၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အခုတလော ပြန်လည်လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ပြင်ဆင်နိုင်မယ့် အလားအလာ ကင်းမဲ့နေလို့ စိန်ပျက်မိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စ အသေးစိတ်ကို မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ အခုမြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ လေသံတွေ ထွက်လာတာကို ကြားရပါတယ်။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်သင့်တယ်ဆိုတာကို နိုင်ငံရေး နားလည်သူ၊ သာမန်လူတွေလည်း သဘောပေါက်ကြပါတယ်။ ဒီ ဖွဲ့စည်းပုံ က သိပ်အလုပ်မဖြစ်ဘူး။ ဒီမိုကရေစီရေးအတွက် အဆင့်တဆင့်အဖြစ်သာ မလွှဲသာလို့သာ လက်ခံခဲ့ကြတယ်ဆိုပြီး လူတိုင်းက ယူဆထားကြတယ်လို့ပြောရင် မှားမယ်မဟုတ်ပါဘူး။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီကိစ္စကို ပြောလာတာ၊ ရွေးကောက်ပွဲ အနိုင်ရပြီးတော့ ဒီကိစ္စက တော်တော်လေး ငြိမ်သွားပြီးတော့ အခုပြန်ပေါ်လာတာ ဘာကြောင့်လို့ ယူဆပါလဲ။ ဒီအချိန်ကြမှ ပြန်ပေါ်လာတဲ့အပေါ် လူတိုင်းက အမျိုးမျိုး သုံးသပ်နေကြပါတယ်။
ဖြေ ။ ။ ရှင်းရှင်းပြောရရင် ပြင်ဖို့လုပ်တယ်ဆိုတာက တော်တော်ကြီး ဖြစ်နိုင်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ (က) နဲ့ (ခ) က ဘယ်လိုမှ ပြင်မရအောင် လုပ်ထားတာ။ ဖြစ်ချင်တော့ ပုဒ်မပေါင်း ၄၅၇ ခု မှာ ၉၃ ခု က လူထုဆန္ဒခံယူပွဲ ယူရမယ်။ အဲဒီလူထုဆန္ဒခံယူပွဲ ယူတော့လဲ လာမဲပေးတဲ့လူတဝက်နဲ့ မဟုတ်ဘဲနဲ့ မဲပေးနိုင်သူရဲ့တဝက်ဆိုတော့ ဘယ်လိုမှ လုပ်မရတဲ့ဟာ ဖြစ်တယ်။ အဲဒီ ပုဒ်မ ၉၃ ခုထဲမှာလည်း အရေးကြီးတဲ့ ပုဒ်မတွေမှန်သမျှ အဲဒီထဲမှာ ဝင်နေတယ်။
နောက်တခါ ၄၃၆ (ခ) ကြတော့လဲ ၇၅ ရာခိုင်နှုန်းကျော်ဆိုတော့ ဘယ်လိုမှ တပ်မတော်က မထောက်ခံဘဲနဲ့ မဖြစ်တဲ့ဟာမျိုး ဖြစ်နေတယ်။ တပ်မတော်တင် မဟုတ်ဘူး လူမျိုးစုတိုင်းရင်းသားတွေလည်း ရှိတယ်။ တခြား Opposition တွေလည်း ရှိသေးတယ်။ အဲဒီတော့ ဘယ်လိုမှ ပြင်မရအောင် လုပ်ထားတယ်။ ပြင်မယ်လို့ ပြောနေတဲ့ဥစ္စာဟာ ကျနော်တို့ နိုင်ငံရေးအတွေ့အကြုံရင့်တဲ့ လူတယောက်အနေနဲ့ဆိုရင် အင်မတန့်ကို မဖြစ်နိုင်ဘူး။ ဒါက တမင်သက်သက် အချိန်ဖြုန်းနေပြီးတော့ လူထုကို မှန်မှန်ကန်ကန် တင်ပြကြတာ မဟုတ်ဘူးလို့ အဲဒီလို ကျနော်က ယူဆတယ်။
တခုတော့ရှိတယ် အခုနပြောတဲ့ ၄၃၆ (ခ) မှာ မျှော်လင့်ချက်က ဘာလဲဆိုတော့ တပ်မတော်အတွက်လည်း NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တော်တော်လေး လိုက်လျောထားတဲ့အတွက်ကြောင့်မို့ - လိုက်လျောမှုတွေ အများကြီး - သူ့နာမည်တွေ အပျက်ခံပြီးတော့ တံဆိပ်တွေအပျက်ခံပြီတော့။ ပြည်သူလူထုရဲ့ အထင်လွဲမှားမှုတွေ ခံပြီးတော့ တပ်မတော်ကို လိုက်လျောထားတော့ တပ်မတော်အနေနဲ့ ဒီတခါတော့ လိုက်လျောသင့်တဲ့ အချိန်တော့ရောက်ပြီ - အဲဒီလိုများ ဖြစ်မလားဆိုပြီတော့ ဒီလိုတော့ တချက်ရှိတယ်။
မေး ။ ။ ဒီအချိန်မှာ အဲဒီကိစ္စ လေသံထွက်လာတာတော့ တပ်မတော်က ဒီဟာကိုတော့ လက်ခံလောက်ပြီဆိုတဲ့ ယူဆချက်ကြောင့် ဒီအချိန်မှာ ပြင်ဆင်တဲ့ကိစ္စ ပြန်ပေါ်လာတဲ့ သဘောလား။
ဖြေ ။ ။ အဲဒီလိုလဲ ယူဆလို့ရပါတယ်။ နောက်တချက်ကလဲ ရုံးခန်းတွေက အကုန်လုံးပျက်ပြီ။ ငြိမ်းချမ်းရေးကလဲ တို့လို့တန်းလန်း - မျှော်လင့်ချက်ကလည်း အတော့်ကိုနည်းသွားပြီ။ နောက်တခါ စီးပွားရေးကလဲ ဒီလောက်ကြီး ကောင်းမလာဘဲနဲ့ ဒီအတိုင်းပဲ။ ကျန်တဲ့ပြောင်းလဲမှုတွေကလဲ သိသိသာသာ တိုးတက်မှုတွေ မရှိတဲ့အခါကြတော့ ရွေးကောက်ပွဲကလည်း နီးလာပြီ။ လူတွေကလည်း ပြောလာပြီ “ခင်များတို့ ရွေးကောက်ပွဲကတိ မတည်ဘူး” ဆိုတဲ့ အသံတွေကလည်း ကျယ်လာတော့ ရွေးကောက်ပွဲအတွက်လဲ ရည်ရွယ်ပြီတော့ ဒီအချိန်တော့ လုပ်မှဖြစ်မယ်။ ဒီအချိန်မှ မလုပ်ရင်တော့ ငါတို့ သွားလိမ့်မယ် ၂၀၂၀ မှတော့ - အဲဒါလဲပါတယ်လို့ အဲဒီလို ယူဆလို့ ရပါတယ်။
မေး ။ ။ ဆိုတော့ ပထမတခုက တပ်မတော်ဘက်ကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လိုက်လျောထားတာ၊ အနစ်နာခံပြီတော့ အကာအကွယ်ပေးထားတာတွေလဲ များပြီ၊ ဒီတခါတော့ လက်ခံနိုင်ကောင်းရဲ့ဆိုတဲ့ စဉ်းစားချက်ကို ကျနော် စိတ်ဝင်စားပါတယ်။ ဆိုတော့ ဘယ်လောက်ထိ လိုက်လျောနိုင်ဖို့ အလားအလာ ရှိပါသလဲ။ ဒီ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကော်မတီ ဖွဲ့ဖို့ကိစ္စကိုတောင်မှ တပ်မတော်ကိုယ်စားလှယ်တွေက အပြင်းအထန်ကန့်ကွက်နေတာကို တွေ့နေရတော့ အဲဒီဘက်က လက်ခံနိုင်မယ့် အလားအလာ ရှိပါလား။
ဖြေ ။ ။ တိုင်းပြည်က တော်တော်စိတ်ပျက်သွားတယ်။ ဒီတခါတော့ တပ်မတော်ဘက်က ညှိနှိုင်းပြီးတော့ အဆင်ပြေပြီလို့ တင်လိုက်တာလို့ အဲဒီလိုယူဆတဲ့ အုပ်စုတွေက အတော်လေးစိတ်ပျက်ကုန်ကြတယ်။ ရှင်းရှင်းပြောရရင် ဒီဟာကြီးက ဘယ်လိုမှ ပြင်လို့မရဘူး။ ဦးကိုနီတို့ဆို အသက်တောင်ပေးသွားတယ်။ ဆရာဦးဝင်းတင်လည်း ဒီအတိုင်းပြောသွားတယ် - မရဘူး၊ ဝင်ပြင်မှရမယ်ဆိုတာ ရကိုမရဘူးလို့ ပြောသွားတာ။ ကျနော်လည်း အဲဒီအုပ်စုထဲမှာပါတယ်။ သို့သော်လဲပဲ မျှော်တော့မျှော်လင့်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီး တိုင်းပြည်လည်း အကျပ်အတည်းတွေနဲ့ ဖြစ်နေတယ်။ ပြည်တွင်းပြည်ပ ဖြစ်နေပြီတော့ ဒီတခါတော့ တပ်မတော်ဘက်ကတော့ တစုံတရာ ပြန်လိုက်လျောပြီး၊ အပေးအယူ ဖြစ်လာမယ်လို့ အဲဒီလို မျှော်လင့်ခဲ့တယ်။ အခုတော့ အဲဒီဟာ တော်တော်လေးလျော့တောင် သွားသလို ပြန်တွေ့ရတယ်။
မေး ။ ။ ဒါပေမဲ့လဲ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဖွဲ့စည်းပုံပြင်ဖို့ကို သူတို့က ဘယ်တုန်းကမှ မကန့်ကွက်ဘူး။ ပြင်သင့်တဲ့အချိန်မှာ ပြင်သင့်တဲ့နည်းနဲ့ ပြင်မယ် ဘာညာဆိုတာကို အခုထိ ပြောနေတုန်းဆိုတော့ အဲဒါကို ဘယ်လိုနားလည်ရမလဲ။
ဖြေ ။ ။ အဲဒါကတော့ ပြီခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကြံ့ခိုင်ရေးက ဦးဆောင်ပြီးတော့ ဖွဲ့စည်းပုံပြင်ဖို့ တင်ခဲ့တယ်။ တင်တော့ တိုင်းပြည်ကလည်း ဝိုင်းထောက်ခံတယ်။ NLD ကလည်း သဘောကျတယ်။ မကန့်ကွက်ဘူး။ လူတွေက ထင်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပိတ်ထားတဲ့ ၅၉ (စ) ပါ ပြင်ပေးလိမ့်မယ်လို့ - ပြင်တော့ပြင်တယ် ဘယ်လိုပြင်သလဲဆိုတော့ ဒုသမ္မတဦးမြင့်ဆွေရဲ့ သမီးလား၊ သားလား မသိ၊ သူက နိုင်ငံခြားက ရောက်၊ နိုင်ငံခြားသားနဲ့ ယူထားတဲ့ဟာကို ကင်းလွှတ်ခွင့်ပေးတယ်ဆိုပြီးတော့ ၅၉ (စ) ကို ထားခဲ့ပြီးတော့ အဲဒီပုံစံနဲ့ သူတို့စိတ်ကြိုက်ပြင်သွားတယ်။ အဲဒီတော့ ဒီတခါလဲပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်မယ်ဆိုတာ အဲဒီပုံစံမျိုး ဖြစ်မယ်ဆိုရင်တော့ တော်တော်လေး တပ်မတော်ရဲ့ ပြုမှုဆောင်ရွက်မှုကို စိတ်ပျက်မိပါတယ်။
မေး ။ ။ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကျော်ကျော် ထောက်ခံရမယ်လို့ ပြောပေမယ့် ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းမယ်ဆိုရင် ဘယ်လိုဆိုတာ ပြဌာန်းမထားဘူးလို့ တချို့က ထောက်ပြကြပါတယ်။ အဲဒီကိစ္စကို ရှင်းပြပါအုံး။
ဖြေ ။ ။ အဲဒီကိစ္စကို ဦးကိုနီက အဲဒီလို ပြောခဲ့တာ။ ဦးကိုနီ က နှစ်ချက်ပြောတယ် - တချက်က ဘာပြောသွားလဲဆိုတော့ - ဒါကို ကျနော်ထောက်ခံလို့ပါ။ အစားထိုးမယ်။ ဖွဲ့စည်းပုံတခုကို အစားမထိုးရဘူးလို့ ပြဌာန်းမထားဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအသစ်နဲ့ အစားထိုးမယ်။ နောက်တခုက လူထုဆန္ဒခံယူပွဲနဲ့ ဆိုပြီတော့ အတည်ပြုထားရင် လူထုဆန္ဒခံယူပွဲ ပြန်လုပ်ပြီးတော့ ဖျက်မယ်ဆိုရင်ကော ဘယ်လိုတင်မလဲဆိုပြီး အဲဒီလိုပြောထားတယ်။ အဲဒါတွေကတော့ ပညာရှင်တွေပြောတဲ့ တကယ့်ကို သဘောတရားတွေ။ ဘယ်လိုအကြောင်းနဲ့မှ ဖွဲ့စည်းပုံကိုထိထိ ဖွဲ့စည်းပုံက သူတို့လုံခြုံရေးကိုထိထိ အဲဒီလိုလုပ်လာတာနဲ့ တပ်မတော်က လုံးဝအာဏာပြန်သိမ်းမယ့် လက္ခဏာတွေက အသင့်အနေအထားမှာရှိတယ်။ တချို့က အခုတောင်သိမ်းစေချင်နေပြီ။ သိမ်းလောက်ပြီ - ICC ပြဿနာ ခံနေလို့သာ မသိမ်းသေးတာ။ ကျနော်တို့က သိမ်းလည်းသိမ်းဗျာ ကြိုက်တယ် - အဲဒါမှ အသစ်ကပြန်စမယ်။ ကျနော်က ကြိုက်တယ် - အခုလို ဒီမိုကရေစီ အမည်ပဲခံပြီးတော့ နေရတော့ ကျနော်တို့က တသက်လုံး ခံလာခဲ့ရတဲ့ လူထုအနေနဲ့ ဘာမှမထူးတော့ဘူး။ သန်းကောင်ထက် ညဉ့်မနက်ဘူးလို့ အဲဒီလိုပဲ ယူဆတယ်။
မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်တဲ့ နိုင်ငံခြားပညာရှင်တွေ အထူးသဖြင့် ပါမောက္ခ David Steinberg ဆိုရင် ကျနော့်ကိုပြောတယ် - မင်းမမွေးခင်ကတည်းက ငါ့ဗမာပြည်အကြောင်းကို လေ့လာနေတာဆိုပြီပြောတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီဆရာကြီးက ဘာပြောလဲဆိုရင် စစ်တပ်အာဏာသိမ်းမယ်ဆိုတဲ့ ပြောနေတဲ့ကိစ္စ ဘာသိမ်းစရာ လိုသေးလဲ။ အခုလည်း သူ့လက်ထဲမှာ အကုန်ရှိနေတယ်လို့ ပြောတယ်။ အဲဒါကို ဘယ်လိုပြန်ပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒါကို ကျနော်ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ မှာ သိမ်းထားသလို ဖြစ်နေပြီ။ သိမ်းပြီသား - လိုအပ်သလို လိုချင်တာတွေ အကုန်ရှိတယ်။ ပုဒ်မ ၉၃ ထဲမှာ အကုန်ပါတယ်။ ဒါကြောင့် ကျုပ်က စိတ်ညစ်တာ ဒါကြောင့် သိမ်းချင်လဲ သိမ်းသွားလို့ပြောတာ။ အဲဒါကြောင့် ရွဲ့ပြောတာ။
မေး ။ ။ လူထုဆန္ဒခံယူပွဲဆိုတာ အခု မြန်မာပြည်သူတွေကလည်း ဒီကိစ္စကို Campaign လုပ်မယ်။ ဆန္ဒပြမယ်ဆိုပြီး စီစဉ်နေကြတယ်။ ဒီလိုဟာမျိုးကနေ လူထုဆန္ဒခံယူပွဲ ဖြစ်သွားနိုင်တဲ့ အခြေအနေ ရှိနေပါသလား။ ပြည်သူတွေ ဒီကိစ္စကို ဘယ်လောက်အထိ စိတ်ဝင်စားနေကြပါလဲ။
ဖြေ ။ ။ ကျနော်ပြောပြမယ် - လူတွေက အခု ဘယ်လောက်တောင် ဖြစ်နေပြီလဲဆိုရင် မြစ်ဆုံနဲ့ ခြေဥနဲ့ လဲရင်လည်း လဲရပါစေတော့ ခြေဥက ဘာမှသုံးမရဘူး၊ မြစ်ဆုံက သုံးရတယ်လို့ ပြောနေကြပြီ။ အဲဒီတော့ ပြောချင်တာကတော့ လူထုဆန္ဒပြပွဲကြီးနဲ့ ပြန်ပြင်ဖို့ဆိုတာ တော်တော်ကြီးကို လူထုကလည်း စိတ်ပျက်နေပြီ။ အခုမြစ်ဆုံလေးတောင် ဧရာဝတီတောင်မှ အချို့ပဲပြတယ်။ အဲဒီလိုဖြစ်နေတယ်။ အလကားနေ ပြနေတာပဲဆိုတဲ့ တချို့လူတွေရဲ့အမြင်ကရှိတယ်။ အနေအထားတွေက အဲဒီလို အခက်အခဲတွေရှိတယ်။ နောက်တခုက နည်းနည်းလေး လှုပ်တာနဲ့ ပြန်ဖမ်းတာတွေရှိတယ်။ ခြိမ်းခြောက်မှုတွေကလည်း ဒီအတိုင်းပဲ ပြည်ထဲရေး၊ ရဲတပ်ဖွဲ့တွေကလည်း စစ်တပ်အောက်မှာပဲ ရှိနေမြဲ၊ တရားရေးကလည်း စစ်ဗိုလ်အောက်မှာ ပြားပြားဝပ်ပဲ။ ပြီးတော့ လူထုအတွက် စားဝတ်နေရေးကလည်း အရမ်းကျပ်တယ်။ ရှာရဖွေရ လုပ်ရကိုင်ရတာ။ အဲဒါကြောင့် လူထုကြီးက ပြန်လည်နိုးထဖို့ တော်တော်ခက်ခဲတယ်။
မေး ။ ။ ကျနော် တခုစဉ်းစားမိတာက ငြိမ်းချမ်းရေးကိစ္စလည်း ရှေ့မတိုးဘူး။ တိုင်းပြည်ရဲ့ တိုးတက်စရာရှိတဲ့ ကိစ္စတွေက အကုန်လုံး တစ်စို့နေတယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံကြောင့်ဖြစ်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တယ်ဆိုတာ တိုင်းပြည်အရေး၊ တိုင်းပြည်ကောင်းကျိုး ရှေ့ကိုတိုးစေချင်လို့ဆိုတာကို လူတွေတော်တော်များများ သဘောပေါက်ကြမယ် ထင်ပါတယ်။ ဒါကို တပ်မတော်ဘက်က ဒီလိုနားမလည်ကြဘူးလား။ ဒီကိစ္စကို ပြင်ချင်တယ်ဆိုတာ တိုင်းပြည်ရှေ့ကို အခြေအနေတိုးတက်စေချင်လို့ဆိုတာကို သူတို့ သဘောမပေါက်ကြဘူးလို့ ယူဆပါသလား။
ဖြေ ။ ။ ခင်များလဲ သိတဲ့အတိုင်း ဒီစစ်တပ်က ပျက်စီးနေတဲ့တပ်။ အတွေးအခေါ်တွေကအစ အခုလဲ ပစ်ဆိုရင် ပစ်မှာ။ အကတ်လိုက် ဆွဲချလိုက်မှာ။ မပစ်ခိုင်းလို့သာ မပစ်သေးတာ။ အဲဒီလိုတပ်မျိုး။ သေချာလေ့ကျင့်ထားပြီးတော့ ဗိုလ်ချုပ်တွေကို အရမ်းချမ်းသာအောင် လုပ်ပေးထားတာ။ အဲဒီချမ်းသာပြီး ဘေးထွက်ထိုင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဆိုရင် ဒီအတိုင်းကြီး - သူရရွှေမန်းပြောသလို ၂၀၀၈ က ခံကတုတ်ပဲ။ ဒီကတုတ်ကနေ ခံနေကြတာလို့ အဲဒီလိုပြောခဲ့တာ။ ဒါကြောင့် တပ်ကို ဘယ်လိုမှ စိတ်ကူးမယဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အခု တံဆိပ်တွေဆုံးရှုံး၊ နာမည်တွေပျက်။ ပျက်ပြီးတော့ အကာအကွယ်ပေးနေတာတောင် အခုထက်ထိ တပ်ရဲ့ အနေအထားက ဒီအတိုင်းကြီး။ လူတွေက တော်တော်စိတ်ပျက်ပြီးတော့ ICC ဝင်လာပြီး အကုန်ဖမ်းသွားအေးတယ်လို့ ပြောတဲ့လူတွေရှိတယ်။ ကျနော်တော့ အဲဒီအထဲမှာ မပါပါဘူး။ သို့သော် လူတွေက စိတ်ပျက်တာကိုပြောတာ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေထွက်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တင်းခံနေလား။ လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်းခံနေလား။ ဘယ်လိုသုံးသပ်မိပါလဲ။
ဖြေ ။ ။ အတူတူနဲ့ အနူနူပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက Main ပဲ။ နောက်တခါ ကာချုပ်မင်းအောင်လှိုင်လည်း ဒေါ်အောင်ဆန်းစုကြည် စည်းရုံးတာပဲ။ သူကိုစည်းရုံးပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို ၂၀၂၀ အထိ ခွင့်ပြုထားတာပဲ။ ဒါပေမဲ့လို့ မရဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးနေဝင်းလိုပဲ နောက်ဆုံး ဦးနေဝင်းကို လှန်ချလိုက်မှ - ဦးသန်းရွှေက ချလိုက်တာ။ အဲဒီတုန်းက အကုန်အကာအကွယ် အသင့်ယူထားတာ။ ဒါကြောင့်မို့ တပ်မတော်ကြီး ပြောင်းလဲလာဖို့ဆိုတာ ဦးသန်းရွှေတို့ မရှိရင်တော့ တမျိုးပြောင်းရင်ပြောင်းမယ်။ ဦးသန်းရွှေတို့ ရှိနေသမျှ ကာချုပ်မင်းအောင်လှိုင်အဆင့်လောက်နဲ့ အဲဒီလောက်ကြီး မလုပ်နိုင်ဘူး။ လုပ်တောင်မှ ၄၃၆ (ခ) လောက်ရ နည်းနည်းပါးပါးလောက်။ ကျန်တဲ့ ၉၃ ကို မထိစေနဲ့ မရဘူး။
ကောက်နုတ်ချက် ။ ။ သောတရှင်များခင်များ … မြန်မာ့သမိုင်းမှာ တာဝန်ရှိသူတွေက လုပ်သင့်လုပ်ထိုက်တာကို အလုံအလောက်မလုပ်ခဲ့ကြတာ၊ အချိန်မီ မလုပ်ခဲ့ကြတာတွေကြောင့် တိုင်းပြည်နစ်နာခဲ့ရတဲ့ သာဓကတွေ အမြောက်အမြား ရှိခဲ့ပါတယ်။ အခုအခါ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေတဲ့အချိန်မှာ အလားတူ Too late, too little ဆိုတဲ့ အခြေအနေတွေ မဖြစ်ရလေအောင် သင်ခန်းစာ ယူသင့်တယ်လို့ ထင်မြင်မိပါတယ်။