သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ လက်အောက် ၂ နှစ် အတွင်း သိပ္ပံဆိုင်ရာ အပြောင်းအလဲများ 


Burma Insect
Burma Insect

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် တိုးတက်စပြုလာတဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍဟာ လွန်ခဲ့တဲ့ ၂ နှစ် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် တန့်သွားတဲ့အပြင် အထူးသဖြင့် ရေနံနဲ့တွင်းထွက်ကဏ္ဍ၊ သဘာဝဘေးအန္တရာယ်နဲ့ စွမ်းအင်ဆိုင်ရာတွေမှာ ဆုတ်ယုတ်မှုတွေ မြင်လာရတယ်လို့ ဂျပန်အဏ္ဏဝါ သိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူက ပြောပါတယ်။ ဒီ ၂ နှစ်အတွင်း တွေ့လာရတဲ့ အပြောင်းအလဲတွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ အခု ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့နေ့ပေါ့နော်။ ဒီ ၂ နှစ်ပြည့်တဲ့အချိန်မှာ သိပ္ပံနဲ့သုတေသနဆိုင်ရာဘက်ကိုကြည့်လို့ရှိရင်ပေါ့နော်- တိုးတက်မှုတွေ၊ ဆုတ်ယုတ်မှုတွေ ဘာတွေများရှိလဲ၊ ဒေါက်တာမျိုးကျော်သူ နည်းနည်း သုံးသပ်ပြပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ပထမပေါ့နော် - ဒီ ၂ နှစ်အတွင်းမှာ ဘာတွေ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတဲ့ဟာကို နည်းနည်း မိတ်ဆက်ချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ ၁၉၆၂ ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ တောင် အမှောင်ခေတ်ကြီးထဲမှာပေါ့နော်- နေခဲ့ကြရတာ။ ပြီးတော့မှ ရုတ်တရက်ကြီး ၂၀၁၂ ခုနှစ်မှာ ဖွင့်ပေးလိုက်တဲ့ဥစ္စာ ၁၀ နှစ်ရှိသွားတယ်။ အဲဒီ ၁၀ နှစ်အတွင်းမှာ ကျနော်တို့တွေ ဒီမိုကရေစီရဲ့အရသာလေးကို အမြည်းအစမ်းအနေနဲ့ရရှိခဲ့တယ်ပေါ့။ အဲဒီအချိန်အတွင်းမှာပဲ တကမ္ဘာလုံးကဝင်လာတဲ့ပြည်ပအကူအညီတွေနဲ့ ပူးတွဲဆောင်ရွက်မှုတွေကြောင့်ဆိုရင် ကျနော်တို့ သုတေသနသမားအနေနဲ့ဆိုရင် အဓိကလိုချင်တာ ဘာလဲဆိုတော့ အချက်အလက်တွေပေါ့နော်။ နှစ် ၅၀ ကျော် ဘာတွေမှားခဲ့တယ်၊ ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတဲ့အချက်အလက်တွေက အရမ်းကောင်းတဲ့ဟာတွေ ရလာတော့ ၂၀၁၉ လောက်မှာစပြီးတော့ ဒီရှေ့ဆက်ပြီးတော့ပိုကောင်းအောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့လမ်းကြောင်းတွေ စပြီးပြင်လာကြတဲ့အချိန်တွေမှာမှ အာဏာသိမ်းတဲ့ဟာဖြစ်သွားတာဆိုတော့ - ပြောရရင်တော့ တကယ့်ကို အရှိန်ကောင်းတဲ့၊ စတဲ့အချိန်လေးမှာ ကျနော်တို့က အကုန်ဆုတ်ယုတ် လမ်းဟောင်းကိုပြန်သွားပြီးတော့ နောက်ပြန်လျှောက်တယ်ဆိုတဲ့အခြေအနေမျိုး ဖြစ်သွားတာပေါ့နော်။ အဲဒီလို ဖြစ်သွားတာပေါ့။

ဒေါ်ခင်မျိုးသက်။ ။ တိုးတက်မဲ့ဟာတွေ ရိုက်အချိုးခံရတဲ့သဘောပေါ့နော်။

ဒေါက်တာမိုးကျော်သူ။ ။ မှန်ပါတယ်ခင်ဗျ။

ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့...ကဏ္ဍအနေနဲ့ခွဲပြီးတော့ ကြည့်မယ်ဆိုရင် ပထမဦးဆုံးပေါ့နော်- မြန်မာနိုင်ငံက တွင်းထွက်သယံဇာတပေါတဲ့နိုင်ငံပါ။ ...ဆိုတော့ ဒီကဏ္ဍဘက်မှာ ဆုတ်ယုတ်မှုအခြေအနေ၊ ပြောင်းလဲမှုအခြေအနေကို ပြောပြပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီ ၂၀၁၆ လောက်ကစပြီးတော့ ၂၀၁၉ ပေါ့နော်၊ အဲဒီအတွင်းမှာ ပြည်ပအဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေက ရှာဖွေစုဆောင်းထုတ်လာတဲ့အချက်အလက်တွေကိုကြည့်ပြီးတဲ့နောက်မှာ ကျနော်တို့တွေ ဘာတွေပြင်ရမယ်ဆိုတဲ့ဟာရယ်၊ လက်ရှိအခြေအနေရယ် သေချာသိသွားတယ်ပေါ့။ အဲဒီတော့ အခုနကပြောတဲ့ သဘာဝသယံဇာတပစ္စည်းတွေ- အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ နောက်ပြီးတော့ ပင်လယ်ပိုင်းမှာ ကမ်းလွန်ပိုင်းမှာရှိတဲ့အခြေအနေတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်တဲ့အခါ အဓိက-ကတော့ သဘာဝစွမ်းအင်တွေ ထုတ်ဖို့ဆိုရင် ပထမအဆင့်က တိုင်းထွာ၊ မြေပုံထုတ်ရတယ်ဆိုတဲ့အဆင့်၊ အဲဒီအဆင့်မှာကိုပဲ ကျနော်တို့က ကုန်းပေါ်မှာက ၅၀ % ကျော်ကျော်လေးပဲ ပြီးခဲ့တယ်။ ကျန်တာတွေက ပြီးသလိုလို မပြီးသလိုလိုနဲ့ တကယ်ကျ သုံးလို့မရတဲ့အချက်အလက်တွေဖြစ်နေတယ်။ ကမ်းလွန်ကတော့ ပြောမနေနဲ့တော့။ ရေနံရှာထားတာကလွဲရင် ကျန်တဲ့အပိုင်းတွေကို ကျနော်တို့ ဘာမှကို သေချာမသိဘူးဆိုတဲ့အပိုင်းဆိုတော့- အဲဒီအပိုင်းတွေကို ပြန်ပြီးစရအောင်ဆိုပြီး ၂၀၁၉ ကိုဗစ်ကာလအတွင်းမှာတောင် တက်တက်ကြွကြွ ပြင်ဆင်ခဲ့ကြတာ။ ပြည်တွင်းကဘဏ္ဍာငွေတွေမသုံးဘဲ ပြည်ပအကူအညီသက်သက်နဲ့ပဲသွားမယ်ဆိုပြီးတော့ လုပ်လာခဲ့ကြတာ။ အဲဒါတွေက အခုဆို အကုန်လုံးရပ်သွားတယ်ဆိုတဲ့သဘောက နောက်ထပ် လေးနှစ်၊ ငါးနှစ်ကို ပြန်နောက်ဆုတ်သွားတယ်ဆိုတဲ့သဘော ပြောချင်တာ။ ပြီးတော့ energy ကဏ္ဍမှာဆိုရင် အထူးသဖြင့် စွမ်းအင်ကဏ္ဍမှာဆိုရင် ကျနော်တို့ တိုင်းပြည်တိုးတက်တာနဲ့အတူ လျှပ်စစ်စွမ်းအားက အရမ်းကိုအရေးကြီးတယ်။ လျှပ်စစ်စွမ်းအားရဖို့ဆိုရင် သဘာဝဓာတ်ငွေ့နဲ့ ရေနံရရှိဖို့က အရမ်းကိုအရေးကြီးတယ်ဆိုတဲ့အပိုင်းတွေမှာဆိုရင် ကျနော်တို့ပုံတွေနဲ့ပြထားတဲ့ဥစ္စာလည်း ရှိပါတယ်။ ၂၀၂၁ ခုနှစ်ကနေစပြီး နဝတ လက်ထက်ကတည်းကရှိခဲ့တဲ့ ကမ်းလွန်က သဘာဝဓာတ်ငွေ့ပိုက်ကြီးတွေပေါ့နော်- ရဲတံခွန်၊ ဇောတိက၊ ရတနာ ဆိုတဲ့ ..အစဉ်အတိုင်းပဲ အခု အထွက်တွေက ကျလာတာ။ ၂၀၂၅၊ ၂၀၂၈ ဆိုရင် အရမ်းကို ဆိုးလာမယ့်အခြေအနေဆိုတော့- အစားထိုးဖို့အတွက်အသစ်က မလုပ်နိုင်တဲ့အခြေအနေမှာ အဟောင်းတွေက စပြီး ဆုတ်ယုတ်လာပြီဆိုတဲ့ဥစ္စာရယ်၊ ပင်လယ်ထဲမှာရှိနေတဲ့ သဘာဝသယံဇာတပေါ့နော်-သတ္တုနဲ့ ပတ်သက်တဲ့ဟာလေးတွေက အခုမှစပြီးရှာဖွေမယ်ဆိုရင် တကယ်ထုတ်နိုင်တာက နောက်ထပ် ဆယ်နှစ်၊ နောက်ထပ် ၁၅ နှစ်ဖြစ်မလားဆိုတဲ့အခြေအနေမျိုးတွေမှာ - ဆိုတော့ အကုန်လုံးတော့ မဆိုလိုပါဘူး။

ဒေါ်ခင်မျိုးသက်။ ။ ...ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ပြန်ပြည့်မြဲစွမ်းအင်နဲ့ပတ်သက်ပြီးတော့ - ပြန်ပြည့်မြဲစွမ်းအင်တွေက အခုမှ မြန်မာနိုင်ငံမှာ အစပျိုးကာစပဲ ရှိပါတယ်။ နေစွမ်းအင်သုံးတာတို့၊ လေနဲ့ပတ်သက်ပြီးတော့။ ဒီလိုလုပ်နေတဲ့အချိန်မှာ အာဏာသိမ်းတာပေါ်လာတယ်ဆိုတော့ ဒီအပိုင်းလေးကိုရော ပြောပြပေးပါအုံး။ လက်ရှိအခြေအနေမှာ ဘယ်လိုများ ဖြစ်နေပါသလဲ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဆိုလိုတာက ခုနကပြောတဲ့အတိုင်းပါပဲ။ တကယ့်ကို NLD အစိုးရလက်ထက်မှာ စမ်းသပ်တာက တော်တော်လေးကို အောင်မြင်သွားတဲ့အတွက် အခုလည်း ဆက်ပြီး လုပ်နေတယ်လို့ သတင်းတွေထဲမှာ မြင်နေတယ်။ ဒါပေမဲ့ လက်သိပ်ထိုး ပရောဂျက်တွေဖြစ်လာမယ်၊ လက်သိပ်ထိုးပြီးတော့ ခွဲဝေယူကြတယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာမယ်ဆိုတော့ ပြည်သူကတော့ နစ်နာမှာပဲပေါ့နော်။ ကုန်ကျသင့်သလောက်ထက် ပိုကုန်ကျပြီးတော့မှ လျှပ်စစ်စွမ်းအားရရှိမယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာမှာပေါ့။ ဆိုလာကတော့ စမ်းသပ်ပြီးသွားလို့ တိုးချဲ့ဖို့အဆင့်။ ဒုတိယနဲ့တတိယပေါ့နော်- ဒီ လေကနေရတဲ့စွမ်းအင်ဆိုတာက ကျနော်တို့လည်း နှစ်နဲ့ချီပြီးတော့ ဘယ်နေရာကအကောင်းဆုံးလဲ၊ ဘယ်လောက်အထိ တွက်ခြေကိုက်မလဲဆိုတဲ့ စမ်းသပ်တဲ့အဆင့်ကို ကျနော်တို့က မအောင်မြင်၊ မရောက်နိုင်သေးဘူး။ အဲဒီဟာကို ပြန်ပြီးတော့စဖို့က လေးငါးနှစ် နောက်ဆုတ်သွားတယ်။ ဆိုတော့... ပြောရရင်တော့ တကယ် စီမံကိန်းတွေစတင်ဖို့ဆိုတဲ့ဥစ္စာက ဆယ်နှစ်ကျော်ကျော်လောက်ကို ကျနော်တို့က နောက်ဆုတ်သွားမယ့်အခြေအနေမျိုးပေါ့နော်။ အဲဒီတော့ ဘာဖြစ်မလဲဆိုတော့ ပြည်သူတွေနစ်နာမှာက ချက်ခြင်း၊ ပြီးရင်ဘာဖြစ်...ကမ္ဘာနဲ့ချီပြီး ကုလသမဂ္ဂကသွားနေတဲ့ ကာဗွန်....စီမံကိန်းတွေမှာ ကျနော်တို့က အကုန်လုံး နောက်ဆုတ်သွားတဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုဖြစ်လာမလဲဆိုတာ မှန်းလို့တောင်မရတဲ့အခြေအနေမျိုးပေါ့နော်- ကျနော်တို့က လိုက်ပြီးမလုပ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်လာတယ်။ နောက်ပြီးတော့ ဂျပန်နိုင်ငံလို - G7 နိုင်ငံတွေက ပေးနေတဲ့ အထူးအခွင့်အရေးတွေပေါ့နော်၊ အခုလိုအချိန်မှာ တိုင်းထွာမှုတွေအတွက်ကို Survey တွေဘာတွေ လုပ်မယ်ဆိုရင် အကူအညီတွေပေးတယ်၊ နည်းပညာတွေပေးတယ်ဆိုတဲ့စီမံကိန်းတွေကလည်း ကျနော်တို့ပြန်ပြီးတော့ ငြိမ်းချမ်းပြီး စတဲ့အချိန်မှာ ဒါတွေအကုန်လုံးက လက်လွတ်သွားတဲ့အခြေအနေမျိုးဖြစ်နိုင်တယ်။

ဒေါ်ခင်မျိုးသက်။ ။ ...ဆိုတော့ ဒီအတွင်းမှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့လည်း ငလျင်လှုပ်တာကစပြီးတော့ မြန်မာနိုင်ငံက တကယ်ငလျင်ဒဏ်ခံ-သင့်နိုင်တဲ့အန္တရာယ်ရှိတဲ့နေရာပေါ့နော်- ဒီ ငလျင်ကစပြီးတော့ တခြား သဘာဝဘေး ရေကြီးတာတို့၊ မြေပြိုတာတို့- ဒီကိစ္စတွေရော အကုန်လုံး လုပ်လက်စတွေပါ။ ဒါတွေလည်း အခု တန့်နေတယ်လို့ ပြောလို့ရလားရှင့်။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ပါတယ်၊ ရပါတယ်။ တန့်နေတယ်ပြောရရင် ဘယ်လိုပြောမလဲ၊ ကမ္ဘာကြီးကရပ်နေတာမဟုတ်ဘူးလေ။ တကမ္ဘာလုံးက ရွေ့နေတဲ့အချိန်။ အထူးသဖြင့် ယူကရိန်းမှာလည်း စစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Globalization ဆိုတဲ့ဟာတွေ နောက်ဆုတ်လာတဲ့အတွက်ကြောင့်မို့လို့ ဟိုအရင်ကရခဲ့ဖူးတဲ့ ပြည်ပကအကူအညီတို့၊ လက်တွဲလုပ်ဆောင်လာတဲ့အခြေအနေတွေက အကုန်လုံးက အရမ်းကို ခက်ခဲသွားတဲ့အခြေအနေမှာ ကျနော်တို့က တခုခုကို ဆက်မလုပ်ဖြစ်တော့ဘူးဆိုရင် ရပ်နေတယ်ဆိုတာထက်ကို နောက်ဆုတ်သွားတယ်လို့ ပြောလို့ရတာပေါ့နော်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ဆိုတာက ဘယ်အချိန်ပေါ်လာမလဲဆိုတာကို ဘယ်လိုမှ ပြောလို့မရပါဘူး။ အဲဒီတော့ ငလျင်ကလည်း အရေးကြီးတာ မှန်ပါတယ်။ ငလျင်အတွကို တော်တော်လေးကို လုပ်နိုင်တဲ့အခြေအနေရှိပေမဲ့ တိုးတက်ဖို့က ဆက်လုပ်စရာ အများကြီးကျန်သေးတယ်ပေါ့။ အဲဒီလိုအခြေအနေမှာကိုပဲ ပြောရမယ်ဆိုရင် ဒေါ်လာ ငါးသန်းတန် ပရောဂျက်တခုက လုံးဝကို ပျက်တဲ့အခြေအနေလောက်ကို ရောက်သွားတဲ့ဟာမျိုးပေါ့နော်-အာဏာသိမ်းလိုက်တဲ့အတွက်။ အဲလိုအခြေအနေမျိုးမှာ ဘာဖြစ်လာသလဲဆိုတော့ ရေကြီးတယ်ဆိုတဲ့ဥစ္စာရယ်၊ ဆိုင်ကလုံးတွေရယ်ကြောင့် မုန်တိုင်းတွေဝင်လာမယ့်ဥစ္စာတွေက အခု တကမ္ဘာလုံးမှာ ရာသီဥတုက ဖောက်ပြန်တယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့နော်- ပုံမှန်မဟုတ်တဲ့ရာသီဥတုအခြေအနေမျိုးတွေက အခု ကျနော်တို့ ကျန်ခဲ့တဲ့ နှစ် ၁၀၀ - ၁၅၀ အတွင်းမှာ မကြုံခဲ့ရဘူးတဲ့ ရာသီဥတုဆိုးရွားမှုတွေက ဒီ့ရှေ့မှာ ကြုံလာတော့မယ်ဆိုတော့- အဲဒါတွေအတွက် ပြင်ဆင်ဖို့ နဂိုထဲက ကျနော်တို့မှာ ဒီ ရာသီဥတုဆိုးဝါးမှု အများကြီးရှိခဲ့တဲ့နိုင်ငံတခုအနေနဲ့ ပိုပြီးဆိုးဝါးတဲ့အခြေအနေမျိုးတွေ - ဘယ်လိုခေါ်မလဲ၊ ကြိုတင်ပြင်ဆင်ဖို့တောင် ခက်ခဲတဲ့အခြေအနေမျိုးတွေနဲ့ကြုံလာရမှာအတွက် ဆုံးရှုံးတာတွေက ဘယ်လိုမှကို မှန်းလို့မရဘူးပေါ့နော်။ ပြောရရင်တော့ ဒေါ်လာသန်းပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးတော့ကို ကုန်ကျလာနိုင်တာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေပါ။

ဒေါ်ခင်မျိုးသက်။ ။ ဒီလိုအခြေအနေမျိုးမှာပဲ မြန်မာနိုင်ငံမှာ တကယ်ထူးထူးခြားခြားပေါ့နော်- ပယင်းနဲ့ပတ်သက်ပြီးတော့ ထွက်ပါတယ်။
ပယင်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကတော့ ဒီနှစ်ပိုင်းတွေအတွင်း တော်တော်များများ တွေ့လာရပါတယ်။ ...ဆိုတော့ ပယင်းနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး သုတေသနတွေလုပ်နေတာ တိုးတက်မှုမရှိဘူးလား။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ပါတယ်။ ပယင်းကလေ- သိပ္ပံနည်းပညာရယ်၊ နောက် မြန်မာနိုင်ငံရဲ့သုတေသနနဲ့ပတ်သက်ပြီး အရမ်းကိုစိတ်ဝင်စားတဲ့၊ ပြောရရင်တော့ စိတ်မကောင်းစရာပေါ့နော်- ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ ဥပမာတခုပါပဲ။ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံမှာ ပယင်းနဲ့ပတ်သက်တဲ့ တူးဖော်မှုတွေအကုန်လုံး ရပ်တန့်သွားတဲ့အချိန်မှာ တရုတ်နိုင်ငံမှာ စီးပွါးရေးတိုးတက်မှုနဲ့အတူ တရုတ်သုတေသီတွေအတွက်ကို အစိုးရကပေးတဲ့ထောက်ပံ့ကြေးတွေ အရမ်းများလာတဲ့အချိန်မှာ သူတို့က နယ်စပ်လေးကျော်ပြီး အသာလေးဝင်လာပြီးတော့ တရားမဝင်ဈေးကွက်မှာဝယ်ယူပြီးတော့ သူတို့မှာရှိတဲ့ သုတေသန ရံပုံငွေနဲ့လွယ်လွယ်ကူကူ ဝယ်သွားလို့ရတဲ့ဟာက သူတို့အတွက်ကို အရမ်းကိုတန်ဖိုးရှိတဲ့ သုတေသနစာတမ်းတွေဖြစ်လာတယ်။ အဲဒီတော့ ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ၂၀၁၄ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံပယင်းဆိုတဲ့ စာတမ်းတွေက အရင်က ဆယ်ဂဏန်းတောင်မရှိခဲ့တဲ့ သုတေသနစာတမ်းတွေက ရာနဲ့ချီပြီး ၃၀၀- ၄၀၀ စာတမ်းတွေ နှစ်စဉ်ထွက်လာတဲ့အခြေအနေမှာ သုတေသနတွေက အရမ်းကို အဆင့်မြင့်တဲ့၊ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ ဂျာနယ်ကြီးတွေမှာ ထွက်လာတဲ့အချိန်။ အဲဒီသုတေသနစာတမ်းမှာ အတူတွဲရေးတဲ့ မြန်မာသုတေသီတွေက ၃၀၀ ကျော် ၄၀၀ ထဲမှာ မြန်မာသုတေသီက ၃ ယောက်တောင်မပါဘူးဆိုတဲ့အခြေအနေမျိုးက အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်။ ပြီးတော့မှ သူတို့က မေးမြန်းထားတဲ့အရ ကြည့်မယ်ဆိုရင် ပယင်းတွေလုပ်နေတဲ့လုပ်ကွက်တွေကို မြန်မာသုတေသီတွေကို လုံးဝ ဝင်ခွင့်မပေးဘူး။ စစ်တပ်ကပဲအကုန်လုံး ချုပ်ကိုင်ထားတယ်။ စစ်တပ်နဲ့ဆက်နွယ်သူတွေ၊ ကုမ္ပဏီတွေကပဲ လုပ်ကိုင်တယ်။ တရုတ်တွေကတော့ သူတို့က ဈေးကြီးပေးပြီးဝယ်တဲ့အခြေအနေမျိုး။ ပြီးတော့ ပူးတွဲလုပ်ကိုင်ဖို့၊ သုတေသနလုပ်ဖို့ ပြည်ပသုတေသီတွေနဲ့ အစိုးရခွင့်ပြုချက်တောင်းပေမဲ့ ခွင့်ပြုချက်လုံးဝ မပေးဘူးဆိုတဲ့အခြေအနေမျိုးတွေဆိုတော့ အရမ်းကို ဝမ်းနည်းဖို့ကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေတွေအားလုံးက ကျနော်ထင်တယ်၊ ဖက်ဒရယ်စနစ်မှာတော့ အကုန်လုံးပြောင်းလဲပြီးတော့ မြန်မာသုတေသီတွေအတွက် အခွင့်အလမ်းကောင်းတွေဖြစ်လာမယ်။

ဒေါ်ခင်မျိုးသက်။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒေါက်တာမျိုးကျော်သူ။

ဒေါက်တာမိုးကျာ်သူ။ ။ ဟုတ်ကဲ့။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]


















XS
SM
MD
LG