ကမ္ဘာတဝန်းမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာ့နေရာတိုင်းမှာ တိုက်ခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်္ဂါနေ့က ပြောလိုက်ပြီး သတင်းထောက်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတာနဲ့ မဟုတ်မမှန် သတင်းမှားဖြန့်ချိတာအပေါ်လည်း ရှုတ်ချလိုက်ပါတယ်။
“သတင်းမှန်တွေဟာ မဟုတ်မမှန် လုပ်ကြံပြောဆိုတာတွေနဲ့ အမုန်းစကားတွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရပြီး အချက်အလက်နဲ့ စိတ်ကူးပုံပြင်တွေရဲ့ကြား၊ သိပ္ပံနဲ့ မှန်းဆပြောဆိုမှုတွေကြားက နယ်စည်းမျဉ်းတွေကို မှုန်ဝါးအောင်လုပ်ဖို့ ကြိုးစားနေတယ်” လို့ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
မေလ ၃ ရက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မတိုင်မီ ကုလသမဂ္ဂအကြီးအကဲက ကမ္ဘာအနှံ့ကသတင်းထောက်တွေနဲ့ မီဒီယာတွေအတွက် ဗီဒီယိုမိန့်ခွန်းပြောရာမှာ "လွတ်လပ်ခွင့်အားလုံးက သတင်းလွတ်လပ်ခွင့်ပေါ်တွင်မူတည်နေကြောင်း"နဲ့ "ဒီမိုကရေစီနဲ့တရားမျှတမှုရဲ့ အခြေခံအုတ်မြစ်" ဖြစ်ပြီး "လူ့အခွင့်အရေးရဲ့ အသက်သွေးကြော" လို့ ဆိုပါတယ်။
သတင်းထောက်တွေဟာ အွန်လိုင်းနဲ့မြေပြင် အခြေအနေနှစ်ရပ်စလုံးမှာ ပစ်မှတ်ထားခံနေရပြီး သူတို့ကို အမြဲလိုနှောင့်ယှက်တာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်နေတယ် လို့ ဆိုပါတယ်။ သတင်းလိုက်နေတုန်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်က ၅၅ ဦး ရှိပြီး မီဒီယာလုပ်ငန်းလုပ်ကိုင်သူ ၄ ဦး ရှိတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အမှီအခိုကင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေ နည်းပါးလာတာကိုလည်း ကုလအဖွဲ့ခေါင်းဆောင်က ထောက်ပြပြီး မီဒီယာလုပ်ငန်းတွေဟာ အင်အားကြီးသူ အနည်းငယ်ရဲ့ လက်ဝါးကြီးအုပ်ခံနေရတာကလည်း စိုးရိမ်စရာလို့ ပြောပါတယ်။
နယူးယောက်မှာကျင်းပတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ပွဲမှာ
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုအကြီးအကဲက Audrey Azoulay က မိန့်ခွန်းပြောကြားရာမှာလည်း “ဒစ်ဂျစ်တယ်ခေတ်က သတင်းအခင်းအကျင်းတခုလုံးကို ပြောင်းလဲစေပြီး အရည်အချင်းပြည့်မီပြီး လွတ်လပ်အမှီအခိုကင်းတဲ့ သတင်းမီဒီယာလုပ်ငန်းတွေဟာ အရင်ကထက် ပိုမိုလိုအပ်လာနေတယ်” လို့ ထောက်ပြသွားပါတယ်။