မေလ (၁) ရက်- ကမ္ဘာ့အလုပ်သမားနေ့မှာ ငွေကြေးဖောင်းပွမှုကြောင့် အခက်ကြုံနေရတဲ့အလုပ်သမားတွေဟာ ကမ္ဘာတဝန်းမှာ စီးပွားရေးအရတရားမျှတမှုကိုတောင်းဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ သူတို့ဟာ လုပ်ခလစာမြှင့်တင်ပေးပြီး အလုပ်ချိန်လျှော့ချပေးရေးနဲ့ လုပ်ငန်းခွင်အခြေအနေ ပိုမိုကောင်းမွန်ရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။
မေဒေးနေ့လို့ခေါ်တဲ့ဒီနေ့ကို နိုင်ငံအများအပြားမှာ အလုပ်သမားအခွင့်အရေး ဂုဏ်ပြုတဲ့နေ့အဖြစ် သတ်မှတ်ထားတာပါ။ ဒီနှစ် မေဒေးနေ့အခမ်းအနားတွေဟာ COVID-19 ကန့်သတ်ချက်တွေဖြေလျှော့ပြီးဖြစ်လို့ အရင်နှစ်တွေကထက် လူဦးရေ ပို ပါဝင်လာကြပြီး အစိုးရရဲ့ စီးပွားရေးအစီအမံမူဝါဒတွေက အလုပ်သမားတွေအပေါ် သက်ရောက်နေတာတွေကို ဦးတည်ပြီး တောင်းဆိုဆန္ဒပြတာခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံမှာဆိုရင် သမ္မတအီမန်နျူရယ် မက်ကရွန် (Emmanuel Macron) က မကြာခင်က ပြဌာန်းအတည်ပြုထားတဲ့ အငြိမ်းစားယူရမယ့်အသက်အရွယ်ကို ၆၂ နှစ်ကနေ ၆၅ နှစ်ကို မြှင့်တင်ပေးတဲ့မူဝါဒကို ကန့်ကွက်တွေအနေနဲ့ မေဒေးနေ့မှာ အလုပ်သမားသမဂ္ဂတွေက လူအမြောက်အမြားပါဝင်တဲ့ ဆန္ဒပြပွဲကြီးတွေကို အများအပြား စီစဥ်ခဲ့ကြပါတယ်။
ချီတက်ဆန္ဒပြပွဲအများစုက အကြမ်းမဖက်ကြပေမယ့် အစွန်းရောက် ဆန္ဒပြသူတချို့က ပါရီမြို့တော်က စတိုးဆိုင်တွေနဲ့ ဘဏ်တွေရဲ့ ပြတင်းပေါက်တွေကို ဖြိုချတာတွေလုပ်ခဲ့သလို လုံခြုံရေးကင်မရာ ဖျက်ဆီးခံရတာလည်း ရှိပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့ကြသလို မောင်းသူမဲ့ ဒရုန်းယာဥ်ငယ်လေးတွေကို သုံးပြီး ဝေဟင်ကနေ စောင့်ကြည့်ရိုက်ကူးနေလို့ ပုဂ္ဂလိကလွတ်လပ်ခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စိုးရိမ် ကန့်ကွက်ခဲ့ကြပါတယ်။
ပါရီရဲတပ်ဖွဲ့က လူ ၃၀ ကို ဖမ်းဆီးခဲ့ပြီး လီယွန်နဲ့ နန့် မြို့တွေမှာလည်း ရဲနဲ့ မေဒေးနေ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပါတယ်။
အင်ဒိုနီးရှားမှာဆိုရင်လည်း အလုပ်အကိုင်ဖန်တီးရေး ဥပဒေတရပ်ကို ရုပ်သိမ်းပေးဖို့ ဆန္ဒပြသူတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဥပဒေက အလုပ်သမားတွေရဲ့ သာယာဝပြောရေးကို ထိခိုက်စေသလို သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး စီးပွားရေး အကျိုးအမြတ်ကိုပဲ ဦးစားပေးနေတယ်ဆိုပြီး အလုပ်သမားတွေဘက်က ထောက်ပြကြပါတယ်။
သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆိုရင် အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ငွေကြေးကူညီပေးနေတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ လမ်းညွန်ချက်နဲ့ လုပ် ဆောင်နေတဲ့ ခြိုးခြံချွေတာရေး အစီအစဥ်တွေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
တခါ တူရကီမှာ ဆိုရင်လည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကူ တားဆီးတာတချို့ ဖြစ်ခဲ့သလို လူတဒါဇင်လောက် အဖမ်းခံခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံမှာတော့ လုံခြုံရေး အခြေအနေ နဲ့ နိုင်ငံရေး တင်းမာမှုတွေကြောင့် မြို့ကြီးတချို့မှာ မေဒေးနေ့ ချီတက်ပွဲတွေကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။