သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်မှာ NLD အရေးကြီးအဆိုတင်


 ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပထမဆုံး လုပ်ဆောင်ချက်တခုနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုစတင်တဲ့အချိန်မှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ကန့်ကွက်တဲ့ထဲမှာပါတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ကို ကန့်ကွက်တာမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းကို ကန့်ကွက်တာသာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၄ က NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတရပ်အနေနဲ့ တင်သွင်းတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ စောလျင်စွာပြင်ဆင်ရေးအတွက် ဥပဒေ ပြင်ဆင်ရေး ကော်မတီတရပ်ဖွဲ့ဖို့ အဆိုတင်သွင်းတာဖြစ်ပြီး လက်ရှိတည်ဆဲ ဖွဲ့စည်းပုံဥပဒေမှာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာ တွေ ပါနေတာကြောင့် ပြင်ဆင်ရေးကိစ္စ တင်ပြရတာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောသွားပါတယ်။

"ဒီမိုကရေစီစံချိန်းစံညွှန်းနဲ့မညီတဲ့ ပြဌာန်းချက်တွေ၊ ရှေ့နောက်မညီညွှတ်ဘဲကွဲလွဲဆန့်ကျင်နေတဲ့ ပြဌာန်းချက်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ဖွဲဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဌာန်းချက်တွေ၊ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ပြဌာန်းချက်တွေ၊ အပြန်အလှန်ထိန်းကျောင်းရမယ့် မဏ္ဍိုင် ၃ ရပ်မှာ တဖက်ထဲကို တဖက်စောင်း နင်းဖြစ်စေတဲ့ ပြဌာန်းချက်တွေ၊ နိုင်ငံသားတွေရဲ့ တန်းတူညီမျှရေးကို အကာအကွယ် ပေးနိုင် ခြင်းမရှိတဲ့ ပြဌာန်းချက်တွေနဲ့ စစ်မှန်ပြီးလွတ် လပ်တဲ့ ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ထိခိုက်နိုင်တဲ့ ပြဌာန်းချက်တွေ ရှိနေတာကိုတွေ့ရပါတယ်"

ဒီမိုကရေစီစနစ်နဲ့ သွားနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိုအပ်ချက်တွေရှိနေတဲ့အပြင် ၂၀၁၃ ခုနှစ်က NLD ဦးဆောင်ပြီး လူထုသဘောထား ကောက်ယူခဲ့တာအရ ၉၇% သော တိုင်းရင်းသားပြည်သူတွေက ပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်လို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒီအရေးကြီးအဆို တင်ပြတဲ့အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင် ရေးလုပ်မယ်ဆိုရင် ပြဌာန်းထားနဲ့ ဥပဒေတွေနဲ့အညီ လုပ်ရမှာဖြစ်တဲ့အတွက် အခု အဆိုတင်တာမှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက် ညီတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဦးဆောင်ကန့်ကွက်သူတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်အစည်း အဝေးအတွင်း ပြောသွားပါတယ်။

"ကျတော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅ ဇယား ၄မှာပါတဲ့အတိုင်း ကတိသစ္စာ ပြု ပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်။ နိုင်ငံတော်ဥပဒေတွေကိုလေးစားလိုက်နာပါမည် ဆိုပြီး ကတိ သစ္စာ ပြုထားပြီးသူများဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အရေးကြီးဥပဒေတွေကို ပြင်ဆင်နေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ မိမိ ဆောင်ရွက်ချက်တွေကို ဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။ ဥပဒေကိုကျော်လွန်လုပ်ဆောင်တာ၊ ဥပဒေကို လက်တလုံး ကြားလုပ်ဆောင်တာ တွေလုပ်ရင်တော့ ပေါ်ထွက်လာမယ့် အကျိုးရလဒ်ကလည်း (နိဂုံးချုပ်ပါ၊ နိဂုံးချုပ်ပါ) မှန်ကန် ကောင်းမွန်မှာ မ ဟုတ်ဘဲနဲ့ အဂတိတရားတွေ နဲ့မကင်းတဲ့အရာတွေဘဲဖြစ်မှာပါ။ ကျနော်တို့က လုပ်ထုံးလုပ်နည်းနဲ့ အညီသာ လုပ်လိုပါတယ်။ လုပ်ထုံးလုပ်နည်း နဲ့မညီမလုပ်သင့်ပါကြောင်းတင်ပြလိုပါတယ်"

ဗိုလ်မှူးချုပ်မောင်မောင်က အဲဒီလိုတင်ပြပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ထပ် ရှင်းလင်း ပြောဆို ပြီး တင်ပြချက်ကို လွှတ်တော်က လက်မခံဘူးလို့ ပြောပါတယ်။ အဲဒီလိုပြောပြီးချိန်မှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်အားလုံး မတ်တပ်ထရပ်တာကြောင့် ဦးတီခွန်မြတ်က “အဲဒါ ဘာသဘောလဲခင်ဗျာ” လို့ မေးပါတယ်။ အဲဒီအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြန်ပြောတာကိုတော့ ရုပ်သံထုတ်လွှင့်ချက်မှာ ရှင်းရှင်းလင်းလင်း မကြားခဲ့ရပါဘူး။

အဲဒီနောက် NLD လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ် လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးက အခုလို အဆိုတင်သွင်းတာဟာ ဥပဒေအရကော လုပ်ထုံးလုပ်နည်းအရပါ ညီညွတ်တယ်လို့ ပြန်လည် ဆွေးနွေးပါတယ်။

အဲဒီနောက် မတ်တပ်ရပ်နေတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ထိုင်ပေးကြဖို့ လွှတ်တော်နာယကက ပန်ကြား ပြောဆိုပြီး ကန့်ကွက်သူရှိတဲ့အတွက် စက်ခလုပ်နဲ့ မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ရလဒ်ကို နာယက ဦးတီခွန်မြတ်က အခုလို ကြေညာ သွားပါတယ်။

" အဆိုထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေမဲ ၃ မဲဖြစ်ပါတယ်။ ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရှိတဲ့အတွက် ၃ ပုံတပုံ ရရှိတာဖြစ်ပါတယ်။ ထောက်ခံမဲ ၃ ပုံ ၁ ပုံရရှိတဲ့အတွက် ဦးအောင်ကြည်ညွှန့်ရဲ့ အရေးကြီးအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ အတည်ပြုကြောင်း ကြေညာပါတယ်။"

ဒီအဆိုကို ဆွေးနွေးမယ့်သူတွေအနေနဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းဖို့ လွှတ်တော် နာယကက ပြောပြီး လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပြန်ကျင်းပမယ်လို့ ကြေညာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရေးအဆို NLD ပါတီက တင်သွင်းတာနဲ့ အဲဒီအဆိုတင်သွင်းပုံအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနေပါတယ်။ ဒီအမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ တင်ပြတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒါဟာလုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိကြောင်း တင်ပြခဲ့တဲ့အပေါ်မှာ မတူကွဲပြားတဲ့အမြင်တွေ ရှိနေတာပါ။

မြန်မာနိုင်ငံ ရှေ့နေ့များကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ဆိုရင် တပ်မတော်ဘက်က တင်ပြချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အခန်း၁၂ ပါ အချက်တွေနဲ့ ကိုက်ညီကြောင်း အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံပြင်ဆင်ချင်တယ်ဆိုရင် ဒီ ၂၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ ဥပဒေကြမ်းတရပ် တင်ပြရတယ်။ အဲဒီ ဥပဒေကြမ်းမှာ ဘာမှ မပါရဘူး။ဖွဲ့စည်းပုံပြင်ဆင်ရေးတခုတည်းရှိရတယ်။ အဲဒါတော့ဟုတ်ပြီ ဟိုဘက်က တင်ပြတာ ။ ပူးပေါင်းပါဝင် ကျော်မတီဖွဲ့ဖို့မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံပြင်ဖို့အတွက် ဒီအတိုင်းသွားရမှာ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တဲ့အတွက် ပူးပေါင်းကော်မတီ တင်ပြတာတို့ ဖြစ်နိုင်တာပေါ့နော်။ ”

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပထမ ခြေလှမ်းဖြစ်တာကြောင့် ဒီအဆိုတင်ပြချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုရှိတယ်လို့ မြင်ကြောင်း ပြောပါတယ်။

“လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီပါတယ်။ အခုက အဲဒီအဆင့်ကို သွားဖို့အတွက် ပဏာမ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်ဖို့ အတွက် ဖွဲ့လိုက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ဘက်က ကန့်ကွက်တာကတော့ စောတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေပြင်မယ်ဆိုတာကို သူတို့ အဆိုပြုလာတဲ့ အခါမှာ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်ချင်ရင်ပေါ့နော် ပဏာမ ဒီဟာ ဖွဲ့စည်းပုံအခြေခံပြင်ရေးမပြင်ရေးဆိုတဲ့ အပိုင်းလေး စပြီးတော့ ခြေလှမ်း လှေကားတထစ်တက်တဲ့ အဆင့်လေးပဲ ရှိသေးတာကို ကန့်ကွက်တာကတော့ တပ်ဘက်က နည်းနည်းလေး ဆန္ဒစောတယ်လို့ ထင်ပါတယ်။ ”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ နှစ်ဘက်စလုံးက လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုရှိနေကြောင်း သုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နှစ်ဘက်စလုံးက လိုလားတယ်ဆိုရင် လုပ်ထုံးလုပ်နည်းအပေါ်မှာ အငြင်းမပွားဘဲ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။

“ ပူးပေါင်းကော်မတီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လည်းပါမယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်လည်းပါမယ်။ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လည်းပါမယ်။နောက်ပြီး ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လည်းပါမယ်။ အားလုံးပါဝင်တဲ့ ပူးပေါင်းကော်မတီတရပ်ကို ဖွဲ့စည်းဖို့ ရည်ရွယ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီအပေါ်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒါ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတဲ့ ဘက်ကနေပြီးတော့ အမြင်သဘောထားကွဲလွဲတယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်တယ်။ ဒီအမြင်သဘောထားကွဲလွဲမှုကို ၂ ဖက်ကြားမှာ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာနိုင်တဲ့ လမ်းကြောင်းတခု ပေါ်လာဖို့ လိုတယ်လို့ မြင်တယ်။ အဲလိုမဟုတ်ပဲနဲ့ ၂ ဖက်ကြားမှာ တင်းမာမှုတွေ သဘောထားမတိုက်ဆိုင်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ နိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက်မှာ အဟန့်အတားဖြစ်လာမှာကို စိုးရိမ်စရာရှိတယ်။"

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုကို ဆက်လက်ဆွေးနွေးရေးအတွက် စက်ခလုပ်သုံးပြီး လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာမှာ မဲမပေးသူ ၁၈၇ ဦးရှိတာကြောင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေအားလုံး မဲမထည့်ခဲ့ကြဘူးလို့ သုံးသပ်ကြတာတွေရှိပါတယ်။

ဒီအခြေအနေအပေါ်မှာ ဒေါက်တာရန်မျိုးသိမ်းက သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ ကျနော်စိုးရိမ်တာတခုကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲတဲ့နေရာမှာ မဲလုံး၀ မပေးခဲ့တာကိုကြည့်ရင် သူက လုပ်ငန်းစဉ်ကြီးထဲမှာ ပူးပေါင်းပါဝင်မှာမဟုတ်ဘူးလို့ အချက်ပြလိုက်တာများဖြစ်မလားလို့ ကျနော်ကတော့ စိုးရိမ်တယ်။ တကယ်လို့ ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းပြီးတော့ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်တဲ့အချိန်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ပူးပေါင်းပါဝင်တာမလုပ်တာမျိုး ပူးပေါင်းပါဝင်ဖို ငြင်းဆန်တာမျိုး ဖြစ်လာရင် ပိုပြီးတော့ ထိပ်တိုက်တွေ့လာမယ်။ ပိုပြီးတော့ တင်းမာမှု ဖြစ်လာမယ်ဆိုရင် အရပ်ဖက်ခေါင်းဆောင်တွေနဲ့ စစ်ဖက်ခေါင်းဆောင်တွေအကြားမှာလည်း ယုံကြည်မှု နားလည်မှု တည်ဆောက်ရေးဟာ ပိုပြီးတော့ ဆုတ်ယုတ်လာနိုင်စရာရှိတယ်လို့ မြင်ပါတယ်။"

ဒီအခြေအနေကြောင့် ပူးပေါင်းကော်မတီ မဖော်ဆောင်ခင်မှာ အရပ်ဘက် ခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြားမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် တစ်ရပ်ရအောင် အရင်ဆုံးဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေကြောင်းလည်း သုံးသပ်ပါတယ်။

XS
SM
MD
LG