်မှာ လုပ်ငန်းရှင်တွေ ဒါမှမဟုတ် အာဏာပိုင်တွေက ဝင်ပြီးတော့ သိမ်းဆည်းသွားတာတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ အဲဒါကြောင့်လည်း ဒီနေ့ နိုင်ငံတနိုင်ငံတဝှမ်းမှာ အဲဒီပြဿနာမျိုး ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကြတော့ ဒီဥပဒေက အရင်ရှိပြီးသာ ဆုံးရှုံးမှုတွေကို မကာကွယ်နိုင်ပေမယ့် နောက်အဲဒီလို မဖြစ်အောင် ကျနော်တို့ စနစ်တကျ မှတ်ပုံတင်ပြီးတော့ လုပ်သွားနိုင်မယ့် အခြေအနေရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးပိုးဖြူအနေနဲ့ အခုနပြောတဲ့ အချက်တွေကတော့ ဒီဥပဒေရဲ့ အဓိကအားနည်းချက်အဖြစ်နဲ့ ထောက်ပြလိုတယ်လို့ဆိုတယ်။ အားနည်းချက်အနေနဲ့ နောက်ထပ်ထောက်ပြစရာ ရှိပါသေးလား။ သို့တည်းမဟုတ် ဒီဥပဒေရဲ့ ကောင်းတဲအချက်၊ အရင်ကထက် တိုးတက်လာတဲ့ဆိုတဲ့ဘက်က ပြောစရာရှိပါသလား။
ဦးပိုးဖြူ ။ ။ ရှိတယ်ခင်များ။ အခုန ဦးဖေသန်း ပြောပြတဲ့အတိုင်းပဲ အခုလက်ရှိ လက်လုပ်စိုက်ပျိုးခွင့်ရနေကြတဲ့ လယ်သမားတွေအတွက်ကတော့ လယ်ယာမြေလုပ်ပိုင်ခွင့် အသိအမှတ်လုပ်ပိုင်ခွင့်တွေ ထုတ်ပေးတော့မယ် ဖြစ်တယ်ဆိုတာဟာ ဒီဥပဒေရဲ့ ထူးခြားချက်ပါပဲ။ ဒီလို လုပ်ပိုင်ခွင့်အသိအမှတ်ပြု လက်မှတ်တွေထုတ်ပေးမှာ ဖြစ်တဲ့အတွက် သူတို့လယ်ယာတွေကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေတခုကို ရောက်လိမ့်မယ်လို့ ကျနော်မျှော်လင့်ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ထူးခြားချက်တချက်လို့ ပြောနိုင်ပါတယ်။ သို့သော် လယ်ယာမြေကို လုပ်ပိုင်ခွင့် လက်မှတ်လောက် မပြောနဲ့၊ ဂရမ်မြေ ထုတ်ပေးထားတဲ့ဟာတွေကိုတောင် တရားမတရားရုံးတွေမှာ ပြောင်းပြန်ဖြစ်နေတာ ဗြောင်ဆန်နေတာပဲ။ ဒီတော့ လယ်ယာမြေလုပ်ပိုင်ခွင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားရုံလောက်နဲ့တော့ အခုနကပြောတဲ့ ကျေးရွာ၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက ဆုံးဖြတ်ပေးနိုင်မယ်။ တိတိကျကျ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် လုပ်ပေးနိုင်မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အဲဒီလို ခန့်ခွဲမယ့်အဖွဲ့တွေကိုယ်တိုင်ကိုယ်က ဥပဒေရေးရာ အလွတ်ကျွမ်းကျင်သူတွေ မဟုတ်ကြဘူး။ တရားစီရင်ရေးအသွင်ဆောင်လုပ်ငန်းကို စီမံခန့်ခွဲရေးက စီမံဆောင်ရွက်နေရပြီးတော့ အဲဒီ ဝန်ကြီးဌာနလက်အောက်ကပဲ ဖြစ်နေခြင်း။ တနည်းအားဖြင့် လွတ်လပ်တဲ့ စီမံခန့်ခွဲသူတွေ၊ လွတ်လပ်တဲ့ ဥပဒေကျွမ်းကျင်သူတွေ မပါဝင်ခြင်းကြောင့် စီမံခန့်ခွဲရေးလက်အောက်က တရားစီရင်ရေးတာဝန်ထမ်းရွက်ရတဲ့အဖွဲ့တွေဟာ ဝန်ကြီးဌာန စီမံခန့်ခွဲရေးဌာနဘက်ကိုပဲ ဘက်လိုက်တဲ့ကိစ္စတွေ ဖြစ်ပေါ်လာအုံးမယ်ဆိုတာ အသေအချာပါပဲ။ တောင်သူလယ်သမား တရားစီရင်ရေးအတွက် ခိုင်မာတဲ့ မူမရှိတာ ဒီဥပဒေရဲ့ အဓိက အားနည်းချက်လို့ ကျနော်ပြောချင်တယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဦးပိုးဖြူ ဒါပေမဲ့ ဒီမှာ separation of power အဓိက အာဏာ (၃) ရပ်ဖြစ်တဲ့ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာဟာ ဘယ်လောက် separate ဖြစ်လဲ၊ ဘယ်လောက် independence ဖြစ်လဲ။ ဘယ်လောက် တခုနဲ့တခု သီးခြားကင်းလွတ်စွာ ရပ်တည်နိုင်သလဲဆိုတဲ့ ပြဿနာကတော့ ပိုပြီးကြီးကျယ်တဲ့ ပြဿနာလို့ ထင်ပါတယ်။ အဲဟာကတော့ ဒီဥပဒေ မကဘူး တခြားကိစ္စတွေမှာလည်း အများကြီးရှိအုံးမယ် ထင်ပါတယ်။ အဲဒါကိုတော့ ကျနော်တို့ နောက်ပိုင်းမှာ အကျယ်ဆွေးနွေးကြတာပေါ့။ အခုလောလောဆယ် ကျနော် ဦးဖေသန်းကို ပြောချင်တာက ဒီလို ဥပဒေတွေ ပြဌာန်းတဲ့အခါ လွှတ်တော်အမတ်တွေကတော့ အကြောင်းအရာအားလုံးကို ဘယ်သိပါ့မလဲ။ ဒီမှာကတော့ public briefing တွေလုပ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ လူထုကိုချပြတယ်။ ဒီဥပဒေကို ကျနော်တို့ လွှတ်တော်က တင်သွင်းထားပါတယ်။ အတည်ပြုဖို့ အစီအစဉ်ရှိတယ်။ ကျွမ်းကျင်သူတွေ လာပြီးဆွေးနွေးနိုင်ပါတယ်ဆိုပြီး သူတို့က ကြိုတင်ပြီး ဥပဒေကြမ်းကို ဖော်ထုတ်တယ် လူတွေက ဆွေးနွေးတယ်။ ကျွမ်းကျင်သူတွေ ဥပမာ ဦးပိုးဖြူ က လွှတ်တော်အမတ် မဟုတ်ပေမယ့် ဒီကိစ္စကို လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ် သူတို့လို လူမျိုးဆွေးနွေးပိုင်ခွင့်ရှိတယ်။ အဲဒီလို အခွင့်အရေးမျိုး ဗမာပြည်မှာ ပေးတာရှိပါသလား။
ဦးဖေသန်း ။ ။ ဒီ မြေရိုင်းမြေလွတ် ဥပဒေ၊ လယ်ယာမြေဥပဒေ အဲဒီလို ခေါ်ယူပြီးတော့ တိုင်ပင်တာတို့၊ ဆွေးနွေးတာတို့တော့ ပြင်ပမှာတော့ ရှိရင်ရှိမှာပေါ့။ လွှတ်တော်ထဲမှာတော့ အဲဒီဟာမျိုးတွေ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အားနည်းတဲ့ဥပဒေတရပ် ဖြစ်ကောင်းလည်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဥပဒေတခုဆိုတာက အမြဲတမ်းဖြစ်နေရမယ်။ ဒီအတိုင်းပဲ တသက်လုံးသွားနေရမယ်လို့ မဟုတ်ပါဘူး။ ကျနော်တို့က ဒီဥပဒေတွေမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ပြည်သူရဲ့အသံကို နားထောင်ပြီးတော့ အမြဲတမ်းစောင့်ကြည့်ပြီးတော့ လွှတ်တော်မှာပြန်ပြီးတော့ ဒီဥပဒေကို ပြုပြင်ဖို့ပြန်တင်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အဲဒါကြောင့် စနစ်တခုအပြောင်းအလဲမှာ ကာလအပိုင်းအခြားဖြစ်လည်း တိုတောင်တဲ့ကာလမှာ ကျနော်တို့က အပြီးသတ်ဖြစ်ချင်တယ်။ ဘာမှအစွန်းမထွက်ချင်ဘူးဆိုတဲ့ အဲဒီလို အခြေအနေမျိုးတော့ မှန်းဆလို့ မရသေးပါဘူး။ ဒါပေမဲ့ အောက်ခြေမှာရှိတဲ့ မူလ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွေကတော့ ဦးပိုးဖြူ ပြောသလိုပါပဲ ဥပဒေ နားမလည်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရိုးရိုးတွေးကြည့်မယ်ဆိုရင် ဒီမြေဟာ ဘယ်သူ့မြေလဲဆိုတာတော့ ဒေသခံတွေက သိကြပါတယ်။ ဥပမာ ကျနော်တို့ မြေပုံမြို့နယ်မှာဆိုရင် တပ်ကသိမ်းတဲ့မြေတွေရှိတယ်၊ လုပ်ငန်းရှင်တွေကသိမ်းတဲ့မြေတွေရှိတယ်။ သူတို့သိမ်းတာက တောင်သူလယ်သမားတွေရဲ့ ဂရမ်မရှိတဲ့၊ လုပ်ပိုင်ခွင့်မရှိတဲ့၊ စနစ်တကျ မှတ်ပုံတင်မထားခြင်းရှိတဲ့မြေတွေကို သူတို့က အရောင်ဆိုးလိုက်တာ။ မြေပုံပေါ်ကြည့်ပြီး ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီးတော့ အရောင်ဆိုးလိုက်တာ။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင်၊ အမှန်တရားကို စီစစ်တွေးကြည့်မယ်ဆိုရင် ဒီ ဒေသခံအားလုံး၊ ကျေးရွာဥက္ကဌအပါအဝင် ဆရာတော်ကအဆုံး ဒီမြေတွေဟာ ဒီလူတွေပဲ ဓါးမဦးချ လုပ်ကိုင်ခဲ့ကြတယ်။ တာဘောင်တာရိုးတွေကိုဖို့တယ်။ ငုတ်ထွင်တယ်၊ ရှင်းလင်းတယ်။ အဲဒီလို ရှင်းလင်းပြီးလုပ်ကိုင်စားသောက်ခဲ့တယ်ဆိုတာကို ဒေသခံတွေအကုန်လုံး သိကြပါတယ်။ အဲဒါကြောင့် ဒီလို ဒေသခံတွေက ဆုံးဖြတ်တဲ့အထဲမှာလည်း ဥပဒေကို နားမလည်းပေမယ့် ဒါဟာ ဘယ်သူ့ဥစ္စာ၊ ဘယ်သူပိုင်ရှင်အရင်းအမှန်ဆိုတာကို သူတို့ ဆုံးဖြတ်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း ကို ထပ်မေးချင်တာက မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ အရင်တခါတုန်းက ကြားဘူးပါတယ်။ ဦးဖေသန်း က ကျနော်တို့ဆီမှာ ဆွေးနွေးဘူးပါတယ်။ ဥပမာအားဖြင့် မွေးမြူးရေးလုပ်ခွင့်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ငါးကန်၊ ပုဇွန်းကန်တွေ လုပ်လိုက်တာ၊ လူနေတဲ့ ရပ်ကွက်၊ ရွာထဲကိုပဲ ရေနစ်သွားတယ်။ ဒါကို ဘာမှအကာအကွယ် မပေးဘူး။ ဒါကြောင့် ဒီ ဥပဒေမှာတော့ လူနေတဲ့ ကျေးရွာတွေကိုတော့ အကာအကွယ်ပေးဖို့အတွက် တောင်းဆိုရမယ်၊ ဘာညာပြောခဲ့တာ ရှိပါတယ်။ အဲဒီ အချက်အလက်တွေ အခု ပြဌာန်းတဲ့ ဥပဒေမှာ ပါလာပါသလား။
ဦးဖေသန်း ။ ။ အဲဒါကတော့ လယ်မြေကို တခြားနည်းဖြင့် အသုံးမချဆိုတဲ့ ဥပဒေအပိုဒ်တွေတော့ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကာလတွေမှာတော့ ဒါမျိုးတွေက အများကြီးရှိပါတယ်။ ဥပဒေတခြား လုပ်တာတခြားပေါ့။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဌာနဆိုင်ရာတွေ လုပ်ကြတဲ့အပိုင်းတော့ ရှိတာပေါ့။ အဲဒီအချိန်အခါမျိုးမှာတော့ ကူမယ့်လူလည်းမရှိ ကယ်မယ့်လူလည်းမရှိဆိုတော့ ဒီပြဿနာတွေ အများကြီးရှုပ်ထွေးနေခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါတွေကို အနီးကပ်စောင့်ကြည့်ပါတယ်။ လိုအပ်ရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့၊ လွှတ်တော်ဥက္ကဌတို့ဆီ တင်ပြနိုင်တဲ့အတွက် အဲဒီကိစ္စတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ ကျေးရွာဘုံပိုင်မြေတွေ၊ ဓါးမဦးချလုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်ခြံမြေတွေကို လုပ်ပိုင်ခွင့် အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါတွေဟာ ပိုင်ရှင်တွေရဲ့ သဘောဆန္ဒအရပဲ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေတခုကို ကျနော်တို့ ပြဌာန်းနိုင်တဲ့အတွက် ဒီလွှတ်တော်ကြီးမှာတော့ ကျနော်တို့ အားနည်းချက်တွေ အမျိုးမျိုးရှိရင် ရှိမှာပါ။ ဒါပေမဲ့ ဒီကိစ္စတွေကို ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်သွားလို့ ရနိုင်တယ်။ မပြည့်စုံတဲ့ဟာကိုလည်း ပြည့်စုံအောင် ဖြည့်သွားရင် ရနိုင်တယ်ဆိုတဲ့ အကောင်းမြင်ဖက်ကနေ ကြည့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာ ဒီ ဥပဒေတွေ ပြဌာန်းပြီးတဲ့နောက်မှာ အဆိုးဆုံးဖြစ်လာတဲ့ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်လားတော့ ကျနော်မသိသေးဘူး။ အကောင်အထည်ဖော်ပြီလား။ ဒါဖြင့်ရင်လည်း အကောင်အထည်ဖော်ပြီပေမယ့် လောလောဆယ်မှာ အဆိုးဝါးဆုံးဖြစ်နေတဲ့ အခက်အခဲဆုံး ပြဿနာကဘာလဲဆိုတာကို ဦးပိုးဖြူ ဆွေးနွေးပါ။
ဦးပိုးဖြူ ။ ။ ဒီ ဥပဒေက အကောင်အထည် မဖော်သေးဘူး။ အာဏာတည်တဲ့ရက်ကို နိုင်ငံတော်သမ္မတ က မကြေညာသေးတဲ့အတွက်ကြောင့်မိုလို့ အာဏာသက်ဝင်ခြင်း မရှိသေးပါဘူး။ သို့သော် ဒီ ဥပဒေအတိုင်းသာ ဆောင်ရွက်မယ်ဆိုရင် တရားဝင် လက်လွှတ်ရှိတဲ့လယ်တွေကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပေးမယ်လို့ ဆိုတဲ့အတွက်ကြောင့် တရားဝင်လက်လုပ်ဆိုတဲ့သဘောသည် တရားဝင်လက်ရောက်ဆိုတဲ့ သဘောကို ဆက်လက်ပြီး အနက်အဓိပ္ပါယ်ဖွင့်ဆိုထားတာ၊ ပြဌာန်းထားတာ လုံးဝမရှိဘူး။ အဲဒါထက် အဆိုးဝါးဆုံးက ဒီ ဥပဒေ အာဏာသက်ဝင်ခြင်း မတိုင်ခင်တုန်းက အငြင်းပွားနေတဲ့ ပြဿနာရပ်တွေကို ဘယ်ဥပဒေတွေနဲ့ ဘယ်ဥပဒေစံတွေနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ပြဌာန်းချက်မျိုး လုံးဝပါဝင်လာခြင်း မရှိဘူး။ အဲဒါဟာ တောင်သူလယ်သမားတွေအတွက် အကြီးအကျယ် မျှော်လင့်ချက်မဲ့တဲ့ကိစ္စရပ်တရပ်လို့ ကျနော်မြင်ပါတယ်။ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမယ်ဆိုတာ မျှော်လင့်ကောင်းတဲ့အရာတခုပါ။ ဒါပေမဲ့လို့ တဖြည်းဖြည်းပြောင်းလဲနေတဲ့ ကာလထဲမှာပဲ ဘဝတွေပျက်နေတဲ့ မိသားစုတွေရဲ့ ကိစ္စတွေကို စဉ်းစားသင့်တယ်။
ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းအနေနဲ့ နောက်ဆုံး ဘာပြန်ပြောချင်ပါသလဲ။ ဦးပိုးဖြူ ထောက်ပြသွားတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့။
ဦးဖေသန်း ။ ။ အရင်တုန်းက သမိုင်းဇာတ်ကြောင်းတွေကတော့ အများကြီးပေါ့။ တနိုင်ငံလုံး ဥပဒေရေးရာမှာရော၊ လုပ်ပိုင်ခွင့်မှာရော၊ လက်သင့်ရာ စားတော်ခေါ်ခဲ့တဲ့ ကျနော်တို့နိုင်ငံလည်း ဒီလိုပျက်စီးသွားခဲ့ရတယ်။ အဲဒီလို မတရားမှုတွေတော့ အများကြီးရှိခဲ့တာပေ့ါ။ ဒီကိစ္စဟာ ဥပဒေတခု ပြဌာန်းတဲ့အခါမှာ တချို့တဝက်တော့ သက်သာသွားမှာကို ကျနော် ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ အဲဒီကိစ္စကို ဥပဒေ စိုးမိုးမှုရယ်၊ ဥပဒေမှာ လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်း ဥပဒေတွေမှာ တိကျတဲ့ အချက်အလက်တွေ၊ အထောက်အထားတွေ အဲဒါမျိုးတွေ ပါဝင်လာနိုင်ဖို့လည်း တဖြည်းဖြည်း လုပ်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ့်ဒေသမှာရှိတဲ့ မတရားမှုတွေကို သက်ဆိုင်ရာကို တင်ပြပါတယ်။ အခုလည်း လွှတ်တော်ထဲမှာဆိုရင် တရားသူကြီးတွေ အာဂတိလိုက်စားတာတွေကို ကျနော်တို့ ဆွေးနွေးနေကြတယ်။ တရားဥပဒေ စိုးမိုးရေးအပိုင်း။ အဲဒီလိုမျိုးပဲ ဒီ မြေရိုင်းမြေလွတ် ဥပဒေ၊ လယ်ယာမြေဥပဒေတွေမှာ မတရား အရင်က သိမ်းခံထားရတဲ့ လယ်မြေတွေကိုလည်း တင်ပြနေပါတယ်။ ကျနော်တို့ ခံယူထားတာကတော့ ဒါတွေကို ရအောင်လုပ်ရမယ်။ မရလို့ မဖြစ်ဘူး။ ရှေ့ဆက်ပြီး လုပ်သွားရမယ့်အပိုင်းမှာ ကျနော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ပြောသလို သတ္တိရှိရှိနဲ့ လုပ်ဆောင်သွားနိုင်ရင်တော့ ကျနော်တို့ ပြဿနာတွေတဖြည်းဖြည်း ပြေလည်သွားပါလိမ့်မယ်။ သိပ်ပြီးတော့ အချိန်လည်းစောင့်စရာမလိုတော့ဘူးလို့ ထင်ပါတယ်။