သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်မလိုက် မီဒီယာ တကယ်ရှိနိုင်သလား (အပိုင်း ၁)


Myanmar journalists protest and perform over media freedom before Yangon Peace Center while President U Thein Sein come and meet with Myanmar celebrities, July 12, 2014. Photo by Sithu/VOA-Burmese)
Myanmar journalists protest and perform over media freedom before Yangon Peace Center while President U Thein Sein come and meet with Myanmar celebrities, July 12, 2014. Photo by Sithu/VOA-Burmese)
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံတခုမှာ အခြေအနေတရပ်ဟာ နိုင်ငံံ့အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့အခါ တနည်းအားဖြင့် အမျိုးသားရေး အကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ ယူဆစရာဖြစ်လာတဲ့အခါ မီဒီယာတွေက ဘယ်လို ရေးသားတင်ပြသင့်ပါသလဲ။အမျိုးသားရေး စိတ်ဓါတ်အခြေခံနဲ့ ရေးသားတင်ပြသင့်တယ် မသင့်ဘူးဆိုတာကို အမေရိကန်ပြည်ထောင်စု Public Diplomacy နဲ့ Global Communication ညွှန်ကြားရေးမှူးလည်းဖြစ်၊ George Washington တက္ကသိုလ် မီဒီယာ၊ လူထုရေးရာ၊ နိုင်ငံတကာရေးရာ တွဲဘက်ပါမောက္ခလဲဖြစ်တဲ့ Janet Steele (ဂျနက် စတီးလ်) နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Prof. Janet အခုလို ကျနော်တို့ VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Prof. Janet ။ ။ ဟုတ်ကဲ့… ရပါတယ်။ ဖြေကြားရတာ ဝမ်းသာပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး သဘောတရားနဲ့ ပတ်သက်တဲ့ မေးခွန်းတခု မေးချင်ပါတယ်။ မီဒီယာရဲ့ ဘက်မလိုက် အယူအဆဟာ အမျိုးသားရေးဝါဒ Nationalism ကို ကျော်လွှာနိုင်မယ် ထင်ပါသလား။ အမျိုးသားရေးဝါဒဟာ လူ့အသိုက်အဝန်းမှာ အင်မတန် စွမ်းအားကြီးတဲ့ ဝါဒတရပ် ဖြစ်ပါတယ်။ ဘက်မလိုက်သင့်ဘူးဆိုတဲ့ မီဒီယာရဲ့ အယူအဆဟာ ဒီလိုအင်အားပြင်းထန်တဲ့ အမျိုးသားရေးဝါဒကို ဆန့်ကျင်ထိုးဖောက်နိုင်လိမ့်မယ်လို့ ထင်ပါသလား

Prof. Janet ။ ။ ဟုတ်ကဲ့ Journalist တွေ ထိုးဖောက်ကျော်လွှာနိုင်မယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုမျိုး အမျိုးသားရေးဝါဒကို ထိုးဖောက်ကျော်လွှာရေးဆိုတာ တကယ်တော့ မီဒီယာအနေနဲ့ လုပ်သင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ Journalist တွေလည်း အများတကာလို နိုင်ငံသားတွေပါ။ သူတို့ကလည်း အမျိုးသားရေးစိတ်ဓါတ် ရှိတဲ့သူတွေပါ။ တခြားတဘက်မှာတော့ သူတို့ရဲ့ တာဝန်၊ သူတို့ရဲ့အလုပ်က အမှန်တရားကို ဖော်ဆောင်နိုင်ဖို့ပါ။ တခါတလေလဲ ဒီလိုအမှန်တရားကို ရေးသားတင်ပြတဲ့အခါမှာ အမျိုးသားရေးလိုင်းကို ထိခိုက်စေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာလဲ သူ့ရဲ့တာဝန်ကတော့ အမှန်တရားကို ပြောဖို့ပဲ ဖြစ်ပါတယ်။ ကျမအဖို့ကတော့ အဲဒီလိုမျိုး အမှန်တရားဘက်က ရပ်တည်တာ Journalist တွေအတွက် အမြင့်မားဆုံးတာဝန်လို့ ထင်ပါတယ်။ တိုင်းပြည်အကျိုး ထမ်းဆောင်တာထက်တော့ ပိုမြင့်မားတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေ ကျမတို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတွေက အမြဲတမ်း မမှန်ပါဘူး။ အဲဒီအခါမှာ အစိုးရက စိတ်ဆိုးပြီး ဒေါသဖြစ်နိုင်သည့်တိုင်အောင် အမှန်တရားကို ထောက်ပြဖို့က Journalist တွေရဲ့ တာဝန်ပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအမျိုးသားရေးစွမ်းအားကို ရင်ဆိုင်ဖို့ တနည်းပြောရရင် အစိုးရ ငြိုငြင်တာကို ခံနိုင်ဖို့အတွက် Journalist တွေဘက်က ခွန်အားလိုတာပေါ့။ သူ့ဘက်က မှန်ကန်နေဖို့ဆိုတာလည်း အရည်အချင်းနဲ့ ပြည့်စုံဖို့ လိုအပ်တယ် ထင်ပါတယ်။

Prof. Janet ။ ။ ဟုတ်ကဲ့ ဒါက သေချာပါတယ်။ ကျမအဖို့မှာဆိုရင် သတင်းသမားအလုပ်က အမြင့်မြတ်ဆုံးလုပ်ငန်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Journalist တွေက လူထုအတွက်၊ နိုင်ငံသားတွေအတွက် အမှန်တရားကို ဆောင်ကျဉ်ပေးပါတယ်။ ပြီးတော့ ဒီအလုပ်ကို သိပ်ကိုခက်ခဲပါတယ်။ Journalist တယောက် သူ့ရဲ့အလုပ်ကို လုပ်ကိုင်နိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျမ လျှော့မတွက်ချင်ပါဘူး။ အထူးသဖြင့် ဒီနေ့ခေတ်မှာ၊ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ ခက်ခဲပါတယ်။ မီဒီယာကောင်းက ဘယ်လိုလဲဆိုတာကို အစိုးရကို အသိပေးရုံတင်မက နိုင်ငံသားတွေကို ပညာပေးဖို့ လိုအပ်ပါတယ်။ သူတို့ဟာ စစ်မှန်ကောင်းမွန်တဲ့ Journalisim သတင်းပညာကို အတွေ့အကြုံ မရှိကြပါဘူး။ သတင်းသမားတွေ သူတို့အလုပ် သူတို့ မှန်မှန်ကန်ကန် လုပ်နေတာကို တခါတရံ လူထုက မကြိုက်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ Journalist တွေကို ဘယ်သူက ပညာပေးရမှာလဲ။ မြန်မာနိုင်ငံလို ကိစ္စမျိုးမှာ Journalist တွေက ပြန်လည်ရှင်သန်တာ၊ Journalism ပြန်လည်ရှင်သန်လာတာ သိပ်ရင့်ကြတ်မှု မရှိသေးပါဘူး။

Prof. Janet ။ ။ ဒါက သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါ။ ကျမ အရမ်းကံကောင်းပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေအနံှ ခရီးတွေသွားခွင့် ရခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က အင်ဒိုနီးရှား ဆူဟာတိုလက်ထက်မှာ Fulbright အစီအစဉ်နဲ့ ပါမောက္ခအဖြစ်နဲ့ စပြီးတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျမ စဉ်းစားတယ် … သနားစရာကောင်းတဲ့ အင်ဒိုနီးရှား သတင်းထောက်တွေဟာဆိုရင် ဆူဟာတိုရဲ့ တင်းကြပ်တဲ့ အုပ်ချုပ်ရေးအောက်မှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိကြဘူး။ Good journalism ကောင်းမွန်တဲ့ သတင်းရေးသားတင်ပြမှုကို နားမလည်ကြဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါ ကျမ မှားပါတယ်။ ကျမ လုံးဝကို မှားခဲ့ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတိုင်းမှာ Good Journalism ဘာလဲဆိုတာကို သတင်းထောက်တွေ သိကြပါတယ်။ ဘယ်လိုချုပ်ချယ်တဲ့ အစိုးရလက်အောက်မှာဖြစ်ပါစေ သူတို့ သိပါတယ်။

သူတို့အနေနဲ့ ဒါကို လုပ်ပိုင်ခွင့် မရှိရင်သာနေမယ် သူတို့ဟာ ဖိနှိပ်ခံရမယ်။ အန္တရာယ်ကြုံရနိုင်တယ်။ ဆင်ဆာလုပ်ခံရမှာကို ကြောက်လို့ ပွင့်ပွင့်လင်းလင်း မရေးနိုင်တာပဲ ရှိမယ်။ ဒါပေမဲ့ Good Journalism ဘာလဲဆိုတာကို သူတို့ သိကြပါတယ်။ ဆိုတော့ Journalist တွေကို ပညာပေးဖို့ မလိုဘူး ထင်ပါတယ်။ သူတို့အနေနဲ့ ရေးသားတင်ပြခွင့် အတွေ့အကြုံနဲ့ အလေ့အကျင့်ပဲ လိုမယ်ထင်ပါတယ်။ ဘာတွေလုပ်ရမယ်ဆိုတာကို သူတို့ သိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ထပ်သဘောတရား မေးခွန်းတခု မေးချင်ပါတယ်။ ဓမ္မဓိဌာန်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ပညာရှင် ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတွေ ကင်းရမယ်ဆိုတဲ့ကိစ္စ။ Journalism ဟာ ဒီလိုအစွဲမျိုး ကင်းနိုင်တယ်လို့ ထင်ပါသလား။ Journalism က တနည်းအားဖြင့်ပြောရင် Objectives ဖြစ်တယ်ပေါ့။ Journalism က Objective ဖြစ်တယ်လို့ ယူဆပါသလား။

Prof. Janet ။ ။ ဒါက ကတ်သီးကတ်သတ် မေးခွန်းးပါ။ လူသားတယောက်ဟာ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ဓမ္မဓိဌာန်ကျဖို့ လုံးဝဥဿုံအစွဲကင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ဆိုလိုက်လို့ ကျမတို့ Journalist တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်မှုတွေအတိုင်း မလိုက်နာနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မျှတမှုရှိဖို့ တင်ပြမယ့်သတင်းတွေကို မှန်မမှန် စီစစ်ဖို့၊ ကိုယ့်ဘက်က အမြင်တခုတည်း မဟုတ်ဘဲနဲ့ တခြားဘက်က အမြင်တွေကို ထည့်သွင်းစဉ်းစားဖို့ ဒီလိုမျိုး စည်းမျဉ်းတွေကို လိုက်နာဖို့ ဖြစ်နိုင်ပါတယ်။ ကျမအမြင်မှာတော့ Journalism ဆိုတာ discipline of verification အမှားအမှန်ကို စီစစ်ရတဲ့ ဘာသာရပ်ပဲ ဖြစ်ပါတယ်။ ကိုယ်တင်ပြရမယ့် သတင်းကို Publish မလုပ်ခင်မှာ မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးရတာက Verify လုပ်ရတာ ဓမ္မဓိဌာန်ကျမကျဆိုတဲ့ Objectivity ထက် ပိုအရေးကြီးပါတယ်။ ဓမ္မဓိဌာန်ကျရမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ အဲဒါက အင်မတန် ကောင်းတဲ့ မျှော်မှန်းချက်တရပ်ပါ။ အဲဒီမျှော်မှန်းချက် ရနိုင်အောင်လို့တော့ အားစိုက်ထုတ်သင့်ပါတယ်။ ဘက်ပေါင်းစုံတွေရဲ့ အမြင်တွေကို စဉ်းစားရမှာပါ။ လူအများစုမကြိုက်တဲ့ လူနည်းစုရဲ့ အမြင်ဖြစ်ပါစေ .. ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းသတင်းသမားတွေနဲ့ ပြည်ပသတင်းသမားတွေကြား ကွဲလွဲမှုကိုလည်း ဆွေးနွေးချင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ တွေ့နေရပါတယ် - ပြည်တွင်းသတင်းသမားေးတွက အမျိုးသားရေးဝါဒကို အခြေခံကြတယ်။ ဒီသတင်းဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမလားဆိုတာကို ထည့်တွက်ကြတယ်။ ပြည်ပကလာတဲ့ သတင်းသမားတွေက ဒါကို ထည့်တွက်ကြတာ မတွေ့ရဘူး။

Prof. Janet ။ ။ ဟုတ်ကဲ ကျမ သိပါတယ်။ ကျမက အမေရိကန်ဖြစ်နေတော့ လူတွေ အမေရိကအကြောင်းအမျိုးမျိုး ပြောနေကြတာ တခါတခါ ကျမရဲ့ စိတ်ထဲမှာ ကသိကအောက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခြေအနေက သူတို့ ပြောနေကြတာထက် ပိုပြီးတော့ ရှုပ်ထွေးတယ်ဆိုတာကို ကျမ မြင်ထားလို့ပါ။ မြန်မာပြည်က သတင်းထောက်တွေနဲ့ ပတ်သက်လို့လဲ ဒီလိုပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ နိုင်ငံသားသတင်းထောက်တွေလာတယ်။ နောက် သူတို့မြင်သလို ရေးကြတယ်။ တကယ်တော့ သူတို့ရေးသလို မဟုတ်ဘဲနဲ့ ပိုပြီးတော့ ရှုပ်ထွေးတယ်။ ကျယ်ပြန့်တယ်ဆိုတာ မြန်မာနိုင်ငံက Journalist တွေ သိကြပါတယ်။ ဆိုတော့ ဒီလိုဖြစ်တတ်တာ သဘာဝပါ။ ဒါပေမဲ့လဲ ငါ ဒီမှာနေတာကွ။ နင်တို့ထက် ပိုသိတယ်ဆိုတာကထက် တခါတခါမှာ ပြည်ပကလူတွေက ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်တတ်တာတွေလည်း ရှိနိုင်ပါတယ်။ ကျမ ကျွမ်းကျင်တဲ့ အင်ဒိုနီးရှား နဲ့ မလေးရှားမှာဆိုရင် ကျမ မသိတာတွေ အများကြီရှိပေမယ့် တခါတခါတော့ ဒေသခံတွေ မြင်တာထက် ကျမ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တယ်လို့ ထင်ပါတယ်။ ကျမမသိဘဲနဲ့ သူတို့သိနေတာတွေက အများကြီးရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီနေရာမှာ အမေရိကန် ဂျာနယ်လစ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောချင်ပါတယ်။ 9/11 မှာ World Trade Center အတိုက်ခံရပြီးနောက် အမေရိကန်မီဒီယာတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာကို ပြန်ပြီးသုံးသပ်ပေးပါ။

Prof. Janet ။ ။ အမျိုးသားရေးစိတ်ဓါတ် သိပ်ပြီးတော့ ကြီးကြီးမားမား ထက်သန်နေပါတယ် အတိအကျပါ။ ဒါကလဲ သဘာဝလို့ ထင်ပါတယ်။ ဒါပေမဲ့ နောက်တော့ ပြန်သုံးသပ်ပြီးတော့ အမေရိကန်လူနည်းစု မူစလင်အကြောင်းလည်း အမေရိကန်ဂျာနယ်လစ်တွေ ရေးတင်တယ် - သူတို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူး။ ငါတို့လိုပဲ အမေရိကန်နိုင်ငံသားတွေ ဖြစ်တယ်။ အကြမ်းဖက်မှုတွေ လူအုပ်တွေထဲမှာဖြစ်တိုင်း ဒါဟာ မူစလင်အကြမ်းဖက်သမားတွေပဲ ဖြစ်ရမယ်လို့ ချက်ချင်းမဆုံးဖြတ်သင့်ပါဘူး။ အဲဒီအကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲ မဝင်သင့်ဘူးလို့ စဉ်းစားလာကြပါတယ်။ ဥပမာ Oklahoma city ဗုံးခွဲမှုတုန်းက ဖြစ်ခဲ့တာ ရှင် သတိရမယ် ထင်ပါတယ်။ ဗုံးခွဲတဲ့လူက အမေရိကန်နိုင်ငံသား လူဖြူလူငယ်တယောက်ပါ။ ဒါကို ချက်ချင်းပဲ မူစလင်အကြမ်းဖက်သမားတွေ လက်ချက်လို့ ပြောပြီးတော့ လိုက်ကြတဲ့အတွက် သတင်းထောက်တွေအဖို့ အထူးကို ကသိကအောက် ဖြစ်ခဲ့ရပါတယ်။ ဒါတွေက သတင်းထောက်တွေအတွက် သင်ခန်းစာပါ။

ဦးကျော်ဇံသာ ။ ။ အခုမေးမယ့် မေးခွန်းကတော့ အမေရိကန်နဲ့ မပတ်သက်ပါဘူး။ တချို့အသွင်ကူးပြောင်းရေး နိုင်ငံတွေမှာ လူတချို့က ပြောကြတယ် ဒီမိုကရေစီအပြည့်အဝ မထွန်းကားသေးတဲ့အတွက် မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရနိုင်သေးဘူး။ အပြည့်အဝ မကျင့်သုံးးသေးဘူးလို့ ပြောကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ …

Prof. Janet ။ ။ ဒါကို ကျမ သဘောမတူပါဘူး။ ကျမအမြင်ကတော့ Freedom လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးက မှားပါတယ်။ Independence အမှီအခိုကင်းခြင်းဆိုတဲ့ စကားလုံးက မှန်ပါတယ်။ Freedom ဆိုတဲ့ စကားက တံခါးတွေ အများကြီး ဖွင့်ထားပါတယ်။ ဥပမာ Pornography ခေါ်တဲ့ လိင်မှုကိစ္စတွေက Freedom ဆိုတဲ့အထဲမှာ ပါဝင်နေပါတယ်။ ဒါကို ကျမတို့ လိုလားတာ မဟုတ်ပါဘူး။ မီဒီယာဟာ အစိုးရရဲ့ သြဇာအာဏာအောက်က လွတ်မြောက်ရမှာ ဖြစ်ပါတယ်။ မီဒီယာကို စောင့်ကြည့်နေတဲ့ လူတွေရဲ့ သြဇာအာဏာအောက်ကလည်း လွတ်မြောက်ရမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှထဲက နိုင်ငံတချို့ကိုပဲကြည့်ပါ ကျမအမြင် အင်ဒိုနီးရှားမှာဆိုရင် ဆူဟာတို ပြုတ်ကျပြီးတော့ အရေးကြီးဆုံး ပြုပြင်ပြောင်းလဲရေးက လွတ်လပ်သော မီဒီယာ ဖြစ်ထွန်းရေးနဲ့ စာနယ်ဇင်းဥပဒေသစ်။ ပြီးတော့ အစိုးရ ခိုင်းတာ လုပ်စရာမလိုတဲ့ လုံးဝလွတ်မြောက်သော Press Council အကောင်းဆုံး Journalism ကို အစစ်အမှန် ကိုယ်စားပြုနိုင်တဲ့ မီဒီယာအဖွဲ့အစည်း ဖြစ်ထွန်းရေးပါ။ ဂျာနယ်လစ်တွေအတွက် အရေးကြီးဆုံးက Self-regulation ကိုယ့်ဟာကိုယ် ကိုယ့်စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့အဆင့်ဆင့်ကို လိုက်ပြီးတော့ ထိန်းချုပ်နေရမယ်ဆိုတာကို ကျမ မယုံကြည်ပါဘူး။

XS
SM
MD
LG