[[Zawgyi/Unicode]]
နေပြည်တော်မှာကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မယ်ဆိုတဲ့ အဖွဲ့တွေထဲမှာတောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ ပြောကြတာတွေရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား အသီးသီး ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရသမျှ ရန်ကုန်ကပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်မယ့် ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်ဖို့ဆိုပြီး စစ်ကောင်စီက ဒီလ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ဖိတ်ခေါ်ခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့တွေကလွဲလို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ မထိုးရသေးတဲ့အဖွဲ့အစည်းတွေပါ အားလုံးကို ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ ဖိတ်ခေါ်တယ်လို့ ပြောကြားထားပါတယ်။
NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး က KNU အနေနဲ့ တက်မှာမဟုတ်ဘူးလို့ ဗွီအိုအေကိုပြောပါတယ်။
“ဖိတ်ကြားမှုကိုတော့ ကျနော်တို့ ရရှိခဲ့ပါတယ်။ သို့သော် ကျနော်တို့ မသွားဘူးလို့ ပြောလို့ ရတာပေ့ါဗျာ။ အဓိက အကြောင်း ၄ ချက်ကတော့- တစ် အချက်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနှစ်ကျော်ကာလအတွင်းမှာ အခြေအနေအားလုံးကို မထိန်းချုပ်နိုင်ဘူး။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့ သံတမန်ရေးဘက်မှာရော၊ နောက်ပြီး စစ်ရေးအခြေအနေမှာရော သူတခုမှ ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ အဲဒါကို နိုင်ငံတကာကို လှည့်ဖြားနိုင်ဖို့အနေနဲ့ ပြည်တွင်းပြည်ပရော ဒါကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ဖို့အတွက် ဒါက လှည့်ဖြားတဲ့ဟာတခုပဲ ဖြစ်တဲ့အတွက် ကျနော်တို့ အဲဒါမှာ သွားပြီးတော့ ပါဝင်စရာ အကြောင်းမရှိဘူး။”
စစ်ကောင်စီရဲ့ တရားဝင်မှုဆိုတဲ့အချက်၊ နိုင်ငံရေးအင်အားစုတွေအကြားမှာ အကြမ်းဖက်အဖွဲ့အဖြစ် ခွဲခြား သတ်မှတ်ထားတဲ့အချက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တရားမျှတမယ်လို့ မယုံကြည်တဲ့အချက်တွေကြောင့်လည်း စစ်ကောင်စီလုပ်တဲ့ အခမ်းအနားတွေကို KNU မတက်တာလို့ သူကပြောပါတယ်။ KNU ရဲ့ တပ်မဟာတချို့နဲ့ စစ်ကောင်စီတပ်တွေ လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေပါတယ်။
ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားတွေကို တက်ဖြစ်မှာမဟုတ်ဘူးလို့ အတွင်းရေးမှူး ခွန်ထွန်းတင်က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ဖိတ်စာမှာ ဥက္ကဋ္ဌကို လိပ်မူတပ်ဖိတ်ကြားထားတဲ့အတွက် ဥက္ကဋ္ဌဟာ လောလောဆယ် Quarantine ဝင် သီးခြားခွဲနေရတာကြောင့် ပြည်ထောင်စုနေ့အခမ်းအနားကို မတက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ကကျတော့ အများဆုံးဖြတ်ဖို့ PNLO ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူဖို့ခက်ခဲတာကြောင့် တက်ရောက်နိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့လည်း တက်ရောက်မှာမဟုတ် ဘူးလို့ ပြောကြတာကို ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ကိုးကားဖော်ပြထားကြပါတယ်။
တက်ဖို့ပြင်နေတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သူတို့ပါတီရဲ့ သဘောထားကို အခုလိုပြောပါတယ်။
“ကျမတို့ကတော့ ဒီပြည်ထောင်စုနေ့ အခမ်းအနားကို တက်ဖို့ ဖြစ်ပါတယ်။ စိန်ရတု ပြည်ထောင်စုနေ့ဆိုတာ သမိုင်းဝင် နေ့တနေ့လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီပြည်ထောင်စုဆိုတဲ့ ဖွဲ့စည်းမှုတခု ဖြစ်ပေါ်လာဖို့အတွက် သမိုင်းတွင်ခဲ့တဲ့နေ့ကို ကျမတို့က အသိအမှတ် တကယ်ပြုပါတယ်။ ငြိမ်းချမ်းရေးကိစ္စကျရင်တော့ ဆွေးနွေးရေးလမ်းကြောင်းကို ကျမတို့ ဖွင့်ထားဖို့ လိုအပ်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ဒီဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားလို့ရှိရင် ကျမတို့ တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်လို့ ကျမတို့ သုံးသပ်ပါတယ်။ အဲဒါကြောင့်မို့ ဒီဖိတ်ကြားမှုကို လက်ခံပါတယ်။”
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့လည်း ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ ဆုံးဖြတ်ချက် မကျသေးပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ မတက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကပြောပါတယ်။
“ဒီ ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ သူက နှစ်ပိုင်းရှိလိမ့်မယ်ဗျ။ ပထမတခုကျတော့ ပြည်ထောင်စုနေ့အခမ်းအနားတခုရယ်။ နောက်တခုကျတော့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီးမှ ဖိတ်တာတွေ ၂ ခုရှိတယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲကျတော့ ကျနော်တို့ RCSS အနေနဲ့ တက်မှာမဟုတ်ဘူးခင်ဗျ။ အခမ်းအနားကျတော့ ကျနော်တို့ ဆက်ဆံရေးရုံးအဆင့်လောက်တော့ တက်ကောင်းတက်နိုင်တယ်ခင်ဗျ။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ဆုံးဖြတ်ချက် မကျသေးဘူးခင်ဗျ။”
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်သန်းကလည်း သူတို့အဖွဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနား တက်ဖို့ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ တက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပြည်ထောင်စုနေ့အခမ်းအနားတွေ တက်မယ်လို့ သိထားပေမဲ့ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ တက်မတက်တော့ အတိအကျ မသိရသေးပါဘူး။ မွန်ပြည်သစ်ပါတီ (NMSP) ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
NCA စာချုပ်မှာ လက်မှတ် ထိုးမထားသေးတဲ့အဖွဲ့တွေထဲက အင်အားကြီးလက်နက်ကိုင်တဖွဲ့ဖြစ်တဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သဘောထားကို လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အခုလိုပြောပါတယ်။
“ဗဟိုဌာနချုပ်ကတော့ ရောဂါအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေ အခက်အခဲကြောင့်ပေ့ါနော် တက်ရောက်နိုင်ဖို့ အခြေအနေ မပေးဘူး၊ မရှိဘူးဖြစ်နေတယ်ပေါ့နော်။ လောလောဆယ် အနေနဲ့ ကျနော်တို့ ဒီ ဆက်ဆံရေးအရာရှိတယောက် ယောက်အနေနဲ့ တက်ရောက်ဖို့တော့ ရှိတယ်ပေါ့နော်။”
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကတော့ မတက်ရောက်နိုင်ကြောင်း စာပြန်ထားတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဖိတ်ကြားတာရှိပါတယ်။ စာနဲ့ အကြောင်းကြား ဖိတ်တာတွေရှိပါတယ်။ ဒါပေမဲ့ KIO အနေနဲ့တော့ မတက်ရောက်နိုင်တဲ့အကြောင်းကို စာပြန်ထားတာရှိပါတယ်။ ပြည်တွင်းရဲ့အကြောင်းအမျိုးမျိုးကြောင့်ပေ့ါကွာ။ ဒီ ရောဂါကူးစက်မှုအခြေအနေတို့၊ စစ်ရေးရှုပ်ထွေးလာတာတွေ အမျိုးမျိုးရှိတာပေ့ါ။ အဲဒါကြောင့် မတက်နိုင်ကြောင်းကို စာနဲ့ အကြောင်းပြန်ထားတာရှိပါတယ်။”
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က တက်ရေး၊ မတက်ရေး ဆွေးနွေးနေဆဲဖြစ်ကြောင်းနဲ့ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က တက်ရောက်မှာမဟုတ်ကြောင်း တာဝန် ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကတော့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးတာ့ဘုန်းကျော်က သူတို့အဖွဲ့အပါအဝင် ညီနောင် မဟာမိတ်တွေဖြစ်တဲ့ MNDAA ကိုးကန့်တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တက်ရောက်မှာမဟုတ်ကြောင်း ရွှေဖီမြေသတင်းဌာနကို ပြောထားပါတယ်။ MNDAA နဲ့ AA ကို သီခြား မဆက်သွယ်နိုင်ခဲ့သလို NDAA ခေါ် မိုင်းလားအဖွဲ့ကို ဆက်သွယ်ရာမှာ လည်း ဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။
NCA လက်မှတ်မထိုးသေးတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း တက်ရောက်မှာ မဟုတ်ကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) အဖွဲ့တွေနဲ့ပတ်သက်လို့လည်း မသိရသေးပါဘူး။
စစ်ကောင်စီက ထာဝရငြိမ်းချမ်းရေးကို အခုနှစ်ထဲ ရအောင်ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် KNU၊ KIA၊ AA CNF၊ KNPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေသလို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ် စတဲ့ဒေသတွေမှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်နေပါတယ်။
===========
[[Unicode]]
===========