တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ အခြေခံဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင်ဖို့ ဥပဒေကြမ်း တရပ် ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ ဖက်က တင်သွင်း လိုက်ပါတယ်။ အဲဒီပြင်ဆင်တဲ့မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း လက်မှတ်တွေနဲ့ တင်သွင်းဖို့လုပ်တာဖြစ်ပါတယ်။ ဒီလိုတင်သွင်းခဲ့တာနဲ့ပတ်သတ်လို့ ဗွီအိုအေသတင်း ထောက်မေခက ပေးပို့ထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ အာဏာရပါတီ NLD ဘက်က လွှတ်တော်မှာ ကြိုးစားလာတဲ့နောက် အခုလို ပြိုင်ဘက် ကြံခိုင်ရေးပါတီဘက်ကလည်း ပြင်ဆင်ဖို့ တင်သွင်းလာတာဖြစ်ပါတယ်။ တည်ဆဲ ဥပဒေအရ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ပြင်ဆင်တဲ့မူကြမ်းကို တင်သွင်းတဲ့ အခါ ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေး ရမယ်လို့ ပါရှိထားတာပါ။ ဒီလိုပါရှိထားတာကြောင့် ကြံ့ခိုင်ရေးပါတီဘက်က အခုလိုတင်သွင်း ခဲ့တာဖြစ်တယ်လို့ တင်သွင်းတဲ့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောပါတယ်။ ပြင်ဆင်ဖို့တင်သွင်းတဲ့ ဥပဒေတွေနဲ့ပတ်သတ်လို့
"အုပ်ချုပ်ရေး ပုဒ်မ ၂၆၁ပေါ့။ ၂၆၁မှာ ကကြီးကနေ ငအထိပါပါတယ်။ (က)ကတော့ ပြည်နယ်တိုင်းဒေသဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းကိူ ဖော်ပြထားတာဖြစ်ပြီး(ခ)(ဂ)(ဃ)(င) အပိုင်းတွေကိုဘဲ ပြင်ဆင်ဖို့ တင်တာပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးပိုင်းနဲ့ပတ် သတ်လို့ ဘဲပြင်ဆင်ချက်တင်တာပါ"
ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က တိုင်းပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးပိုင်းပြင်ဆင်ဖို့ ပြောဆိုခဲ့တာမျိုးရှိခဲ့ ပြီးနောက်အခုလို ပြင်ဆင်ဖို့ လွှတ်တော်ဘက်မှာ တပ်နဲ့နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီဘက်ကနေ တိုင်းပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးပိုင်းပြင် ဆင်ဖို့ တင်သွင်းလာတပါ။ လက်ရှိပြင်ဆင်ဖို့တင်တာမှာလည်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပါတီတချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဘက်ကတော့ သူတို့အနေနဲ့ ပြင်ဆင်သင့်တဲ့ ဥပဒေမို့ တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုဒ်မ ပြင်ဆင်ဖို့တင်သွင်းလာတာ နဲ့ပတ်သတ်လို့ဦးသောင်းအေးက
"ပြင်သင့်တာတွေပြင်မယ်ဆိုပြီး နဂိုထဲကပြောဆိုထားတာပါ။ ဒီထဲကနေပြည်သူလူထူနဲ့ တိုင်းရင်းသားညီကိုမောင်နှမတွေအတွက် အလိုအပ်ဆုံး ကိစ္စတခုကို စပြီးတော့တင်တာဘဲဖြစ်ပါတယ်။ ပြည်နယ်တိုင်းဒေသကဝန်ကြီးချုပ်ကို ပြည်နယ်နဲ့တိုင်းဒေသက ရွေးချယ်ခံထားခွင့်ရအောင်၊ အမျိုးသားညီညွှတ်ရေးကော၊ တိုင်းရင်းသားအခွင့်အရေးကောရလာနိုင်ဖို့ အတွက် မေ ျှာ်မှန်းချက်နဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချနိုင်ရေးဆိုတဲ့ဟာတွေ အတွက် အခုလိုတင်တာပါ"
တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ခန့်ထားရေးပတ်သက်လို့ တိုင်းရင်းသားပါတီတွေဖက်က ဟိုး အစောပိုင်းကတည်းက စောကဒ တက်ခဲ့တာတွေရှိပါတယ်။ အဓိကအားဖြင့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်တာ မဟုတ်ပဲ၊ ဒေသလွှတ်တော်ကနေ ရွေးချယ်ဖို့ပါ။ ဥပမာဆိုရင် လက်ရှိ ရခိုင်လွှတ်တော်မှာ အများစုအနိုင်ရထားတဲ့ ANP ပါတီက ဒေသအစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်မရှိပဲ၊ နိုင်ငံတော်သမတကပဲ တိုက်ရိုက်ခန့်ထားတဲ့ကိစ္စပါ။ ဒါကြောင့်လည်း တိုင်းနဲ့ပြည်နယ် ဝန်ကြီချုပ်ခန့်ထားရေး ပြဌာန်းချက်ကို ပြင်ဆင်ဖို့ တိုင်းရင်းသားတွေဖက်က လိုလားကြပါတယ်။
ရခိုင်အမျိုးသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဒီလို တင်ပြလာတာတွေကို ပါတီကြီးနှစ်ရပ်ရဲ့ အားပြိုင်မှုအဖြစ် မြင်ပါတယ်။
"ထိပ်တိုက်တွေ့လာနိုင်တာကတော့ တပ်မတော်နဲ့ NLD ပါတီကြားထဲမှာလို့ မြင်ပါတယ်။ ပုဒ်မ ၅၉ (စ) တို့ တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတာတို့ ၊ အဲဒီ ပုဒ်မကို မပြင်ရင်လည်း NLD ဘက်က မပြင်ရဲတာကျမှာပေါ့။ ပြင်ရင်လည်း တပ်က လျော့ပေးမယ့် ပုံမရှိဘူး။ ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲပေါ့ ၊ ကျနော်တို့ဘက်က ဒီမိုကရေစီ ဘယ်လောက်အထိ ဆောင်မလဲ ၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းယူထားတာကို လျော့ချနိုင်မလား ဆိုတဲ့အပေါ်မှာ အခုလောလောဆည်တော့ တပ်ဘက်ကတော့ အဲလိုလက္ခဏာမပြသေးဘူးလို့ ကျနော်မြင်တယ်။ NLD နဲ့သူတို့ အကြားမှာရော ဘယ်လောက်အထိ ညှိနှိုင်းမှုရှိပြီလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ ဒါပေမယ့် လုပ်ကတည်းက သူတို့ ကော်မတီ ဖွဲ့စည်းရေးနဲ့ ကန့်ကွက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတော့ ကျနော်တို့အနေနဲ့တော့ ထိတ်တိုက်တွေ့လာနိုင်ဖို့များတယ်။ ဒါပေမယ့် NLD အနေနဲ့ကလည်း သိပ်မျှော်လင့်တာမဟုတ်ဘူးလို့ ထင်တယ်။"
ဥပဒေကြမ်း တင်သွင်းမှုနဲ့ပတ်သတ်လို့ လွှတ်တော်ဘက်က ဘယ်လိုဆုံးဖြတ်ဦးမလဲဆိုတာမသိရသေးပါဘူး။ လက်ရှိမှာတော့ ဥပဒေကြမ်းကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဌဘက်က လက်ခံထားတယ်လို့ တင်သွင်းခဲ့တဲ့ ဦးသောင်းအေးကဆိုပါတယ်။
Your browser doesn’t support HTML5