ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီက ဒီရက်ပိုင်းတွေအတွင်းမှာ လုပ်ငန်းတွေစတင်ဖို့ ရှိနေပြီဖြစ်ပါတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးခေါင်းဆောင်နဲ့ ပညာရှင်တွေက လုံခြုံရေးကို အဓိကထားဖို့နဲ့ နိုင်ငံသားစိစစ်ဖို့ကို အလေးဂရုပြုဖို့ လိုလားနေကြပါတယ်။ ဒီအမြင်သဘောထားတွေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီကို ဒီလ ၁၂ရက်နေ့က ဖွဲ့စည်းလိုက်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဖို့ မြေပြင် ကွင်းဆင်းလေ့လာတာတွေကို ၁၈ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။
ရခိုင်နိုင်ငံရေးခေါင်းဆောင်နဲ့ ပညာရှင်တွေက အကြံပြုချက်တွေကို ကော်မတီက အကောင်အထည်ဖော်ရာမှာ ရခိုင် အပါအဝင် ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထားတွေ နဲ့ ပူးပေါင်းပါဝင်ရေးတွေကို အလေးထားဖို့ လိုလားကြောင်း ပြောကြပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကော်မတီနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်သဘောထားကို အခုလို ပြောပါတယ်။
"ဒီကော်မတီနဲ့ပတ်သက်လို့လည်း ကျနော်တို့က သတိထားစောင့်ကြည့်မယ့် သဘော ရှိပါတယ်။ ဒီကော်မတီရဲ့အနေအထားကို ပြန်ကြည့်တဲ့အခါမှာ အမျိုးသားလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ နောက် နိုင်ငံတကာ သံတမန် အခင်းအကျင်းမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ နိုင်ငံရေးအားဖြင့်လည်း ဆုံးဖြတ်နိုင်တဲ့ နောက်တခုက သမိုင်းဆိုင်ရာ အတွေးအခေါ်အယူအဆ ခိုင်ခိုင်မာမာရှိတဲ့ ပုဂ္ဂိုလ်တဦးဦး ဦးဆောင်ရင် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့အမြင်လည်းရှိပါတယ်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်တဲ့ နိုင်ငံတကာသံတမန်ရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်မျိုးတွေ ပါဖို့လိုအပ်တယ်လို့ ထင်ပါတယ်။"
နိုင်ငံသားစိစစ်ရေးနဲ့ပတ်သက်လို့လည်း ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။
" ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပြန်စိစစ်တာတော့ မြန်မာနိုင်ငံကနေပြီးတော့ စွန့်ခွာသွားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ နေခဲ့ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အထောက်အထား ခိုင်လုံမှုအပေါ် မူတည်ပြီး ပြန်လည်လက်ခံတာကို စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ အဆောတလျင် အတင်းတိုက်တွန်းပြီးမှ လုပ်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ဘာသာက ရပ်တည်ချက် ကိုယ့်ဘက်က ဆောင်ရွက်ရမယ့် အစီအမံများကို မြေပြင်မှာ လက်တွေ့အစီအမံများကို ဆောင်ရွက်ပြီးမှသာလျင် စနစ်တကျပြန်လည်လက်ခံခြင်းကို ဆောင်ရွက်သင့်တယ်လို့ ကျနော် သုံးသပ်ပါတယ်။"
ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကတော့ ကိုဖိအာနန်ဦးဆောင်တဲ့ ကော်မရှင်သက်တမ်းဟာ ၁နှစ်ပဲရှိတာကြောင့် ပြည့်စုံလုံလောက်တဲ့ အကြံပြုချက် ဖြစ်နိုင်မလားဆိုတာကို သံသယရှိကြောင်း ပြောပါတယ်။
ဒီအကြံပြုချက်ကို အကောင်အထည်ဖော်ရေးနဲ့ပတ်သက်လို့ ဒေါက်တာအေးချမ်းက အခု ပြောပါတယ်။
" ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ပြင်ရမယ်ဆိုတဲ့အချက်က ဒီဟာက ကျနော်တို့ မြန်မာနိုင်ငံအတွက် လိုအပ်တယ် လိုအပ်တဲ့ အချက်အလက်တွေကို အကုန်လုံးစဉ်းစားပြီးတော့မှ ပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါကို ပြန်ပြီးတော့ အသစ်ရေးဖို့ဆိုတာကလည်း တော်တော်လေးစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကျနော်တို့ ဒီနိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လို့ ဒီရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တော်တော်ကို ရှုပ်ထွေးနေတဲ့ အချိန်ဖြစ်ပါတယ်။ ပြသနာမျိုးစုံ ရှုပ်ထွေးနေတဲ့အတွက် ဒီအချက်ဟာလည်း ပြန်ပြီးတော့ ရေးမယ် သို့တည်းမဟုတ် ပြင်ဆင်မယ်ဆိုရင် အတော်အန္တရာယ်များတဲ့ကိစ္စလို့ ကျနော်မြင်တယ်။"
နိုင်ငံသားအဖြစ် စိစစ်လက်ခံရာမှာ နိုင်ငံသားဖြစ်သင့်သူတွေကို တိတိကျကျနဲ့ ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ လွတ်လပ်စွာခရီးသွားလာခွင့်ပြုဖို့ ဆိုရာမှာလည်း တရားမဝင်ဝင်ရောက်မှုတွေကို မထိန်းချုပ်နိုင်ရင် အခက်အခဲ တွေ့နိုင်မှာဖြစ်ကြောင်း သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒေသခံပြည်သူ ပါဝင်ရေးနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။
" ရခိုင်ပြသနာဖြေရှင်းချင်ရင် အစိုးရနဲ့လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေတင်မက ဒေသခံကိုယ်စားလှယ်တွေလည်း ပါဖို့လိုတယ် အခုဘာပဲပြောပြော ရခိုင်ပြည်နယ်မှာ ANP ပါတီက အများစု နိုင်ထားတာ ANP ပါတီက အများစုကို ကိုယ်စားပြုတယ်။ အထူးသဖြင့် မြောက်ပိုင်းနဲ့ပတ်သက်ပြီး အခုပြသနာဖြစ်နေတဲ့ ဧရိယာအားလုံးမှာ ANP ပါတီ နိုင်ထားတာဖြစ်တယ်။ အဲ့တော့ ဒီ ANP ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးတော့ ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရမှာဖြစ်တယ်။ ဒါမှာလည်း ဒီလူထုကို ဒီရခိုင်လူထုကို ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်မှာဖြစ်တယ်။ သူတို့မပါဘူးဆိုရင် ဒီပြသနာကို ဖြေရှင်းဖို့ ခက်လိမ့်မယ်လို့ ထင်တယ် ဒါကို အစိုးရကနေပြီး ဦးစားပေးလုပ်ဖို့သင့်တယ်လို့မြင်တယ်။"
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်းလိုက်တာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ကြိုဆိုထားပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းပါတယ်။
ကော်မရှင်ရဲ့ အကြံပြုချက်မှာတော့ လူမှုစီးပွားဖွံ့ဖြိုးရေး၊နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP ခေါ် အိုးအိမ်စွန့်ခွာနေရသူများအရေး၊ လူအဖွဲ့အစည်းများအကြားပေါင်းစည်းရေး၊ လုံခြုံရေးစတာတွေ ပါဝင်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5