သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး အကြပ်အတည်း ဘယ်လို ကျော်လွှားမလဲ


ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အဆိုကန့်ကွက်နေတဲ့ တပ်မတော်သားကိုယ်စားလျယ်များ
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အဆိုကန့်ကွက်နေတဲ့ တပ်မတော်သားကိုယ်စားလျယ်များ

လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပေးထားခဲ့တဲ့ ကတိအတိုင်း အင်န်အယ်လ်ဒီ ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး စ ပြီး အကောင်အထည် ဖော်နေပါပြီ။ လွှတ်တော်တွင်း စတင်တဲ့ အဲဒီ အကောင်အထည် ဖော်မှုဟာ “ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ” တစ်ရပ် ဖွဲ့ဖို့ အဆိုတင်တဲ့နေ့မှာပဲ တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်တာ ကြုံရပါတယ်။ ဖွဲ့စည်းပုံပြင်ရေး အင်န်အယ်လ်ဒီ ဘက်က လုပ်ထုံးလုပ်နည်းအရ မှားနေလို့ ကန့်ကွက်ရတာ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်နေတာ မဟုတ်ဘူးလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသလို၊ နောက်ပိုင်း မိတ္တီလာ စစ်လေ့ကျင့်ရေးပွဲ သွားခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဲလိုပဲ ပြောခဲ့ပါတယ်။ လွှတ်တော်တွင်းမှာ စ လိုက်တဲ့ အင်န်အယ်လ်ဒီ ရဲ့ ဖွဲ့စည်းပုံပြင်ရေး ဘာ အခက်အခဲတွေ တွေ့လာနိုင်သလဲ၊ ကျော်လွှားနိုင်ဖို့ နည်းလမ်းရော ရှိပါဦးမလား ဆိုတာ ခုတစ်ပတ် လေ့လာ ဆွေးနွေးကြည့်မှာပါ။

တကယ်တော့ လွှတ်တော်တွင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားတယ် ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင် သူရဦးရွှေမန်း လွှတ်တော် အကြီးအကဲ တာဝန်ယူခဲ့တဲ့ ပထမအကြိမ် လွှတ်တော် သက်တန်းကာလတုန်းကလည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ပထမ အဆင့်အနေနဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ တစ်ရပ် အရင် ဖွဲ့စည်းပါတယ်။ အဲဒီ ကော်မတီဟာ လွှတ်တော်တွင်း ပါတီတွေနဲ့ ဆွေးနွေးရုံတင်မက ပြင်ပက လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကိုပါ ဖိတ်ခေါ် အကြံပေးစေပါတယ်။ အဲဒီကမှ နောက်တဆင့် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး အဲဒီ ကော်မတီက ပြင်ဆင်မယ့် ဥပဒေကြမ်း ထွက်လာတဲ့အထိ ဆောင်ရွက်ခဲ့တာမျိုးပါ။ လက်ရှိ အင်န်အယ်လ်ဒီ ပါတီက လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာတော့ အရင်လွှတ်တော်တုန်းက လုပ်ခဲ့သလို၊ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့တာမျိုး မလုပ်တော့ပဲ ဖွဲ့စည်းပုံပြင်ရေး၊ ပူးပေါင်းကော်မတီ ဖွဲ့ရေး အဆင့်ကို သွားလိုက်တာပါ။ လွှတ်တော်တွင်း အင်န်အယ်လ်ဒီ အမတ် ဦးအောင်ကြည်ညွန့် တင်တဲ့ အရေးကြီး အဆို အပြည့်အစုံကတော့ “ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။

ဦးအောင်ကြည်ညွန့်ကတော့ ဖွဲ့စည်းပုံထဲက အကြောင်းခြင်းရာ (၇) မျိုးလောက် ပြင်ချင်တယ် ဆိုပြီး လွှတ်တော်တွင်းမှာ ပြောပါတယ်။ အဲဒါတွေကတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ညီညွတ်ခြင်း မရှိတဲ့ ပြဌာန်းချက်တွေ၊ ရှေ့နောက် ညီညွတ်ခြင်းမရှိ ကွဲလွဲဆန့်ကျင်နေတဲ့ ပြဌာန်းချက်တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတား ဖြစ်နေတဲ့ ပြဌာန်းချက်တွေ၊ ပါတီစုံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အဟန့်အတား ဖြစ်စေတဲ့ ပြဌာန်းချက်တွေ၊ အပြန်အလှန် ထိန်းကျောင်းရမယ့် ဒီမိုကရေစီ မဏ္ဍိုင်ကြီးသုံးရပ်ကို တစ်ဖက်စောင်းနင်း ဖြစ်စေတဲ့ ပြဌာန်းချက်တွေ၊ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိတဲ့ ပြဌာန်းချက်တွေ၊ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတရေးကို ထိခိုက်စေတဲ့ ပြဌာန်းချက်တွေကို ပြင်ချင်တယ်လို့ ဆိုထားပါတယ်။ ဦးအောင်ကြည်ညွန့် လွှတ်တော်ကို တင်ပြချက်အရ ဆိုရင် ဖွဲ့စည်းပုံထဲက ပုဒ်မ အတော်များများ ပြင်ဆင်လိုတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ မတ်တပ်ရပ် ကန့်ကွက်ကြပြီး အဆိုကို မဲခွဲတာမျိုး မလုပ်ဖို့ လွှတ်တော်နာယက ကို တောင်းဆိုပါတယ်။ ဥပဒေအရ မဲခွဲတဲ့အခါမှာလည်း မဲမပေးပဲ နေခဲ့တဲ့အကြောင်း၊ လွှတ်တော်စည်းဝေး အပြီးမှာ ဗိုလ်မှူးချုပ်မောင်မောင်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါတင်မက အဆိုကို ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ စာရင်း မပေးခဲ့သလို၊ လွှတ်တော် နာယက ဆီကိုလည်း ကန့်ကွက်စာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံပြင်ရေး၊ ပူးပေါင်းကော်မတီဖွဲ့ရေး အဆို လွှတ်တော်တွင်း တင်ပြီး နောက်ပိုင်းအခြေအနေတွေကို ကြည့်ရင် အင်န်အယ်လ်ဒီ ပါတီ အကြပ်အတည်းတစ်ရပ်ထဲ ရောက်နေပြီလို့ သုံးသပ်နိုင်ပါတယ်။ ခုဆိုရင် အဆိုကို ဆွေးနွေးမယ့်အထဲ တပ်မတော်သား အမတ်တွေ မပါဝင်တော့ပါဘူး။

အရင် ပထမအကြိမ် လွှတ်တော် ဖွဲ့စည်းပုံပြင်ဖို့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဦးဆောင်ပြီး ကြိုးစားခဲ့စဉ်က အဲလို ပူးပေါင်းကော်မတီမျိုးမှာ တပ်မတော်သား အမတ်တွေလည်း ပါပါတယ်။ လွှတ်တော်ထဲ ပါဝင်မှု အရည်အတွက်ကိုလိုက်ပြီး ကော်မတီမှာ ပါဝင်ခွင့်ကိုလည်း အချိုးကျ လုပ်ထားတဲ့အတွက် အဲဒီကော်မတီမှာ ပြည်ခိုင်ဖြိုး အမတ်တွေက အများစုလွှမ်းမိုးထားတာပါ။ ဒုတိယ တပ်မတော်သား ကိုယ်စားလှယ်တွေဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဝင်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ အနည်းစု ဖြစ်ပါတယ်။ အခြား ပါတီငယ်တွေကတော့ ပါတယ် ဆိုရုံ ပါကြရတာမျိုးပါ။ ဒီအတွက် အဲဒီ ကော်မတီရဲ့ ၂၀၀၈ဖွဲ့စည်းပုံကနေ ဘယ်အချက်တွေကို ပြင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ သဘောမတူတာ အများကြီးပါခဲ့ပြီး၊ တကယ့်တကယ် ဥပဒေကြမ်းကို လွှတ်တော်ထဲတင်၊ မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်ဘက်က ထောက်ခံမှု မရတော့ ဘာမှ အရာမထင် ဖြစ်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ကြိမ် ဖွဲ့စည်းပုံ ပြင်တုန်းက ဘယ်အချက်တွေ ပြင်မလဲ ရှာဖွေတဲ့ ပူးပေါင်းကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါခဲ့စဉ်တုန်းကတောင် အောင်မြင်မှု မရခဲ့လေတော့ အခု ပူးပေါင်းကော်မတီ ဖွဲ့ရာမှာ တကယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါဝင်ဘူး၊ သပိတ်မှောက်ထားမယ် ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ရေး အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမဆို တပ်မတော်ဘက်ကသာ သဘောမတူရင်၊ လက်မခံရင် ပြင်လို့ ရမှာ မဟုတ်လို့ပါပဲ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အင်န်အယ်လ်ဒီ မှာ လုပ်စရာ နည်းလမ်း များများစားစား မရှိပါဘူး။ ပထမ တဆင့် အချိန်အခါ ကာလ နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်လောက်ကိုပဲ ပြင်မယ် ဆိုတဲ့ လမ်းညွှန်မြေပုံ တစ်ခု တိတိကျကျ ရှိထားဖို့ လိုပါတယ်။ အဲဒီအချက်တွေ ပြင်လိုက်ရင် တပ်မတော် ခေါင်းဆောင်တွေဘက်က အကျိုးစီးပွား သိပ် အများကြီး မထိခိုက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုသလို၊ အဲဒီ အချက်တွေကို တပ်မတော်ခေါင်းဆောင်တွေ လက်ခံလာအောင် စည်းရုံး ဆွဲဆောင်နိုင်တဲ့ အရည်အချင်းမျိုး ရှိဖို့လည်း လိုအပ်ပါတယ်။ အားလုံးနီးပါး ပြင်ချင်တယ်၊ တံခါးအားလုံးကို ဖွင့်နိုင်မယ့် ပုဒ်မ ၄၃၆ ပြင်ချင်တယ် ဆိုနေလို့ကတော့ အောင်မြင်မှု မရနိုင်ပါဘူး။ ဒီလိုငြင်သာတဲ့နည်းနဲ့ တပ်မတော် ခေါင်းဆောင်တွေဘက်ကို ဘယ်လိုမှ ချည်းကပ်လို့မရဘူး၊ ဆွေးနွေးမခံဘူး၊ တံခါးကို အသေပိတ်ထားတယ် ဆိုရင်တော့ ပြည်သူလူထု အားကိုယူ၊ ငြိမ်းချမ်းတဲ့နည်းနဲ့ အသိပေးတာမျိုး၊ ဖိအားပေးတာမျိုး လုပ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည် ဖော်တယ် ဆိုတာဟာ တကယ်အောင်မြင်အောင် ရည်မှန်းချက်ရှိရှိ စနစ်တကျ အကောင်အထည် ဖော်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ပြည်သူတွေကို ကတိပေးထားလို့ လုပ်ပြရတာပါ ဆိုတာမျိုး ကတော့ မဖြစ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG