မြန်မာအစိုးရအနေနဲ့ အလုပ်သမားအခွင့်အရေးအကာအကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းနေပြီး၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေသစ်တွေ ပြဌာန်းဖို့ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။ ဒီလို အလုပ်သမားဥပဒေတွေ ရေးဆွဲရာမှာတော့ အလုပ်သမားသမဂ္ဂတွေရဲ့ အကြံပြုချက်ကိုပါ အလေးထားထည့်သွင်းဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ကျုင်းပတဲ့ မေဒေး စနေ့ အထိမ်းအမှတ်အခမ်းအနားမှာ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒီပွဲကို ကိုယ်တိုင် သတင်းသွားယူတဲ့ VOA သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
အလုပ်သမားတွေရဲ့အခွင့်အရေးအတွက် အလုပ်သမားဥပဒေတွေ ပြဌာန်းတဲ့နေရာမှာ အလုပ်သမားသမဂ္ဂတွေ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး အလုပ်သမားသမဂ္ဂတွေရဲ့ အကြံဉာဏ်ကို အလေးထား ရယူဖို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ရန်ကုန် လှိုင်သာယာမှာ ပြုလုပ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ အစိုးရကို တိုက်တွန်းသွားပါတယ်။
"(၁) အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပြင်ဆင်ရေးမှာ အလုပ်သမားသမဂ္ဂများရဲ့ တင်ပြအကြံပြုချက်များကို အလေးထားပြီး တင်ပြ ပြင်ဆင်ပေးပါရန်။ (၂) ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ် ILO ရဲ့ လာမယ့် ဇွန်လမှာ အတည့်ပြုမယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု Gender base violation convention ကို မြန်မာနိုင်ငံအနေနဲ့ ပြဌာန်းချက် convention အနေနဲ့ သဘောတူ လက်မှတ်ထိုးပေးပါရန် ၊ နံပတ် (၃) နိုင်ငံတကာအသိအမှတ်ပြုထားသော ILO ရဲ့ ပြဌာန်းချက် အမှတ် ၁၄၄ - သုံးပွင့်ဆိုင်ဆွေးနွေးမှုပြဌာန်းချက်ကို ILO နှစ် ၁၀၀ ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ အတည်ပြုလက်မှတ်ထိုးပေးရန်တောင်းဆိုပါတယ်။"
အခမ်းအနားကို ရောက်ရှိလာတဲ့ အလုပ်သမား၊ လူမှုဝန်ထမ်းနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ အလုပ်သမား အခွင့်အရေးအတွက် ပြည်ထောင်စုအစိုးရအနေနဲ့ တတ်စွမ်းသလောက် ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။ ဒီအတွက်လည်း လွှတ်တော်ကတဆင့် အလုပ်သမား ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"ဘာကြောင့်လဲဆိုတော့ အလုပ်သမားဆိုင်ရာအငြင်းပွားမှုဥပဒေကို ဖြေရှင်းနေပြီး နိုင်ငံခြားသားအလုပ်သမားဥပဒေကိုလည်း လွှတ်တော်ကို ရောက်နေပါပြီ။ နောက်ပြီးတော့ အလုပ်သမားတွေရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ဥပဒေတရပ် ကိုလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ် ဆက်လက်ပြီးတော့လည်း ဆောင်ရွက်နေပါတယ်။"
တဖက်မှာတော့ အလုပ်သမားတွေဖက်က ဝေဖန်နေတဲ့ အလုပ်သမားအဃါင့်အရေးရရှိမှုနည်းပါးတယ်ဆိုတာကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ငြင်းပါတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် မရတာတွေ ကြုံနေရဆဲရှိတယ်လို့ အလုပ်သမားတွေဖက်က ပြောပါတယ်။
မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့အတွက် အလုပ်သမားတွေရဲ့ ဘဝကို မြင့်တင်ပြီး၊ အလုပ်သမားတွေပြဿနာကို ကူညီဖြေရှင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။
အလုပ်သမားတွေရဲ့ လူမှုဘဝတိုးတက်ရေးဟာ မြန်မာနိုင်ငံရဲ့ဖွံဖြိုးရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေတာကြောင့်၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းမှုတွေ တိုးမြင့်လုပ်ဆောင်မယ်လို့လည်း ရန်ကုန်ဝန်ကြီးချုပ်က ပြောပါတယ်။
အလုပ်သမားအခွင့်အရေးဆိုတဲ့နေရာမှာ အမျိုးသမီးအလုပ်သမားတွေကို အခွင့်အလမ်းပေးဖို့၊ အကြမ်းဖက်ခံရမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မရှိအောင် ကာကွယ်ပေးဖို့ အမျိုးသမိးအလုပ်သမားခေါင်းဆောင် မဆွေဆွေအောင်က တောင်းဆိုခဲ့ပါတယ်။
"အခုပိုဆိုးတာက အလုပ်သမားဥပဒေဆိုတာ ရှိရဲ့သားနဲ့တောင်မှ ကျမတို့ကို တိတိကျကျနဲ့ ဖော်ပြထားတာ မရှိဘူး။ အခုကျမတို့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေဆိုတာလည်း မထွက်လာဘူး။ မထွက်လာသေးတော့ ပိုပြီးတော့ ဆိုးတယ်။ ကျမတို့ ကိုင်တွယ်ဖြေရှင်းရတာပေါ့နော် ဥပဒေမရှိတဲ့အတွက် အရမ်းခက်ခဲတယ်။ အဲဒါကြောင့် ဥပဒေတရပ်ထွက် လာအောင်လည်း ကြိုးစားနေပါတယ်။ အစိုးရကိုလည်း ပြောချင်တာက ဥပဒေတရပ်ထွက် လာရင် တိတိကျကျလေးထွက်စေချင်တယ်။ ကျမတို့အခု လောလောဆည်မှာ ရင်ဆိုင်ရတဲ့ အလုပ်သမားတွေမှာက ဥပဒေ တရပ်တော့ထွက်လာတယ် ဒါပေမယ့် တိကျမှုမရှိတဲ့အတွက် ဖြေရှင်းရတာ အရမ်းခက်ပါတယ်။"
ဒီကနေ့ကျရောက်တဲ့ ၁၂၉ကြိမ်မြောက်ကမ္ဘာ့အလုပ်သမားနေ့ကိုကြိုဆိုတဲ့ အနေနဲ့ ဒီအခမ်းအနားကို ရန်ကုန် လှိုင်သာယာမှာ ကျင်းပတာဖြစ်ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကဦးဆောင်ပြုလုပ်တာပါ။ အလုပ်သမား ၇ထောင်ဝန်းကျင် တတ်ရောက်ခဲ့တာတွေရပါတယ်။