သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်ဒီတာကိုယ်တွေ့ ရခိုင်ပြဿနာ (အပိုင်း ၂)


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်နေရာပြန်လည်ချထားရေး အကွက်များသို့ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ- MOI)
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်နေရာပြန်လည်ချထားရေး အကွက်များသို့ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ- MOI)
တိုက်ရိုက် လင့်ခ်

ရခိုင်မြောက်ပိုင်းပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေ INGO တွေရဲ့ ရေးသားပြောဆိုတင်ပြချက်တွေနဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ကိုကျော်ကျော်သိန်းကိုယ်တိုင် သွားရောက်သတင်းယူခဲ့တုန်းက တွေ့ကြုံမြင်တွေ့ခဲ့ရတာတွေကို ပြီးခဲ့တဲ့အပတ်က ပထမပိုင်းအဖြစ် နှိုင်းယှဉ်တင်ပြခဲ့ပါတယ်။ ဒီတပတ် နားဆင်ကြရမယ့် ဒုတိယပိုင်းမှာတော့ ဒုက္ခသည်ပြန်လာရေး နဲ့ ပြန်လည်သင့်မြတ်ရေး အလားအလာတွေကို ကိုကျော်ကျော်သိန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒုက္ခသည်တွေ ပြန်လာဖို့အတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူညီမှုရရှိပြီးနောက် မြန်မာဘက်က ပြင်ဆင်မှုတွေလုပ်တယ်ဆိုပြီးတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ ဝန်ကြီးဘာညာ သွားပြီးတော့ ရှင်းပြနေတာကို တွေ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့လဲ နိုင်ငံတကာသတင်းတွေထဲမှာ လုံးဝစိတ်မချရဘူး။ ဘယ်လိုမဖြစ်ဆိုပြီ စသဖြင့် တချိန်လုံး ပြောနေကြတာကို တွေ့ရပါတယ်။ အခု ကိုကျော်ကျော်သိန်း မျက်မြင်ဒုက္ခသည်တွေ ပြန်လာဖို့အတွက် လုပ်ထားတဲ့ လုပ်ဆောင်ချက်တွေကိုလည်း နည်းနည်းသုံးသပ်ပြောပြပါ။

ဖြေ ။ ။ ကုန်လမ်း၊ ရေလမ်း စခန်းနှစ်ခုနဲ့ ကြိုဆိုလက်ခံတဲ့ စခန်းနှစ်ခုထဲမှာ ကျနော်တို့ သွားခွင့်ရခဲ့တာ တောင်ပြိုလက်ခံရေးစခန်း - ရေလမ်းကနေ ဝင်လာမယ့် ငါးခူရစခန်းတော့ ကျနော်တို့ သွားခွင့်မရခဲ့ဘူး။ တောင်ပြိုလက်ခံရေးစခန်းမှာတော့ ပြင်ဆင်ထားတဲ့ဟာတွေက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် အတော်လေးစနစ်တကျ ရှိပါတယ်။ အဲဒီမှာပဲ ကျနော်မေးပါတယ် ဒီလိုပြင်ဆင်ထားတဲ့ဟာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ လာကြည့်သလား။ ကုလသမဂ္ဂ လာကြည့်သလား။ တခြားနိုင်ငံတကာက လာကြည့်သလား။ တခြားနိုင်ငံတကာက လာကြည့်သလားဆိုတော့ အဲဒီစခန်းတာဝန်ခံကိုယ်တိုင်က ကုလသမဂ္ဂအပါအဝင်၊ သတင်းမီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ လာကြည့်ကြည်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ASEAN .. ဝန်ကြီးအဖွဲ့ကလည်း လာမယ်လို့ ပြောပါတယ်။ တကယ်ရောက်မရောက်တော့ ကျနော် အတည်ပြုချက် မပေးနိုင်ပါဘူး။

လာကြည့်ထားကြတယ်ဆိုတော့ အခြေအနေကို ကျနော်တွေ့သလိုပဲ သူတို့တွေ့ကြမှာပါ။ မြန်မာနိုင်ငံရဲ့ ငွေကြေးတတ်နိုင်မှုအရ၊ စီစဉ်နိုင်မှုအရ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုအရ တတ်နိုင်သလောက် အတိုင်းအတာနဲ့ ပြင်ဆင်ထားရာမှာတော့ သူတို့ပြင်ဆင်ထားတဲ့လူတွေကိုလည်း ကျနော် ထပ်ခါတလဲလဲ မေးပါတယ်။ တာဝန်ရှိတဲ့လူတွေကို .. သူတို့ဘက်ပိုင်းက ကြည့်မယ်ဆိုရင် အတော်လေးကျကျနန ပြင်ဆင်ထားပုံ ရှိပါတယ်။ ဒီပြင်ဆင်ချက်တွေ မလုံလောက်လို့၊ ဒီပြင်ဆင်ချက်တွေက မပြည့်စုံလို့ ပြန်လာတာ မဟုတ်ဘူးလို့လဲ သတင်းတွေထဲမှာ ပါပြီသားပါ။ သူတို့ ပြန်မလာတဲ့ အကြောင်းပြချက်တွေက တခြားတောင်းဆိုချက်တွေနဲ့ တခြားအကြောင်းပြချက်တွေ ရှိပါတယ်။ ဒီပြင်ဆင်ချက်တွေအရကြောင့် ပြန်မလာတာက အကြောင်းပြချက်တခု မဟုတ်ပါဘူး။ အဲဒီအတွက် ကျနော်တို့ ပြောနိုင်တာက ဒီပြင်ဆင်ထားချက်တွေက မြန်မာနိုင်ငံအတိုင်းအတာနဲ့ လက်ရှိအခြေအနေအရ၊ နိုင်ငံတကာပံ့ပိုးမှုအရနဲ့ အတိုင်းအတာခုအထိ ပြည့်စုံလုံလောက်တယ်လို့ ပြောလို့ရပါတယ်။

မေး ။ ။ နောက်တခုက ဒီဘက်မှာ ကျန်ရစ်ခဲ့တဲ့ တိုင်းရင်းသားရခိုင်တွေ၊ တခြားလူမျိုးစုတွေအနေနဲ့ ဟိုဘက်ကို ထွက်ပြေးသွားတဲ့လူတွေ ပြန်လာမယ့်ကိစ္စအပေါ်မှာ အဓိကအားဖြင့် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုရှိတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ကိုကျော်ကျော်သိန်း သတင်းထဲမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ စီးပွားရေးအားဖြင့် သူတို့နဲ့ အစကတည်းက ပူးပေါင်းပြီးတော့ သဟဇာတဖြစ်အောင် နေခဲ့ကြတဲ့ အသိုင်းအဝိုင်းလည်း အဲဒီအထဲမှာ ရှိပါတယ်။ ရှိမယ်လို့ ထင်ပါတယ်။ အဲဒီတော့ တရားဝင်ပြန်လာသင့်တဲ့လူတွေ ပြန်လာမယ့်အရေးကို ဒီဘက်ကလူတွေ လက်ခံချင်တဲ့လူ လူထုသဘောထား … အဲဒီသဘောထားကို တီးခေါက်မိပါသေးလား။

ဖြေ ။ ။ တကယ့်လူထု … မောင်းတောဒေသလူထု - ထွက်ပြေးသွားတာလဲ မောင်းတောဒေသ ထွက်ပြေးသွားတယ်. ပြန်လာရင်လဲ မောင်းတောဒေသ ပတ်ဝန်းကျင်မှာပဲ နေထိုင်ကြမှာဆိုတော့ မောင်းတောဒေသလူထုကိုယ်တိုင်နဲ့တော့ ကျနော် တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပါဘူး။ ခရီးစဉ်ရဲ့ အစီအစဉ်အရ၊ အချိန်ကန့်သတ်ချက်အရပေါ့။ ဒါပေမဲ့ မောင်းတော်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ တွေ့ဆုံမေးမြန်းခွင့် ရတဲ့အခါမှာတော့ ကျနော် အဲဒီမေးခွန်းကို မေးပါတယ်။ အကြမ်းမျဉ်းပြောရမယ်ဆိုရင်တော့ မောင်းတောခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဖြေဆိုချက်မှာ လူအများမှာ စိုးရိမှုတွေရှိတယ်။ အဲဒီစိုးရိမ်မှုကိုလည်း သူတို့သိတယ်။ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း သိတယ်။ အဲဒီလို သိတဲ့အတွက် အဲဒီစိုးရမ်မှုတွေကို ပျောက်အောင်၊ ပြန်လာတဲ့အခါ ပြန်လာတဲ့လူတွေနဲ့ လက်ရှိ အဲဒီမှာရှိတဲ့လူတွေနဲ့ အဆင်ပြေအောင်ဆိုပြီးတော့၊ သဟဇာတဖြစ်ရေး၊ ပြန်လည်နားလည်မှုရှိရေး အစီအစဉ်တွေလည်း လုပ်နေတာ ရှိပါတယ်။

သို့သော် အဲဒီလုပ်နေတဲ့ အစီအစဉ်တွေက အစိုးရက တာဝန်ယူပြီးတော့ အစိုးရက စီစဉ်ပြီးတော့ လုပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ မောင်းတောခရိုင် အုပ်ချုပ်ရေးမှူးပြောတာက အဖွဲ့အစည်းတွေကနေပြီတော့ - အဖွဲ့အစည်းတွေလို့ ပြောရာမှာ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အဓိက ဖြစ်ပါလိမ့်မယ်။ ဒီအဖွဲ့အစည်းတွေကနေ ပြန်ဝင်လာမယ့် လူတွေနဲ့ လက်ရှိဒေသတွင်းမှာရှိနေတဲ့ ဒေသခံတွေကြားမှာ နားလည်မှုရှိအောင်၊ သဟဇာတ၊ ပြန်လည်သင့်မြတ်အောင်ဆိုတဲ့ အစီအစဉ်လေးတွေ တွေ့ဆုံဆွေးနွေးတာတွေ၊ ရှင်းလင်းပြောဆိုတာတွေ လုပ်နေတယ်လို့ မောင်းတောခရိုင် အုပ်ချုပ်ရေးမှူးကပြောတာရှိပါတယ်။ အဲဒီ စိုးရိမ်စိတ်ကလည်း ဒီဘက်ကလူထုမှာ ရှိသလို။ ဟိုဘက်က ထွက်ပြေးသွားတဲ့၊ ပြန်ဝင်လာဖို့ စိတ်ကူးရှိတဲ့ ဒေသခံတွေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ်တခု ကျနော် ရလိုက်တဲ့ ယေဘုယျ ခံစားချက်က ဘာလဲဆိုတော့ ဟိုဘက်ကပြန်ဝင်လာဖို့ အဓိကဆန္ဒရှိတဲ့လူတွေ၊ ဒီဘက်မှာ ဆွေမျိုးသားချင်းရှိတဲ့လူတွေ၊ စီးပွားရေးလုပ်ငန်း ရှိတဲ့လူတွေ ဆိုတဲ့အခါကြတော့ သူတို့တွေမှာ တကယ်သာ ဒီအချက်မှန်တယ်ဆိုရင် ပြန်ဝင်လာချင်တယ်ဆိုတဲ့ အချက် မှန်တယ်ဆိုရင် သူတို့တွေမှာ ဒေသခံတွေနဲ့ နှစ်ပေါင်းများစွာ အတူလက်တွဲနေလာကြတာ။ ငြိမ်းငြိမ်းချမ်းချမ်း နေလာကြတာ၊ အေးအေးချမ်းချမ်း ကူးလူးဆက်ဆံပြီးတော့ နေလာကြတာ။ ဘက်နှစ်ဘက် ဘာမှစိုးရိမ်စိတ်မရှိဘဲ နေလာကြတာ။ ဆိုတော့ ပြန်ဝင်လာဖို့ တကယ်ပြောတဲ့ လူတွေကြားမှာ အဲဒီလုံခြုံရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ် ရှိတယ်ဆိုရင်တောင်မှ အနည်းအကျဉ်းပဲ ရှိမလားလို့ အဲဒီလိုမျိုးအတွေး ရောက်မိပါတယ်။

မေး ။ ။ ပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေတဲ့ အဖွဲ့အစည်းတွေဟာ အခုန ကိုကျော်ကျော်သိန်း ပြောသွားတဲ့ထဲမှာ နိုင်ငံတကာ NGOs တွေဆိုတော့ နိုင်ငံတကာ NGO တွေ၊ အပေါ်မှာကော ဒေသခံတွေက ယုံကြည်မှု ရှိကြရဲ့လား။ ဒီ NGO တွေက တဘက်သတ် ဘက်လိုက်ပြီး လုပ်တယ်ဆိုတဲ့ အမြင်တွေလည်း စောစောက တော်တော်ကျခဲ့ပါတယ်။ အဲဒီလို စွပ်စွဲချက်တွေ၊ ပြောဆိုမှုတွေပေါ့။ ဆိုတော့ နိုင်ငံတကာ NGO တွေလိုပဲ ပြည်တွင်း NGO တွေကရော မလုပ်ကြဘူးလား။ အာဏာပိုင်တွေကကော လုပ်မပေးကြဘူးလားဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ တာဝန်ရှိသူတွေအပိုင်းမှာတော့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် ပြောထားဖူးတာ ရှိပါတယ် … ပြန်လည်သင့်မြတ်ရေး၊ သဟဇာတဖြစ်ရေးတို့အတွက် အစီအစဉ်တွေ လုပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။ ကျနော်က လက်တွေ့မြေပြင်မှာ မောင်းတောအုပ်ချုပ်ရေးမှူးနဲ့ - မောင်းတောခရိုင်အုပ်ချုပ်ရေးမှူးဆိုတာ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ယူနေရခဲ့သူပါ။ အဓိက ကော်မတီရဲ့ တာဝန်ခံပါ။ သူပြောတာက ရှင်းပါတယ် .. အစိုးရပိုင်းကနေ သဟဇာတဖြစ်ရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေတာ မရှိဘူး။ သို့သော် တခြားအဖွဲ့အစည်းတွေက အစိုးရအဖွဲ့အစည်း လုပ်နေတဲ့ကိစ္စတွေ၊ လုပ်ဆောင်ချက်တွေကိုတော့ ခွင့်ပြုချက်ပေးတယ်၊ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးနေတယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။

နိုင်ငံတကာ NGO တွေအပေါ် ယေဘုယျသဘောထားနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်လဲ ကျနော် အစောပိုင်းက ပြောခဲ့သလို လူထုနဲ့ ကျနော် တိုက်ရိုက်တွေ့ဆုံမေးမြန်းခွင့် မရခဲ့တဲ့အတွက် လူထုရဲ့ တကယ့်အစစ်အမှန် သဘောထားကိုတော့ ကျနော် သိခွင့်မရခဲ့ပါဘူး။ သို့သော် တာဝန်ရှိသူတွေရဲ့ အပြောအရဆိုရင်တော့ တဘက်က ပြန်ဝင်လာဖို့ကိစ္စ နှောင့်နှေးနေတဲ့အပေါ်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်၊ ပြုမှုချက်၊ ပြောဆိုချက်တွေကလဲ သက်ရောက်မှုရှိတယ်ဆိုတဲ့ သဘောမျိုး တာဝန်ရှိသူတွေဘက်က ပြောတာလောက်တော့ သေချာပေါက် ကျနော် ကြားခဲ့ရပါတယ်။

မေး ။ ။ သူတို့ရဲ့ ပြောဆိုမှုက ဘယ်လို သက်ရောက်တာလဲ။

ဖြေ ။ ။ ပြန်လာဖို့အတွက် ဟိုဘက်က ပြန်ဝင်မလာနိုင်ဘူးဆိုတဲ့ ကိစ္စအပေါ်မှာ နိုင်ငံတကာ NGO တွေ၊ အဖွဲ့အစည်းတွေက ဒီဘက်မှာ လုံခြုံရေးက အာမခံချက် မရှိသေးဘူး။ ဒီဘက်မှာ အခြားအခြေအနေတွေက မပြည့်စုံ၊ မလုံလောက်သေးဘူးဆိုတဲ့ သဘောမျိုး ဒုက္ခသည်တွေကို ပြောတယ်ဆိုတဲ့ ပုံမျိုး - အတိအကျလိုတော့ ပြောလိုမရပါဘူး။ အဲဒီအရိပ်လက္ခဏာမျိုး တာဝန်ရှိသူတွေဘက်က ပြောတာကို ကျနော်ကိုယ်တိုင် ကြားသိခဲ့ရတာပါ။

မေး ။ ။ ဆိုတော့ အခု အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ NGOတွေ၊ နိုင်ငံတကာရဲ့အမြင်တွေက ဖြစ်ရပ်မှန်တွေ၊ အခြေအနေမှန်တွေ ထင်ဟပ်အောင် ပိုပြီးဖွင့်လှစ်ပေးလိမ့်မယ် ထင်ပါသလား။ ခင်များတို့ စိတ်တိုင်းကျဝင်ပြီးတော့ မေးကြဆိုကြ လုပ်ကြဆိုရင် အခြေအနေပိုကောင်းလာမလား။ သို့တည်းမဟုတ် အခြေအနေတွေ ပိုပြီးတော့များ ဆိုးသွားနိုင်တယ်လို့ စိုးရိမ်ဖွယ် ရှိနေပါလား။

ဖြေ ။ ။ ကျနော်တယောက်ထဲ ပုဂ္ဂိုလ်ရေးအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပထမတဆင့်တောင် ကျနော်က သတင်းမီဒီယာသမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရအောင် တာဝန်ရှိသူတွေဘက်က လုံခြုံရေးပိုင်း စိုးရိမ်ချက်အရ လုံခြုံရေးကို တာဝန်ယူပေးရတာကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူတို့သွားချင်တဲ့နေရာကို သွားမယ်။ တွေ့ချင်တဲ့လူနဲ့ တွေ့မယ်။ တွေ့ဆုံမေးမြန်းမယ်။ အဲဒီလိုမျိုး လွတ်လွတ်လပ်လပ် သတင်းယူခွင့်၊ သတင်းတင်ပြခွင့် ပေးသင့်တယ်လို့ ကျနော် အခိုင်အမာယုံကြည်ပါတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် သတင်းယူခွင့်၊ သတင်းတင်ပြခွင့် ပေးခြင်းအားဖြင့် သတင်းမီဒီယာသမား အများကြီးရောက်လာမယ်။ သတင်းဌာနတွေ အများကြီးရောက်လာမယ်။ အဲဒီသတင်းမီဒီယာသမားတွေ၊ ဌာနတွေထဲမှာ အစိုးရတာဝန်ရှိသူတွေဘက်၊ ဒေသခံတွေဘက် တချို့မြန်မာနိုင်ငံအတွင်းက လူ ပုဂ္ဂိုလ်တွေက ပြောဆိုနေသလို၊ စွပ်စွဲနေသလို၊ စိုးရိမ်နေသလို တဘက်ဇောင်းနင်း တင်ပြတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း ရှိချင်လည်း ရှိမှာပါ။ ဒါပေမဲ့ အဲဒီသတင်းသမားတွေထဲမှာ ကျနော်တို့ VOA တို့လိုမျိုး ဘက်မလိုက်ဘဲနဲ့ နှစ်ဘက်စလုံးကနေ - VOA က တင်ပြတာ ဘက်မလိုက်ဘူးဆိုတဲ့ - ကျနော် ဒါ ကျနော့်သတင်းဌာနတခုတည်းကို ရွေးပြီးပြောတာ မဟုတ်ပါဘူး။ အဲဒီလို သတင်းဌာနတွေက သတင်းသမားတွေလည်း အများကြီး ပါလာမှာပါ။ အခြေအနေမှန်ကို တကယ့်ကို လက်တွေ့ကျကျ နှစ်ဘက်စလုံးက သဘောထားအမြင်တွေ၊ အခြေအနေမှန်တွေ၊ လက်ရှိ ဖြစ်ပျက်နေတာတွေကို တင်ပြမယ့် သတင်းသမားတွေ အများကြီးပါလာပါမယ်။ အဲဒါဟာ ဒီအခက်အခဲ အကျပ်အတည်ကြီးကို ဖြေရှင်းဖို့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် သွားခွင့်ပြုလိုက်ခြင်းကောဆိုတဲ့ မေးခွန်းကတော့ ကျနော်အနေနဲ့ အတိအကျ ပြောဖို့ခက်ပါတယ်။ ကျနော့်တယောက်တည်း ယူဆချက်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလဲပဲ ပိတ်ပင်ကန့်သတ်ထားတာ မရှိဘဲနဲ့ နိုင်ငံတကာက သဘောတူညီလက်ခံထားတဲ့ စံနှုန်းစံထားတွေအတိုင်း တာဝန်ရှိသူတွေက စနစ်တကျ ကျကျနန စဉ်းစားဆင်ချင် မျှော်မြင်ပြီးတော့ စီစဉ်ခွင့်ပြုပေးနိုင်ရင် အပြစ်ထက် အကျိုး၊ ဆိုးကျိုးထက် ကောင်းကျိုး ပိုများနိုင်လိမ့်မယ်လို့ ကျနော့်တယောက်ထဲအမြင် အဲဒီလိုပဲ ယူဆမိပါတယ်။

မေး ။ ။ နောက်ဆုံးတခွန် ထပ်ပြီးတော့ မေးချင်ပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေဟာ ပုံမှန်ဖြစ်လာမယ့်လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီလို ဆိုနိုင်ပါသလား။ တချက်က အဲဒီလမ်းကြောင်းမှန်ဟာ ဘယ်လောက်အထိ ဝေးဝေးလျှောက်ရအုံးမယ် ထင်ပါသလဲ။ ရောက်နေပြီလို့ဆိုရင်။ ပုံမှန်ပြန်ဖြစ်ဖို့အတွက်။ အကြမ်းမျဉ်းပြောပြပါ။

ဖြေ ။ ။ ကျနော့်တယောက်ထဲအမြင်နဲ့ ပြောရရင် ပုံမှန်ပြန်ဖြစ်ဖို့ လမ်းကြောင်းကတော့ တော်တော်လေး ဝေးသေးတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ နယ်စပ်မျဉ်းပေါ်နေထိုင်နေကြနေကြတဲ့ ပုဂ္ဂိုလ်ကို မေးမြန်းကြည့်တဲ့အခါ နှစ်ဘက်က ညှိလို့မရတဲ့ အခြေအနေက အများကြီးကို ဖြစ်နေပါတယ်။ ဥပမာ နာမည်ကိစ္စ - ရိုဟင်ဂျာ၊ ဘင်္ဂလီကိစ္စ။ တခါ နိုင်ငံသားကဒ် လျှောက်ထားမှု လုပ်ငန်းစဉ် - တဘက်က နိုင်ငံသားကဒ်ကို လုံးဝလက်မခံဘူး။ တဘက်က နိုင်ငံသားကဒ် လုပ်ငန်းစဉ်နဲ့ လုပ်နေတယ်။ တဘက်က ရိုဟင်ဂျာကို လုံးဝလက်မခံဘူး။ တဘက်က ဘင်္ဂလီလို့ခေါ်တာကို လုံးဝလက်မခံဘူး။ အဲဒါတွေက အခုလက်ရှိ အခြေအနေအထိ သိထားတာ အတော်လေး ညှိရနှိုင်းရ ဆွေးနွေးရ ခက်ခဲအုံးမှာပါ။ ကျနော့်ရဲ့ မျှော်လင့်ယူဆချက်ကတော့ နှစ်ဘက်အဝန်းအဝိုင်းက တကယ်အမျှော်အမြင်ကြီးတဲ့ နိုင်ငံအတွက်၊ ကိုယ်တိုင်းပြည်ရေရှည် ငြိမ်းချမ်းရေးအတွက်၊ ပြန်လည်သင့်မြတ်ရေးအတွက် အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေက အမျှော်အမြင်ကြီးကြီးနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ အချို့ကိစ္စတွေကို ဟိုဘက်ကလည်းလျှော့၊ ဒီဘက်ကလည်းလျှော့၊ ဖြေလျှော့သင့်တာ ဖြေလျှော့ပေးတဲ့ ပုံစံမျိုးနဲ့ မလုပ်နိုင်သရွေ့တော့ ဒီအခြေအနေကြီးက လောလောဆယ် ပြေလည်သွားမယ့်ပုံ မရှိပါဘူး။ အဲဒီလိုမျိုး နှစ်ဘက်က ညှိနှိုင်းပြီးတော့ ပြေပြေလည်လည် လုပ်နိုင်တဲ့ အခြေအနေမျိုးကလဲ လောလောဆယ်မှာ လမ်းစမမြင်သေးဘူးလို့ပဲ ပြောရမှာပါ။

XS
SM
MD
LG