ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်း အစီအစဉ်မှာ ဦးမြင့်ဆွေကို ဒုတိယသမ္မအဖြစ် တပ်မတော်ဘက်ကရွေးချယ်ခဲ့တာဟာ သစ္စာခံနိုင်ငံရေးရဲ့သဘောသဘာဝဖြစ်တယ်လို့ ပါမောက္ခ David Steinberg ကသုံးသပ်ပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကတော့ ရှေ့ဆက်လုပ်ဆောင်လာတဲ့ လုပ်ရပ်တွေကိုစောင့်ကြည့်ပြီးမှ ဝေဖန်သင့်တယ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပညာရှင် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg, ဦးသုဝေတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးသုဝေ ကို ပထမဦးဆုံး မေးချင်တာက ဆရာဦးသုဝေ က မြန်မာနိုင်ငံဒီမိုကရေစီခေတ်မှာလည်း နိုင်ငံရေးသမားတယောက်အဖြစ်နဲ့ ရပ်တည်ခဲ့တယ်။ ဒီမိုကရေစီ ကျဆုံးတာကို ကြုံတွေ့ခဲ့တဲ့သူတယောက် ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာတဲ့ကိစ္စဟာ ဆုံးရှုံးသွားခဲ့တဲ့ ဒီမိုကရေစီ ပြန်လည်ဆန်းသစ်လာပြီလို့ ယူဆပါလား ဆရာ။ ဘယ်လောက်အထိ ဆန်းသစ်လာပါလဲ။ အပြည့်အဝ ဆန်းသစ်လာသလား။ တဝက်တပျက်လား ဆရာရဲ့ အမြင်ကို အကျဉ်းရုံးလေး ပထမဆုံးပြောပါ။
ဦးသုဝေ ။ ။ ကျနော်က ဒီမိုကရေစီခေတ်ကိုလည်း မှီပြီးတော့ အခုလည်း ဒီမိုကရေစီတခေတ်ကို ထပ်ပြီးတော့ ရောက်လာတယ်ဆိုတော့ အင်မတန် ဝမ်းသာစရာကောင်းတဲ့ အချိန်အခါပေါ့။ အပြည့်အဝ ဝမ်းသာနိုင်အောင် လက်ရှိ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီအစိုးရလည်း အားကြိုးမာန်တက်နဲ့ တကယ်ပဲ ကြိုးစားပေးမယ်ဆိုရင်တော့ ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ရမှာတို့။ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရမှာတို့ကို အောင်အောင်မြင်မြင် လုပ်နိုင်မှာပေါ့။
ဦးကျော်ဇံသာ ။ ။ လူတော်တော်များများကတော့ ဒီဟာထက် မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ဆရာလဲ ပိုသိမှာပေါ့။ ဆရာဦးသုဝေ က တချိန်တုန်းက ပြောခဲ့တယ် စစ်တပ်ဟာ နောက်ဆုတ်နေတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ချင်းမိုင်ဆွေးနွေးပွဲမှာ။ တပ်မှူးကောင်းတို့မည်သည် တပ်မှူးကောင်းတွေဟာ နောက်ဆုတ်တဲ့နေရာမှာ တပ်မပျက်သွားအောင်၊ ကမောက်ကမ မဖြစ်သွားအောင် ထိန်းထိန်းသိမ်းသိမ်း ဆုတ်ရတာဖြစ်တယ်။ အဲဒီလို ဆုတ်နေတယ်လို့ ဆရာ သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အထိကတော့ အဲဒီလို ယူဆရပေမယ့် အခု ရွေးကောက်ပွဲ ပြီးတဲ့အခါမှာကြတော့ ဆက်ပြီးနောက်မဆုတ်တော့ဘဲနဲ့ နောက်ထပ် (၅) နှစ်ကို တက်နေမယ် ဒီနေရာမှာပဲဆိုတဲ့ သဘောမျိုး သုံးသပ်ရင်ကော ဖြစ်နိုင်လား။
ဦးသုဝေ ။ ။ အပြန်အလှန် သဘောထားတွေ ရှိတာပေါ့။ နှစ်ဘက် .. ကိုယ့်တိုင်းပြည်ကြီးကို တည်ဆောက်တော့မယ် ဆိုရင်ဖြစ်ရင် တဘက်နဲ့တဘက် နားလည်မှုက လိုအပ်တယ်။ ကျနော်ထင်တယ် အခုဟာက အစပဲရှိသေးတယ်။ အစရှိသေးတဲ့နေရာမှာ နားလည်မှု အပြည့်အဝတော့ သိပ်မရသေးဘူးလို့ထင်တယ်။ ဒါကလဲ နှစ်ဘက်က တင်းကြပ်မှုရှိရှိနဲ့ … ရှိရှိနဲ့ ဆက်ပြီးတော့ လုပ်မယ်ဆိုရင် ဒါက တိုင်းပြည်အတွက်လေ။ တိုင်းပြည်အတွက်ဆိုတော့ တပ်မတော်ကလဲ တိုင်းပြည်ကို တည်ဆောက်ချင်တဲ့ သဘောထားတွေ ရှိပါတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သူတို့လဲပဲ ဒီမိုကရေစီ အပြည့်အဝဖြစ်အောင် တဖြည်းဖြည်းသွားလိမ့်မယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ နားလည်မှုရှိရှိနဲ့ သူတို့လဲ ဒီလိုလျှောက်သွားမယ်ဆိုတာကို ယုံကြည်တယ်ဆိုတာကိုလဲ ပြဖို့လိုတာပေါ့။ အဲဒီလိုဆိုရင်တော့ ပြီးသွားမယ်လို့တော့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ပြည်သူလူထုဘက်ကတော့ ယုံကြည်တယ်ဆိုတာထက် မျှော်လင့်ကြတာပေါ့။ ဒါပေမဲ့ အခုလူတွေ ထောက်ပြကြတာကတော့ အကျိုးစီးပွားပေါ့။ နိုင်ငံရေး အကျိုးစီးပွားလည်းပါတယ်။ စီးပွားရေး အကျိုးစီးပွားလည်းပါတယ်။ သူတို့ယူထားတဲ့ အကျိုးအမြတ်တွေကို မစွန့်လွှတ်လိုတဲ့အတွက်။ လျှော့မပေးချင်တဲ့အတွက် ဆက်လက်ပြီးတော့ ဆွဲကိုင်နေတဲ့သဘော ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လို သဘောရပါလဲ။
ဦးသုဝေ ။ ။ အဲဒါက ဒီလုပ်ငန်းတွေ အကုန်လုံးကို ချက်ချင်းပြီးသွားမယ်ဆိုတာကတော့ ဘယ်ဟုတ်မလဲဗျာ။ ညှိနှိုင်းပြီးတော့၊ ဆွေးနွေးပြီးတော့ နားလည်မှုနဲ့လုပ်မယ်။ သွားရမှာပေါ့။ ပြီးခဲ့တဲ့ အစိုးရကလဲ ပြုပြင်ပြောင်းလဲမှုတွေ ဦးတည်လုပ်တာပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့တဖွဲ့လုံးက တခါတည်း ညီညီညွှတ်ညွှတ်နဲ့ တကယ်ပဲ ကြိုးစားတာ ဘယ်ဟုတ်မလဲ။ တကယ်လုပ်ချင်တဲ့လူလဲ ရှိတယ်။ မလုပ်ချင်တဲ့လူလဲ ရှိတယ်။ ထို့နည်းလည်းကောင်းပါပဲ ဘယ်အဖွဲ့အစည်းမှာမဆို အဲဒီဟာမျိုးလေးတွေ ရှိတတ်တာပဲ။ တပ်မတော်မှာလဲ သူတို့မှာရှိနေတဲ့ အကျိုးစီးပွားကို ထိန်းသိမ်းချင်တဲ့လူလဲ ရှိအုံးမှာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ချက်ချင်းပဲ မြန်မြန်ဆန်ဆန် ဒီမိုကရေစီရအောင် လုပ်ပေးဖို့ စိတ်ထားမျိုးတွေလဲ ရှိမှာပေါ့။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ ပြည်သူလူထုဘက်က၊ နိုင်ငံရေးပါတီတွေဘက်ကလဲ ဒီလို သဘောမျိုးတွေ ရှိတာပေါ့။ တပ်မတော်ကြီးက တကယ်ပဲ ဒီမိုကရေစီကို ဆုတ်ပေးလိမ့်မယ်။ လုပ်ပေးလိမ့်မယ်ဆိုတာကို ယုံယုံကြည်ကြည် ရှိတယ့်သူလဲ ရှိတာပေါ့။ မယုံကြည်ဘဲနဲ့ သံသယတွေ ရှိတဲ့လူတွေလဲ ရှိမှာပေါ့။ ဆိုလိုချင်တာက နှစ်ဘက် နားလည်လာအောင် လုပ်ပေးရမယ်။ သူတို့လဲပဲ နားလည်မှု ရှိရမယ်။ သူတို့နှစ်ဘက် နားလည်မှုရှိအောင် နားလည်အောင်လဲ ကျန်တဲ့ ပြည်သူလူထုကနေ ဝိုင်းပြီးကူညီပေးမယ်ဆိုရင် အခုန သံသယတွေ၊ စိုးရိမ်စိတ်တွေက များများပျောက်သွားမှာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အခု တပ်မတော်ဘက်က ဒုတိယသမ္မတလောင်းအဖြစ် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ် .. အခုဆိုရင် ဒုတိယသမ္မတ ဖြစ်သွားမှာပြီ။ ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့ သူကို အဓိက ရွေးရတာ။ ဒီလူ့ကိုမှ ဘာကြောင့်ရွေးရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများက စဉ်းစားကြပါတယ်။ ပထမတခုက သူဟာ ဗိုလ်ချုပ်မှူးကြီး အငြိမ်းစား ဦးသန်းရွှေနဲ့ အင်မတန် ရင်းနှီးတယ်။ သူ့ရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်ပေးသူလို့ သုံးသပ်ပါတယ်။ ဆိုတော့ တပ်မတော်ဆိုတာထက် အဲဒီ ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တက်လာတယ်ဆိုတဲ့အပေါ်မှာ လူတွေက သံသယ ပိုပြီးတော့ ကြီးလာကြတယ်။
ဦးသုဝေ ။ ။ တချိုု့လူတွေ ပြောတာက ဒါဟာ ပြီးခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ပေါ့။ ဒီလိုဟာမျိုးတွေ ပြောကြတယ်။ သို့သော် ဒါတွေက သိပ်ပြီးတော့ အရေးကြီးလှတယ်လို့ ကျနော် မထင်ဘူး။ တကယ်လက်တွေ့မှာ တိုင်းပြည်အတွက် သူ ဘယ်လောက် လုပ်သလဲ။ အဲဒါအပေါ်မှာ အဓိက အရေးကြီးတာပေါ့။ သို့သော် ကျနော်တို့ နားလည်တာကတော့ သူက အရင်တုန်းကလဲ ရန်ကုန်တိုင်းရဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့နေရာမှာ သူ့ရဲ့ သမိုင်း။ သူ လုပ်ဆောင်ခဲ့တဲ့ဥစ္စာတွေကလဲ အများကြီး ဝေဖန်ချက်တွေကတော့ အများကြီးရှိတယ်။ အများကြီး ရှိတာကတော့ အဲဒီလို ကိုယ်ကျိုးဘက်ကို ကြည့်လွန်တယ် ဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒါတွေကို အခုက စနစ်ကပြောင်းသွားပြီဆိုတော့ အဲဒါတွေ ပြောင်းဖို့ သူလုပ်မလုပ်။ အဲဒါက အဓိက ဖြစ်ပါတယ်။ အရင်တုန်းက မှားတဲ့သူကလဲ လူဆိုတာ မှားတဲ့အခါရှိမယ်။ မှန်တဲ့အခါ ရှိမယ်။ အမြဲတမ်း လူဆိုးလဲ မဟုတ်ဘူး။ အမြဲတမ်းလဲ လူကောင်းမဟုတ်ဘူးလေ။ အခု အစိုးရသစ်လိုပဲ လူသစ်တွေက တကယ်ပဲ ဒီမိုကရေစီလမ်းစဉ်ကို လုပ်နိုင်မလုပ်နိုင်ဆိုတာ စောင့်ကြည့်ရမှာပဲ။
ဦးကျော်ဇံသာ ။ ။ လူတွေ သုံးသပ်သူတွေ စဉ်းစားကြတာကတော့ ဒီလို ပုဂ္ဂိုလ်ကို ထည့်ထားလိုက်ခြင်းအားဖြင့် အသစ်တက်လာတဲ့ အစိုးရဟာ အာဂတိလိုက်စားမှုကင်းမဲ့တဲ့ အစိုးရကောင်းဖြစ်ရေးဆိုတာကို သူတို့ အဓိက ကြိုးပမ်းနေကြပါတယ်။ ဒီကိစ္စပေါ်မှာ အခုလို ပုဂ္ဂိုလ်တဦးက အရေးကြီးတဲ့နေရာ ယူထားပြီးတော့ စီးပွားရေးအားဖြင့် အာဂတိလိုက်စားမှု သံသယမကင်းရှင်းတဲ့ လူတယောက် ရှိနေခြင်းအားဖြင့် ဒီ အစိုးရတဖွဲ့လုံးရဲ့ Image နိုင်ငံတကာမှာ၊ ပြည်တွင်းမှာ ရုပ်ပုံလွှာကို ထိခိုက်နိုင်တယ် တွက်ကြတယ်။
ဦးသုဝေ ။ ။ ကျနော် ပြောတဲ့အတိုင်းပေါ့ သူက အခုလို ကောင်းတဲ့စနစ်ကို ရောက်လာရင် သူလဲ အပြတ်ကောင်းတဲ့ စနစ်ဘက်ကို ပြောင်းလာတာလဲ ရှိမှာပေါ့။ သူ တယောက်ထဲတင် မဟုတ်ဘူး ကျန်တဲ့ အစိုးရအဖွဲ့ဝင်တွေလဲ ဘယ်လို စိတ်ထားတွေနဲ့ ဘယ်လို လုပ်မလဲဆိုတာ အခုမှ အသစ်ဆိုတော့ ကျနော်တို့က သူတို့ကို သိပ်ပြီးတော့ အကဲခတ်လို့ မရသေးဘူးလေ။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ပါမောက္ခ David Steinberg က မြန်မာ့နိုင်ငံရေးဟာ သစ္စာခံ နိုင်ငံရေးစနစ် ဖြစ်နေတဲ့အတွက် သိပ်မဆန်းဘူးလို့ ဆိုပါတယ်။
Prof. Steinberg ။ ။ ကျနော် နှစ်ပေါင်းများစွားကတည်းက ပြောလာခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမှန်တကယ် အရေးကြီးတဲ့ ကိစ္စတရပ်က Personal Loyalty ပုဂ္ဂိုလ်ရေး သစ္စာခံမှု ဖြစ်ပါတယ်။ ဦးမြင့်ဆွေဟာ စစ်တပ်ရဲ့ သစ္စာခံဆိုတာ သိပ်ထင်ရှားပါတယ်။ သူကို ၂၀၁၁ ခုနှစ်တုန်းကလဲ ဒုတိယသမ္မတအဖြစ် ရွေးခဲ့ဖူးပါတယ်။ NLD ဘက်ကလဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့လူကို သမ္မတ ရွေးမယ်ဆိုတာ ပေါ်ပေါ်ထင်ထင် ပြောထားတာပါ။ ဆိုတော့ သစ္စာခံမှု ပဋိပက္ခက Conflict of Loyalty ဖြစ်နေပါတယ်။ စစ်တပ်က သူတို့အတွက် အရေးကြီးတာတွေကို ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တယ်။ စစ်တပ်ဟာ လွတ်လွတ်လပ်လပ် ရပ်တည်ချင်တယ်။ အရပ်သား ကြီးစိုးမှုအောက်မှာ စစ်တပ်မနေချင်ဘူး။ NLD ကတော့ စစ်တပ်ဆိုတာ အရပ်သား ကြီးစိုးမှုအောက်မှာ ရှိရမယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဖြစ်ထွန်းနေတဲ့ ခေတ်သစ်ပုံစံ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ သူထက်ပိုပြီးတော့ လူတွေ လက်ခံနိုင်မယ့်သူ နာမည်ကောင်း ရှိတယ်လူတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဘာကြောင့် သူကိုပဲကွက်ပြီး ရွေးတယ်လို့ ထင်ပါလဲ။ လူတော်တော်များများကတော့ ဒါဟာ NLD အစိုးရ အလုပ်မဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထည့်ထားတာဖြစ်တယ်လို့ တွက်ကြပါတယ်။
Prof. Steinberg ။ ။ ကျနော်ကတော့ ဒီလူတွေကို ပုဂ္ဂိုလ်ရေးရ မသိဘူး။ ခန့်မှန်းပြောတာပါ။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို ကဖျက်ကယက် လုပ်ဖို့ဆိုတာထက် စစ်တပ်အတွက် အထင်ကရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးသန်းရွှေအပေါ် သစ္စာရှိသူဖြစ်လို့ ဦးမြင့်ဆွေကို ရွေးတာလို့ ယူဆပါတယ်။ ဦးသန်းရွှေ က စစ်တပ်ကို လွှမ်းမိုးချင်တယ်ဆိုရင်လဲ ဦးမြင့်ဆွေကို အသုံးချနိုင်မယ့် သဘောလဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ပြီးတော့ သူဟာ အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ SDN List လို့ခေါ်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။ အဲဒီတော့ အမေရိကန်က ဒါကို ဘာလုပ်မလဲ။
Prof. Stainberg ။ ။ ဒီအဆင့်ကို ရောက်သွားပြီဆိုရင်တော့ သူကို ဖယ်ရှားလိုက်မှာပါ။ ဦးသိန်းစိန်အပါအဝင် ဒီကို ရောက်လာခဲ့တဲ့ အများအပြားကိုလဲ ဒီလိုပဲ ဖယ်ရှားပေးခဲ့တာပါ။ စစ်ဗိုလ်တွေ အပါအဝင် မြန်မာပြည်က ဒီလို ဒဏ်ခတ်စာရင်းဝင်နေသူတွေ အများကြီး ရှိနေပါသေးတယ်။ ဒါတွေကို ပယ်ဖျက်ချင်ရင် ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်ကို မလိုဘဲ အစိုးရသဘောနဲ့ ပယ်ဖျက်ပေးလို့ ရပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် ဒီ SDN List ဆိုတာကြီးက Politically Motivated ပေါ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ထားခြင်းတာ ဖြစ်တဲ့သဘောပေါ့။
Prof. Steinberg ။ ။ ဟုတ်တာပေါ့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒက Political Motivated Foreign Policy အစိုးရတွေ အပြောင်းအလဲဖြစ်အောင် လုပ်တာပါ။ ဒီလူနဲ့ ဘယ်လို ရှေ့ဆက်ခရီးသွားမယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးသုဝေ တပ်မတော်ထဲမှာ အငြိမ်းစား တပ်မတော်အရာရှိဟောင်းတွေထဲမှာ သူ့ထက် သင့်တော်မယ်လူ၊ လူထုရဲ့ ကြည်ညိုလေးစားမှုကို ရယူနိုင်သူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ဘာကြောင့် သူကိုမှ ရွေးသလဲဆိုတာကို ကြည့်လိုက်တော့ တပ်မတော်သည်ပင် အခုလက်ရှိ တပ်မတော်အကြီးအကဲသည်ပင် အငြိမ်းစား ပုဂ္ဂိုလ်ရဲ့ သြဇာက မကင်းနိုင်ကြသေးဘူးဆိုတာကိုလဲ တွက်ကြပါတယ်။ ဆရာကော အဲဒီလို တွက်ပါလား။
ဦးသုဝေ ။ ။ အဲဒါကတော့ ကျနော်တို့လဲ အသေအချာတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ ဘယ်သူ့ အကျိုးကျေးဇူးကို စောင့်ရှောက်တယ်ဆိုတာတော့ ဒါကတော့ ပြောလို့မရဘူးလေ။ နောက်တခုက စောင့်ရှောက်ချင်လဲ စောင့်ရှောက်မှာပေါ့။ ပိုကြည်ညိုချင်လို့ရှိရင်လဲ ဒါလုပ်မှာပေါ့။ သို့သော် ဘယ်လိုပဲ စောင့်ရှောက်စောင့်ရှောက် ဒီမိုကရေစီစနစ်ကြီးနဲ့ စောင့်ရှောက်ရင် အကောင်းဆုံးပေါ့။ ဒီမိုကရေစီကြီးကို တည်ဆောက်ပြီး ကာကွယ်စောင့်ရှောက်မယ်ဆိုရင် အားလုံးအတွက်လဲ ကောင်းတာပေါ့။ မဟုတ်ဘူးလား။ ကျနော်ထင်တာကတော့ ဒါဟာ ကောင်းတဲ့အပြောင်းအလဲတွေကို လိုက်နာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ထားမယ်ဆိုရင် ဒါဟာ အကောင်းမြင်ရမှာပေါ့။ ကျနော်ကတော့ အကောင်းမြင်တာပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်း။ ကျနော်ကတော့ နည်းနည်းမကောင်းမြင်သလား မသိပါဘူး။ ကျနော် သံသယနဲ့ မေးတာပါ။ တကယ်လိုများ ဒီလူရဲ့ စရိုက်ကို ဆရာ မျှော်လင့်သလို မပြုပြင်ဘူး။ မပြောင်းလဲဘူးဆိုရင် ပြန်ပြီးတော့ ကုစားနိုင်တဲ့နည်း ရှိပါလား။ ဘယ်လို ကုစားမလဲ။
ဦးသုဝေ ။ ။ အဲဒါကတော့ လူတယောက်တည်း မဟုတ်ဘူး။ အားလုံးက ဝိုင်းပြီးတော့ လုပ်ရမှာပေါ့။ အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးက ခေါင်းဆောင်ပြီးတော့ ကောင်းတဲ့လမ်းစဉ်ကို လုပ်မယ်ဆိုရင် သူလဲ လိုက်လာရမှာပေါ့။ သမ္မတရဲ့ သြဇာအာဏာအောက်မှာ တိုင်းပြည်အတွက် သူလဲ ကြိုးစားလာရမှာပေါ့။