သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ အသိစိတ်ဓါတ် ဘယ်လိုပျိုးထောင်ကြမလဲ


စာရေးဆရာ ချစ်ဦးညို
စာရေးဆရာ ချစ်ဦးညို
တိုက်ရိုက် လင့်ခ်

အခုအခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုတွေရှိနေပေမယ့် ပြည်သူလူထုရဲ့အကျင့်စရိုက်တွေဟာ နှစ်ပေါင်းများစွာဖျက်ဆီးခံထားခဲ့ရတဲ့ ပုံစံအတိုင်း ပျက်စီးဟောင်းနွမ်းနေဆဲဖြစ်တယ်လို့ စာရေးဆရာ ချစ်ဦးညိုက ဆိုပါတယ်။ လူထုရဲ့အသိစိတ်ဓာတ် မြှင့်တင်ရေးမှာ ပညာရေးစနစ်က အခရာကျတယ်လို့လည်း တက္ကသိုလ်ဆရာ တဖြစ်လည်း ဆရာချစ်ဦးညို က ထောက်ပြပါတယ်။ ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ရာမှာ ဆရာချစ်ဦးညိုက အခုလိုစပြောခဲ့တာပါ။

ဖြေ ။ ။ စည်းကမ်းပျက်မြဲ၊ ကိုယ်ကျင့်တရားမဲ့မြဲ၊ စာမဖတ်မြဲ၊ အသိဉာဏ်မတိုးတက်မြဲ .. ဘာဖြစ်လို့လဲဆိုတော့ စားဝတ်နေရေးနောက်ပဲ လိုက်ပြီးတော့ ဒါနဲ့ဒါကို မပေးနိုင်ဘူးဖြစ်နေတယ်။ တော်တော်လေး သနားစရာကောင်းတဲ့ ပြည်သူလူထုပါ။ ကျနော် အပြစ်တင်တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ နှလုံးသားနဲ့ ဦးနှောက်တွေ ဖြစ်နေတော့ အဲဒါကို မနည်းဆွဲတင်နေရတယ်။

မေး ။ ။ အဲဒီတော့ နှစ်ပေါင်းများစွာ ပျက်ဆီးလာခဲ့တဲ့ စိတ်ဓါတ်တွေ၊ သဘောထားတွေ၊ attitude ဆိုတော့ အချိန်တော့ တော်တော်ယူရမယ်။ ဒီတော့ စာပေဟောပြောပွဲ တခုလောက်နဲ့ လုံလောက်မယ်လို့ ထင်ပါသလား။ ဘယ်လိုဘယ်ပုံနည်းနဲ့ ပြုပြင်သင့်တယ် ထင်ပါလဲ။ မူတခု၊ စီမံကိန်းတခုချပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မထင်ဘူးလား။

ဖြေ ။ ။ သိပ်ထင်တာပေါ့။ စာပေဟောပြောပွဲ တခုလောက်နဲ့ မလုံလောက်ပါဘူး။ စာရေးတာနဲ့လည်း မလုံလောက်ပါဘူး။ သီချင်းတွေ ဆိုနေလို့လည်း မလုံလောက်ဘူး။ ကပွဲတွေ ကနေလို့လည်း မလုံလောက်ဘူး။ အဓိက လုပ်ရမှာက ပညာရေးလုပ်ရမယ်။ မူလတန်းကလေးတွေရဲ့ အမူအကျင့်၊ စိတ်နေသဘောထား စပြီးတော့ အခုလို အမေရိကလို နိုင်ငံကြီးမှာ ဘယ်လိုသင်ပေးနေသလဲ ပထမတန်း၊ တတိယတန်းတွေ ဘယ်လိုသင်ပေးနေလဲ။ အဲဒါတွေကို တတ်နိုင်သမျှ အတုယူပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို အခြေခံပြီးတော့မှ နောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်မှ ကျနော်ထင်တယ် အဲဒီလမ်းစ ပေါ်လာမယ်။ ကျနော်တို့ မမှီတော့ပါဘူး။

မေး ။ ။ ပညာရေးဆိုတော့ ဆရာက perfect ဖြစ်တယ်။ ပညာရေးလောကကနေ စာရေးဆရာ ထွက်လုပ်တဲ့ ပုဂ္ဂိုလ်။ အဲဒီတော့ အခုပညာရေးလည်း အပြောင်းအလဲလုပ်တယ်ဆိုတဲ့ စကားတော့ ကြားနေရတယ်။ လက်တွေ့ပြောင်းလဲမှုကော တစုံတရာ မြင်ပါသလား။

ဖြေ ။ ။ သိပ်မမြင်ရသေးဘူး။ တခုခုတော့ သိသိသာသာ ပြောင်းလဲမှုကတော့ ပြည်သူ့နီတိ သင်မယ်။ အဲဒါတော့ တော်တော်လေး လှုပ်ရှားလာပြီ။ အဲဒါ သိပ်ကောင်းတဲ့ အလားအလာပါ။ နောက်ကျန်တဲ့ သင်ရိုးညွှန်တမ်းတွေတော့ ကျနော်လည်း မသိဘူး။ သင်ကြားမှုနဲ့ အလှမ်းဝေးသွားပြီ။ နောက်တခုက ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ပြောရရင်တော့ Ministry of Education အဲဒီက ဝန်ကြီးက အင်မတန်အရေးကြီးတယ်။ ဝန်ကြီးလက်အောက်က DG (Director General), DDG (Deputy Director General), Director တွေက အင်မတန်အရေးကြီးပါတယ်။ သူတို့တွေက Policy Maker တွေ - ဘယ်စာအုပ်တွေ ပြဌာန်းမယ်။ ဘယ်ကဗျာတွေ ပြဌာန်းမယ်။ ဘယ်ဆောင်းပါးတွေ၊ ဘယ်ဝတ္ထုတွေ ပြဌာန်းမယ် … တလောက မယ်ခွေကဗျာနဲ့ ပတ်သက်ပြီး ပြဿနာ ပေါ်ခဲ့တယ်။ အဲဒီလို နည်းနည်းတုံးနေတဲ့ တာဝန်ခံအရာရှိတွေ ရှိနေသမျှပတ်လုံး တုံးနေအုံးမှာပါ။

မေး ။ ။ မြန်မာ့အရေး လေ့လာနေတဲ့ ပညာရှင်ကြီးတဦးက ပြောတယ် တခြားလူမဟုတ်ပါဘူး - Professor David Steinberg က ပြောတယ် - မြန်မာပြည်က ဝန်ကြီးတချို့နဲ့ သူတွေ့တယ် သိပ်မကြာသေးခင်နှစ်တွေက - သူတို့ရဲ့ ခေါင်းဆောင်တွေရဲ့ မူဝါဒချမှတ်တာနဲ့ ပတ်သက်လို့ သူတို့က ပြောချင်နေတဲ့တခုခု - သူတို့က အဲဒီလို အပြန်အလှန်ဆွေးနွေးတဲ့ အလေ့အကျင့် သူတို့ဆီမှာ မရှိဘူးလို့ပြောတယ်။ သူ့အနေနဲ့ တော်တော်စိတ်ပျက်တယ်လို့ ပြောပါတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အပြန်အလှန်ဆွေးနွေးဖို့ထက် ဒါကနောက်တဆင့်။ ကိုယ်ပြောတဲ့စကားတောင် ကိုယ်ဘယ်လို တာဝန်ယူရမလဲဆိုတာကို မသိတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီလူကြီးတွေထဲမှာ။ ဥပမာ ဟိုတနေ့က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောင်းဆရာမတွေနဲ့ ပတ်သက်ပြီး ပြောလိုက်တာ ဆရာကျော်ဇံသာ သိမှာပေါ့။ နေမှုထိုင်မှု လုံခြုံရေးဆိုင်ရာ တာဝန်ယူရမယ့်အစား၊ ရွာသားတွေက ရည်းစားစကားလိုက်ပြော၊ ပြေလည်သွားရင် သူတို့ပါ အိုကေသွားမယ်တဲ့။ ဒါက တော်တော်မကောင်းတဲ့စကား။ လူသာမန်တယောက်တော့ မပြောသင့်တဲ့စကား။ အဲဒါကို ဝန်ကြီးချုပ်တယောက်က ပြောတယ်ဆိုတာတော့ ကျနော် စဉ်းစားမရဘူး။ ဘာကြောင့် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ - ကျနော် ပုဂ္ဂိုလ်ရေးတွေ မပြောဘူး - အဲဒီလို တိုင်းပြည်နစ်နာထိခိုက်စေမယ့် အပြောအဆို အပြုအမှုတွေ၊ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘာကြောင့် အဲဒီလိုခန့်ထားသလဲ ကျနော် နားမလည်ဘူး။

မေး ။ ။ အဲဒီလို အပြောအဆိုနဲ့ ပတ်သက်ပြီးတော့လဲ ကျနော် သိပ်မေးချင်တဲ့ကိစ္စတခု ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေ facebook မှာ ကြည့်လိုက် - Comment ရေးတယ်ဆိုတာ နိုင်ငံတကာမှာ အကြံတခုပေးလိုက်ရင် အဲဒီအကြံကို ဘယ်လိုဖြစ်သင့်သလဲဆိုတာထာက် ဆဲနေကြတယ်။ အဲဒါကိုကော ပြုပြင်ပြောင်းလဲဖို့ ဘယ်လိုနည်းနဲ့ လုပ်နိုင်မယ် ထင်ပါသလဲ။

ဖြေ ။ ။ ဒီလို .. အကြောင်းရင်းကို ရှာလိုက်ရအောင် -- အကြောင်းကိုသိမှာ အကျိုးတရားကို ဖော်လို့ရမှာ။ ကျနော်မြင်လိုက်တဲ့အကြောင်းကတော့ နှစ် (၆၀) (၇၀) Oppressed ..အဲဒီကနေ ဖွင့်ထုတ်လိုက်တော့၊ ပြီးတော့ ဖုန်းတွေကလည်း ပေါ်လာတော့ အဲဒီမှာ အောင်းထားသမျှ အပူတွေက ထွက်ချလာတယ်။ အပူထုတ်လိုက်သလိုပဲ။ ကြီးစွာဝမ်းချုပ်နေတဲ့ကြားထဲက အင်မတန်ကောင်းတဲ့ ဝမ်းနုတ်ဆေး စားလိုက်ရသလို အဲဒီမှာ အပုပ်တွေ၊ အစပ်တွေ ထွက်လာတာ - နည်းနည်းတော့ ဥပမာရိုင်းမယ်၊ ကြမ်းမယ် - အဲဒီလိုထွက်လာတော့ အစကတည်းမှ ပညာမတတ်တဲ့လူတွေ၊ အစကတည်းက စိတ်အချဉ်ပေါက်နေတဲ့လူတွေ၊ ဓါတ်ခံပျက်နေတဲ့လူတွေ၊ စီးပွားရေးအရ မပြေလည်တဲ့လူတွေ၊ ဒေါသတွေနဲ့ တုံ့ပြန်၊ မောဟတွေနဲ့တင်၊ တင်တဲ့ကောင်ကလည်းတင်၊ တုံ့ပြန်တဲ့ကောင်ကလည်းတုံ့ပြန် အဆဲတွေ အဲဒီမှာ ဖြစ်ကုန်တယ်။ အဲဒါတွေကို ကျနော်တို့က ဘယ်လိုထိန်းသိမ်းမလဲဆိုတော့ ကောင်းသော Post တွေ များများတင်ပြီးတော့၊ ကောင်းသောမှတ်ချက်တွေ များများရေးမယ့် အဲဒီလို အုပ်စုမျိုးကို ဖွဲ့ပြီးတော့လုပ်ပေးမှ ရမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ အဲဒီလိုပြောပေးတာ ကျေးဇူးတင်ပါတယ်။ လူတွေက ရောဂါ ဘာဖြစ်နေသလဲဆိုတာကို ရှာနေသလိုပဲ ဘာဆေးနဲ့ ကုနိုင်မယ်ဆိုတာကို ပြောနိုင်တာ ခပ်ရှားရှားပါ။

ဖြေ ။ ။ ရောဂါတော့ ပြောတတ်တယ်။ ဆေးကိုတော့ မပြောတတ်ဘူး။

မေး ။ ။ ဘယ်လိုကုရမလဲဆိုတာကို မပြောတတ်ကြဘူး။

ဖြေ ။ ။ ကျနော်ထင်တယ် Facebook က အဲဒီရောဂါပဲ။ အဲဒီဆေးနဲ့ကုရမယ်။ ကောင်းတာတွေတင်၊ အခုနပြောသလို ဒီမှာလို ဝေဖန် မှတ်ချက်ပေး၊ ပိုပြီးတော့ကောင်းတဲ့ မှတ်ချက်တွေပေး။ ဟိုလူက မှားရင်လည်းဝန်ခံ။ အဲဒီလိုလုပ်သွားခြင်းအားဖြင့် အဲဒီလို Think-tank တခု မြန်မာပြည်မှာ ရှိသင့်တယ်လို့ ထင်တယ်။

မေး ။ ။ ဒီ Facebook နဲ့ ပတ်သက်ပြီးတော့ အမုန်းစကားတွေကို ထိန်းချုပ်ဖို့၊ အစိုးရဝါဒတွေကို ထိန်းချုပ်ဖို့ဆိုတာ Control regime တခု လုပ်လာတယ်လို့ ကြားမိတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်နေတယ်။ ဘယ်လောက်ထိရောက်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ သိပ်မထိရောက်သေးပါဘူး။ ဆဲနေကြတုန်းပါပဲ။ ဆဲနေလိုက်တာ တော်တော်လေးကို ရင့်ရင့်သီးသီး မောင်နှမသားအမိ မကြားဝံ့မနာခံနိုင်အောင် ဆဲနေကြတာ။ အဲဒါကို သက်ဆိုင်ရာ Facebook က အများကြီးထိန်းချုပ်သင့်တယ်။ ကျနော်က အဲဒီလိုထင်တယ်။

မေး ။ ။ အဲဒီမှာ လူငယ်တွေတင်မကဘူး၊ တချို့အကျော်အမော် ပုဂ္ဂိုလ်တွေ၊ သာသနာဝန်ဆောင် ပုဂ္ဂိုလ်တွေထဲမှာတောင် အရပ်သားမပြောချင်တဲ့စကားကို ပြောထွက်နေတဲ့လူတွေရှိတယ်။ အဲဒါတွေကို ဘယ်လိုရှင်းမလဲ။

ဖြေ ။ ။ အဲဒီလူတွေကြတော့ ပယောဂါကပ်နေတာ။ သူတို့ကို အာဏာပေးမယ်၊ ငွေပေးမယ်၊ ကားပေးမယ်၊ လိုအပ်တာတွေ အကုန်လုံးပေးမယ် … ရော့ဆိုပြီး ပါးစပ်ထဲခွံပြီး အဲဒါတွေ မင်းတို့ဆဲဆိုပြီးပြောလို့ ဆဲနေကြတာ။ အဲဒါတွေက လုံးဝကို ပြောရရင်တော့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေပါ။ အဲဒါတွေ ရုတ်သိမ်းလိုက်ရင် သူတို့ပြောမှာမဟုတ်တော့ဘူး။ အဲဒါတွေကို ဆရာကျော်ဇံသာက သူတို့ဘက်ကယူပြီးတော့ ငါပြောခိုင်းတာပြောဆိုပြီး ခိုင်းလိုက်ရင် ဆရာကျော်ဇံသာ ပြောခိုင်းတာကို သူတို့ ပြောကြလိမ့်မယ်။ အဲဒီလိုလူစားတွေ အများကြီးရှိတယ်။

မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ပုဂ္ဂိုလ်ဆိုရင် သူက တိုင်းပြည်ကို ပြုပြင်သင့်တာကို သူနည်းလမ်းညွှန်မှုနဲ့ ဆဲပြီးဆိုပြီး ပြောဆိုခဲ့တယ်။ လူတွေက နားထောင်ကြတယ်။ အမှန်ပြောတာပဲ ပြုုပြင်သင့်တယ်။ မင်းတို့ရဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့လိုတယ်ဆိုပြီးတော့ - ဒီလူတွေကိုကြတော့ အခုခေတ်နိုင်ငံရေးသမားတွေကြတော့ ပါးစပ်ထဲ ပြောမထွက်တာ တွေ့ရတယ်။ အစွန်းရောက် မဖြစ်သင့်တဲ့ကိစ္စတွေကို သူတို့လှုံဆော်နေသလို၊ တာဝန်ရှိတဲ့ နိုင်ငံရေးသမားတွေက ပြောမထွက်ကြဘူး။ ဆိုတော့ နိုင်ငံရေးသမားဆိုတာကတော့ လူထုထောက်ခံမှုကို စတေးရမှာမို့လို့ ချင့်ချိန်းနေရတယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စကို ဆရာ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ လူထုထောက်ခံချက်မှုဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုရင် အဲဒါနိုင်ငံရေးသမားစစ်စစ် မဟုတ်ဘူး။ သူ့ရင်ထဲ၊ စိတ်ဓါတ်အခံကိုက ရှင်းနေ၊ သန့်နေမယ်။ အဲဒီတော့ ဗိုလ်ချုပ် ဆဲနေတာတွေက ပရိသတ်ကကြိုက်တယ်။ ငါတို့ကို ဆဲနေတယ် … ဘာနိုင်ငံကြီး ဖြစ်သွားမယ်ဆိုပြီး ဆဲတယ်တော့။ ပြောတဲ့သူက စိတ်ဓါတ် ဓါတ်ခံအား သန့်နေတယ်။ တကယ့်ရည်ရွယ်ချက်ကြီး ကောင်းနေတယ်။ ကောင်းနေတော့ သူ့ပါးစပ်ကထွက်လာတာတွေက ဘယ်လောက်ပဲကြမ်းတမ်းကြမ်းတမ်း အဲဒီနောက်မှာ သန့်ရှင်းမှု၊ သန့်စင်မှု ရှိနေတယ်ဆိုတာကို ပရိသတ်က နားထဲဝင်နေတယ်။ အခုနိုင်ငံရေးသမားတွေက လူထုကို စည်းရုံးဖို့၊ ဆွဲဆောင်ဖို့ဆိုပြီး ပြောနေကြတဲ့ ဘယ်လိုပြောပြော၊ ဘယ်လောက်ယဉ်ယဉ်ကျေးကျေး ပြောပြော နောက်ခံက မသန့်တဲ့အခါကြတော့ အဲဒီစကားတွေက အရာမထင်ဘူး။ အဲဒီအထဲမှာ မပြောတတ်၊ မဆိုတတ်ဖြစ်တော့ ပိုတောင်မှ အရာမထင်ဖြစ်သေးတယ်။ ပြောရရင်တော့ တာဝန်ရှိ၊ တာဝန်ယူထားတဲ့ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများတချို့မှာ အဲဒါနဲ့ မထိုက်တန်တဲ့အရာတွေ အများကြီးရှိနေတယ်။

မေး ။ ။ ဆရာ ဒီအကြောင်းတွေကို ဟောပြောပွဲတွေမှာ၊ လူထုရှေ့မှာထည့်ပြောရင် လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတယ် ထင်ပါသလား။

ဖြေ ။ ။ ကျနော် မနေ့ကပွဲမှာ Baltimore မှာ ကျနော် လောလောလတ်လတ် ဖြစ်နေတဲ့ကိစ္စတခုဖြစ်တဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကိစ္စကို ထည့်ပြောတယ်။ စင်ပေါ်ကနေ။

မေး ။ ။ ဗမာပြည်မှာဆိုရင် …

ဖြေ ။ ။ ဗမာပြည်မှာဆိုရင်လည်း ကျနော် ပြောမှာပါ။

မေး ။ ။ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတယ်ပေါ့။

ဖြေ ။ ။ ရှိတယ်။ သို့သော် နောက်ပိုင်းမှာ ကျနော်ကို ဘယ်လိုဂယက်ရိုက်မလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ ဒါပေမဲ့ ကျနော်က စေတနာမှန်နဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုမလုပ်ဘဲ ပြောနေတာ။ ကျနော်အနေနဲ့ လိပ်ပြာသန့်တယ်။

မေး ။ ။ စာပေရေးသားမှုနဲ့ ပတ်သက်ပြီးတော့လဲ ကျနော်က မေးချင်တာက မြန်မာပြည်မှာ ဆင်ဆာဘုတ် မရှိတော့ဘူး။ အဲဒီတော့ ကိုယ့်ဟာကိုယ် ထိန်းပြီးတော့ Self-Censor ဆိုတဲ့ စကားတော့မဟုတ်ဘူးပေါ့ - Self-regulation နဲ့ မလုပ်သင့်ဘူးဆိုပြီးတော့ ထိန်းပြီးတော့ ရေးကြတယ်။ အဲဒါကော ဘယ်လောက်အထိ အံ့ဝင်ခွင်ကျ ဖြစ်နေသလဲ။ စာပေလောကမှာ ထုတ်ဝေခွင့်ကကော လွတ်လပ်မှု အပြည့်အဝ ရှိနေပြီလား။

ဖြေ ။ ။ အဲဒါဆိုရင်တော့ စာပေလွတ်လပ်ခွင့်ဆိုတာကို စပြောရလိမ့်မယ်။ စာပေလွတ်လပ်ခွင့်ဆိုတာ ရေးချင်တာရေးပြီးတော့ ထုတ်ချင်တာထုတ်ကြတာကို စာပေလွတ်လပ်ခွင့်လို့ မခေါ်ဘူး။ ဆရာကျော်ဇံသာ သိပါတယ် - သမိုင်းမှာလည်းပါတယ်။ စိတ်ပညာမှာလည်းပါတယ်။ လွတ်လပ်ခွင့်ဆိုတာ လိုအပ်ချက်ကနေ ပေါက်ဖွားတာ။ Necessaries and Freedom ဆိုတာ ဒွန်းတွဲနေတယ်။ ဒုံးပျံတခုက လွှတ်တင်လိုက်တဲ့အခါမှာ သူကအဆင့်ဆင့်ဖြုတ်ချတယ်။ သူကိုအောက်ကနေ ဆွဲထားတဲ့ဟာတွေကို ဖြုတ်ချပြီးတော့ သူ့ရဲ့လမ်းကြောင်းထဲ ရောက်သွားတဲ့အခါမှာ အဲဒီမှာ သူလွတ်လပ်စွာ သွားလာတယ်။ အဲဒီလွတ်လပ်ခွင့် ရဖို့အတွက် သူကိုကိုင်ချုပ်ထားတဲ့အရာတွေကို အဆင့်ဆင့်ဖြုတ်ချသွားတယ်။ အဲဒီမှာ စနစ်တကျဖြုတ်ချသွားတယ်။ စနစ်တကျ သူ့ပတ်လမ်းကြောင်းအတွင်းမှာ သူလည်ပတ်ရမယ်။ အဲဒါမှာ တကယ့် လွတ်လပ်ခွင့် ဖြစ်တယ်။ ကျနော်တို့စာပေမျာလည်း အဲဒီလိုပဲ ပြောချင်တာပြော မဟုတ်ဘူး။ ကိုယ့်လွတ်လပ်မှုက သူများလွတ်လပ်မှုကို မထိခိုက်စေရဘူး။ ကိုယ့်လွတ်လပ်မှုက သူများနှလုံးသား၊ ဦးနှောက်ကို မစော်ကားရဘူး။ အဲဒီ မလိုအပ်တဲ့ အနှောင်းအဖွဲ့များကို ဖြုတ်ချပြီးမှ ဖြစ်လာတော့မှ အဲဒါမှ တကယ့်လွတ်လပ်မှု ဖြစ်တယ်။

အဲဒီတော့ စာရေးဆရာက သူကိုယ်တိုင်မှာ ရှိနေတဲ့ ပြောရရင်တော့ ဗုဒ္ဓဘာသာအရ ပြောရရင်တော့ ရှိနေတဲ့စိတ် မကောင်းတဲ့စိတ်ထားတွေ၊ အကုသိုလ်တွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ - အဲဒီအတ္တကိုယ်ကျိုးကြီးတွေကို ဖြုတ်ချပြီး အဲဒီကနေလွတ်မှ စာပေလွတ်လပ်ခွင့်ရှိတာ။ ကျနော်က ဒါကို အတွေးအခေါ်သဘောအရ ပြောတာပါ။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ မလိုလားအပ်တဲ့ အပိုင်းတွေကို ဖြုတ်ချနေရတဲ့ အဆင့်ပဲလား။ လွတ်လပ်မှု တကယ်ရောက်ပြီလား။

ဖြေ ။ ။ မရောက်သေးပါဘူး။ ဖြုတ်ချနေရတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဖြုတ်ချတာတောင် ကပ်တွယ်ပြီး လိုက်လာတာတွေ ရှိနေသေးတယ်။ အဲဒီထဲမှာ တချို့စာရေးဆရာတွေ၊ အနုပညာရှင်တွေက ယောင်တောင်ပေါင်တောင်နဲ့ အဲဒါတွေကို တွယ်တာနေကြတယ်။

မေး ။ ။ ဆိုတော့ ဒီအဆင့်မှာ အာဏာပိုင်တွေက တရားဝင်စွက်ဖက်ဖို့ လိုသလား။

ဖြေ ။ ။ မလိုပါဘူး။ သူ့ဟာသူ ဖြစ်သွားပါလိမ့်မယ်။ အာဏာပိုင်တွေ တရားဝင်စွက်ဖက်မယ်ဆိုရင်လဲ ပြဿနာရှုပ်သွားနိုင်တယ်။

မေး ။ ။ နောက်ဆုံးတခု ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံစာပေလောကကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အနောက်နိုင်ငံတွေနဲ့ ထားလိုက်ပါတော့ - နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုပြောလိုပါလဲ။ လူထုကို တကယ်တန်းဖိုးရှိရှိ၊ အကျိုးပြုနေတဲ့ စံနဲ့တိုင်းတာကြတာပေါ့။

ဖြေ ။ ။ အဲဒီမေးခွန်းကိုတော့ ဝမ်းနည်းစွာနဲ့ ဖြေရတော့မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ စာကြည့်တိုက် မပြောနဲ့၊ စာအုပ်အငှားဆိုင်တောင် မရှိတော့ဘူး။ ကလေးတွေအတွက် ရုပ်ပြကာတွန်း၊ လူငယ်တွေအတွက် ဘာညာဘာညာ အင်မတန်နည်းပါးသွားပြီ။ အခု အဲဒါကို ပြန်ပြီးတော့ အဆင့်မြင့်နိုင်အောင် ကြိုးစားနေကြပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ မြန်မာပြည်ဟာ ….

မေး ။ ။ စာကြည့်တိုက်တွေ နည်းသွားတာ demand နည်းသွားလို့လား။ သို့တည်းမဟုတ် facility မရှိလို့လား။

ဖြေ ။ ။ အစကတည်းကိုက မရှိလို့။ လုပ်ပေးရမယ့်လူတွေက လုပ်ရကောင်းမှ မသိလို့။ တနည်းအားဖြင့် လုပ်မပေးချင်လို့။ လုပ်ပေးတယ်ဆိုရင် နောက်ကလိုက်လာပါတယ်။ ပြည်သူလူထုက အင်မတန်သနားစရာကောင်းတယ်။ ကျွေးမယ်ဆိုရင် သူတို့စားမယ်။ အဆိပ်ကျွေးမိလည်း သူတို့စားမိမှာ။ အာဟာရကျွေးလည်း စားမိမှာ။ လာလို့ခေါ်ရင် သူတို့လိုက်မယ်။ သွားလို့ဆိုရင် သူတို့ထွက်မယ်။ အဲဒီလိုမျိုး ပြည်သူလူထု ဖြစ်နေရှာတယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်က ပခုံးဖက်ပြီးခေါ်သွားရင် လိုက်မယ်သူတွေပါ။ အဲဒီလိုခေါ်မယ့် ခေါင်းဆောင်က မပေါ်ခဲ့ဘူး။

XS
SM
MD
LG