သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ရဲ့ (၅) ကြိမ်မြောက် မြန်မာပြည်ခရီး


လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee) ခရီးစဉ်အတွင်း အဓိက စိန်ခေါ်မှု ဘာလဲ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် အလားအလာ ဘယ်လောက်ရှိလဲ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို စေလွှတ်ဖို့ လိုအပ်သေးလားဆိုတာကို (၈၈) ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမြအေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုအောင်မျိုးမင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက အခု ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Yanghee Lee) မြန်မာနိုင်ငံ ကို ရောက်ရှိနေပါတယ်။ အစတုန်းကတော့ ဒီလို အခု ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် လာတာကို သမ္မတဦးသိန်းစိန်နောက်မှာ လာစရာ မလိုတော့ဘူးလို့ ပြောသံဆိုသံကြားတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ အစိုးရက မစ္စယန်ဟီးလီ လာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လိုအပ်သေးတယ်၊ မလိုအပ်ဘူးဆိုတဲ့ သဘောထားကို သိရပါလား။ ကိုမြအေး အရင်စပြောပါ။

ကိုမြအေး ။ ။ - နှစ်အကြာမှာ အရပ်သားအစိုးရ စပြီး တက်လာတဲ့အချိန်။ တနည်းအားဖြင့် လပိုင်းပဲ ရှိပါသေးတယ်။ နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခွင့်အဏာတွေအားလုံးကို အစိုးရတရပ်တည်းက ချုပ်ကိုင်ထားတဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ ဥပမာပြောရရင် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ဝန်ကြီးဌာန (၃) နေရာ ရှိသလို၊ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်နေတဲ့ တပိုင်းတစ ဒီမိုကရေစီကို သွားနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ အဲဒီတော့ ကျနော်တယောက်ထဲ သဘောထားအမြင်နဲ့ ပြောရင်တော့ လူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်လ သုံးလအတွင်း ပျောက်သွားမှာ မဟုတ်ဘူး။ လိုအပ်သေးတယ်လို့တော့ ကျနော် မြင်ပါတယ်။ NLD အစိုးရ သဘောထားကိုတော့ မသိပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်း က NLD အစိုးရ သဘောထားကို ဘယ်လို စောကြောမိပါလဲ။ ကိုအောင်မျိုးမင်း သဘောထား ဘယ်လိုရှိပါလဲ။

ကိုအောင်မျိုးမင်း ။ ။ကျနော်တို့ ဒီကိစ္စကို ပြီးခဲ့တဲ့ မတ်လ လူ့အခွင့်အရေးကောင်စီမှာကတည်းက ဆွေးနွေးပါတယ်။ ဒါကို ထပ်ထားသင့်လား၊ မထားသင့်ဘူးလားဆိုတဲ့ Debate လုပ်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတော်တော်များများက ဒီလိုမျိုး ထပ်ထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရမှာ ကျန်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက ဆက်လက်ပြီး အဖြေရှာဖို့ ရှိနေတယ်။ အစိုးရသစ်မှာ ဆက်လက်တာဝန်ရှိနေတာကြောင့် ဆက်ပြီးတော့ ထားပါတယ်။ NLD အနေနဲ့ ဘယ်လိုမျိုး ကိုမြအေး ပြောသလို ဘယ်လိုသဘောထားလဲ၊ ရှိလဲမရှိလဲ မသိဘူး။ ဒါပေမဲ့ မစ္စယန်ဟီးလီ ကို ဗီဇာ ပေးခြင်းကိုယ်တိုင်က သူတို့အနေနဲ့ ခွင့်ပြုတယ် ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ သဘောထားမျိုးရှိတယ်။ ဒါကြောင့် ဗီဇာပေးပြီးတော့ လာခွင့်ပြုတယ်လို့ပဲ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ တချိန်တုန်းက အရှေ့တောင်အာရှဒေသအတွင်းမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးအခြေအနေ အတော်ကျဆင်းခဲ့တယ်။ ဆုတ်ယုတ်ခဲ့တယ် ဆိုပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် စေလွှတ်မယ့်ကိစ္စ ပေါ်ပေါက်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့နဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အဆင့်အတန်းက ထိုင်းနိုင်ငံထက်တောင် ကျော်တက်နေပြီလို့ တချို့က သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်ကို လက်ခံပါသလား။ အထူးသဖြင့် ထောက်ပြစရာ မီဒီယာ လွတ်လပ်ခွင့်တို့ ဘာတို့ဆိုရင် မြန်မာနိုင်ငံဟာ ထိုင်းထက် အများကြီးသာတယ်လို့ ပြောရမှာပါ။ ဆိုတော့ ထိုင်းလို နိုင်ငံမျိုးမှာကြတော့ လူ့အခွင့်အရေး ကိုယ်စားလှယ် စေလွှတ်ဖို့ မလိုဘဲ၊ မြန်မာနိုင်ငံကို လိုသေးတယ်လို့ သတ်မှတ်တာနဲ့ ပတ်သက်လို့ ဘယ်လို နှိုင်းယှဉ်ပြောချင်ပါလဲ။

ကိုမြအေး ။ ။ ကျနော် မြင်တာကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေက စစ်တပ်က အာဏာသိမ်းပြီးမှ ဖြစ်လာတဲ့ အခြေအနေမျိုး။ ကျနော်တို့နိုင်ငံက တစဉ်တဆက်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါသေးတယ်လို့ ပြောချင်တယ်။ ဥပမာအားဖြင့် ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်မှာပဲ မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ဆိုပြီး ထောင်ကျသွားတဲ့သူတွေ အများအပြား ရှိပါသေးတယ်။ အဲဒီလိုပဲ ပြည်တွင်းမှာဆိုရင်လဲ ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ၅၀၅ (ခ) နဲ့ ထောင်ကျနေသူတွေ ရှိနေပါသေးတယ်။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အပိုင်းကလဲ သူတို့ လိုချင်တဲ့ အတိုင်းအတာအထိ ရသေးတဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။

အဲဒီလိုပဲ ပုဒ်မ (၁၈) (၁၉) တွေနဲ့ တရားစွဲဆိုခံထားရတာတွေ ရှိနေပါသေးတယ်။ အဲဒီဟာ ထိုင်းနိုင်ငံမှာ မရှိတဲ့အတွက် မြန်မာနိုင်ငံကို လွှတ်စရာ မလိုဘူးဆိုပြီး၊ ကောက်ချက်မျိုးကတော့ မှန်ကန်တယ်လို့ မယူဆပါဘူး။ အဲဒါကြောင့်မို့ လူ့အခွင့်အရေးဆိုတာကတော့ အစိုးရတရပ် ပြောင်းသွားပြီ။ နှစ်လသုံးလအတွင်းမှာတော့ လူ့အခွင့်အရေး တိုးတက်လာမှာတော့ မဟုတ်ဘူး။ ဒါကို အစိုးရကို အပြစ်တင်ဖို့ မရသလို၊ ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမိုင်းဖြစ်စဉ်တခုလုံးနဲ့ သက်ဆိုင်တယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါ အချိန်ယူရမယ့် ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်းရဲ့ သဘောထားကိုလည်း ပြောပါ။ ထိုင်း - မြန်မာ နှိုင်းယှဉ်ပြီးတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ထိုင်းမှာ မထားဘဲနဲ့၊ မြန်မာနိုင်ငံမှာ ထားတဲ့ကိစ္စ။

ကိုအောင်မျိုးမင်း ။ ။ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ထောက်ပြလာပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ UPR Report မှာ ဒီအချက်တွေကို တင်ပြပေးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတာ၊ ကျနော်တို့ မြန်မာနိုင်ငံက မကြာခင်ကမှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာသိတာ မဟုတ်ဘူးဗျ။ ဒီလိုမျိုး လူ့အခွင့်အရေး အထူးလုပ်ထုံးလုပ်နည်းတွေအတိုင်း ထားပြီးတော့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးအရာရှိကို ၁၉၉၃ ခုနှစ်ကတည်းက ကျနော်တို့ ကုလသမဂ္ဂနဲ့ tie ဖြစ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ခံခဲ့ရပြီ၊ တကယ်တမ်း အရေးယူဆောင်ရွက်မှုတွေ အားနည်းသေးတာ ဖြစ်တာမို့ကြောင့် ကျနော်တို့နိုင်ငံက ဘာလဲဆိုရင် ကင်ဆာရောဂါလို ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ထိုင်းအစိုးရကတော့ ကျနော်တို့လိုမျိုး ဒီလိုမျိုး နှစ်ပေါင်းများစွာရှိတာ မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်။ သာမန် ထုတ်လုပ်နည်းတွေကလည်း ရှိနေတဲ့အတွက် ထိုင်းနိုင်ငံနဲ့ ကျနော်တို့ ဒီလိုမျိုး ယှဉ်ပြိုင်ခြင်း မရပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံကို လာခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ အများကြီး ရှိပါတယ်။ တယောက်ချင်း ဘယ်သူ့လက်ထက်မှာ စွမ်းဆောင်နိုင်ခဲ့တာကို ကျနော် အကြမ်းဖျဉ်း စဉ်းစားကြည့်မိတာ နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ကိစ္စ၊ အကျဉ်းထောင် အခြေအနေတို့ ဘာတို့ဆို မစ္စတာ Pinheiro လက်ထက်မှာ အတော်လေး တိုးတက်ကောင်းမွန်ခဲ့တယ် လို့ ပြောနိုင်မလား။ ကိုမြအေး၊ ကိုအောင်မျိုးမင်းတို့ ပိုသိပါလိမ့်မယ်။ ဆိုတော့ မစ္စယန်ဟီးလီ က မြန်မာနိုင်ငံကို (၅) ကြိမ် လာခဲ့ပြီ။ သူ့ရဲ့ လက်ထက်မှာ အအောင်မြင်ဆုံး၊ ဘယ်အချက်ဖြင့် သူလာတဲ့အတွက်ကြောင့် တိုးတက်သွားပြီလို့ ပြောလို့ရပါလဲ။

ကိုမြအေး ။ ။ ကျနော် မြင်တာကတော့ တချို့လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ လာခဲ့တယ်။ မမီခဲ့ဘူး။ အဲဒီအချိန်ကာလတုန်းက ကျနော်တို့က ထောင်ထဲမှာ ရှိခဲ့တဲ့ အခြေအနေ ဖြစ်တဲ့အခါကြတော့ လူ့အခွင့်အရေး ကိုယ်စားလှယ်လာရင် ကျနော်တို့ မှတ်မိနေတာက Pinheiro, ဂါးဂါလီ ….. တို့ မှတ်ပါတယ်။ အဲဒီနေ့တွေမှာ ကျနော်တို့ စားရေးသောက်ရေးမှာ ပဲဟင်းတို့ ဘာတို့ ကောင်းလာပါတယ်။ ကျန်တဲ့ တိုးတက်တာတွေ၊ ဘာတွေ မတွေ့ဘူး။ ဒါပေမဲ့ ကျနော်တို့ထောင်က ICRC ဝင်ပြီးနောက်ပိုင်းမှာ ထောင်တွေ နေထိုင်မှုတွေက ဟိုအရင်ကထက် အများကြီးပြောင်းလဲလာတယ်။ ဒုတိယအကြိမ် ထောင်ကျတဲ့အချိန်မှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ဂမ်ဘာရီ လက်ထက်လို့ ပြောလို့ရမယ်လို့ ထင်ပါတယ်။

နောက်တခါ ပြီးသွားတဲ့အခါ အခု မစ္စယန်ဟီးလီ လာတဲ့အခါမှာတော့ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေတွေကလည်း ရွေ့သွားပြီ။ ရွေ့သွားတဲ့အခါမှာ တိုးတက်တဲ့ သိသာတဲ့ ပြောင်းလဲမှုက ဥပမာအားဖြင့် ပြောမယ်ဆိုရင် ကျနော် မြင်တာကတော့ တဖက်ကလဲ ပွင့်လာတဲ့ အခြေအနေ ဖြစ်သလို၊ လွတ်လပ်စွာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ထုတ်ခွင့်တွေ ရလာခဲ့တယ်။ စာပေစီစစ်ရေးကလည်း လျော့သွားတယ်။ ဒါကလဲ အဲဒီကိစ္စတွေကို မစ္စယန်ဟီးလီ မမီခဲ့ဘူးလို့ ထင်ပါတယ်။ အဲဒီအခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စယန်ဟီးလီ လာပြီးမှ တိုးတက်သိသာတဲ့ အပြောင်းအလဲကတော့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ သူ့ကြောင့်တော့ မဟုတ်ဘူး မြန်မာနိုင်ငံ အခြေအနေက ပွင့်လင်းလာတာလဲ ပါတာပေါ့။

ကိုမြအေး ။ ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေ ပွင့်လင်းလာတာလည်း ပါပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်းလည်း နှိုင်းယှဉ်ပါအုံး။ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကို။ ကိုအောင်မျိုးမင်း က ထောင်ထဲမရောက်ဘူး ထင်ပါတယ်။ အဲဒီတော့ အပြင်ကနေ အကဲခတ်နိုင်မယ် ထင်ပါတယ်။ မစ္စယန်ဟီးလီရဲ့ (၅) ကြိမ်အတွင်းမှာ ပြီးတော့ အဓိက အောင်မြင်မှု၊ တိုးတက်မှု ဘာတွေ့တယ်လို့ ပြောချင်ပါလဲ။

ကိုအောင်မျိုးမင်း ။ ။ ကျနော်တို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ က မြန်မာနိုင်ငံရဲ့ အခြေအနေတွေအားလုံး လေ့လာပေမယ့် သူတို့မှာ မတူညီတဲ့ လူ့အခွင့်အရေးတာဝန်တွေ ရှိပါတယ်။ မစ္စတာပီညဲရိုး ဆိုရင် ကလေးနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့သူလည်း ဖြစ်တဲ့အတွက် အဓိက ကလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကလေးစစ်သားနဲ့ ပတ်သက်တာတွေကို ထဲထဲဝင်ဝင် စိတ်ဝင်စားခဲ့တယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားကို သူ့အနေနဲ့ ထဲထဲဝင်ဝင် တွေ့ဆုံခဲ့တာ ရှိပါတယ်။ နောက် သူ့နောက်မှာ တာဝန်ကျတဲ့ မစ္စတာကန်တာနာ ဆိုရင်တော့ သူကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသား မိသားစုက ပေါက်ဖွားလာတယ်။ တရားဥပဒေ ပညာရှင်တဦး ဖြစ်တဲ့အတွက် တရားဥပဒေအတိုင်း လွတ်လပ်မှု၊ Rules of Law တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ဒီအကြောင်းကို တွန်းတွန်းတိုက်တိုက် ပြောဆိုခဲ့တယ်။ မစ္စယန်ဟီးလီရဲ့ အရင်တုန်းက သမိုင်းကြောင်း ကြည့်မယ်ဆိုရင်တော့ ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီ တာဝန်ထမ်းဆောင်ခဲ့တော့ သူ့အနေနဲ့ လူနည်းစုတွေ၊ ဒီလိုမျိုး အဲဒါတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူစိတ်ဝင်စားတယ်။ ဒါကြောင့်မို့ လူနည်းစုအကြောင်းကို သူပြောတာရှိတယ်။ အောင်မြင်မှုတွေကတော့ ဒီဘက် အစိုးရပေါ် မူတည်ပါတယ်။ သူတို့ ဘယ်လောက် စိတ်ဝင်စားမှုရှိရှိ အစိုးရက ပူးပေါင်းဆောင်ရွက်မှု မရှိရင် မအောင်မြင်ဘူး။ အခုန ကျနော်တို့ ပြောခဲ့သလိုပဲ နိုင်ငံရေးအကျဉ်းသားကိစ္စကို အစဉ်အဆက် အော်ခဲ့တဲ့အထဲမှာ သူလည်း ပါဝင်ခဲ့တယ်။ နောက်တခါ လူနည်းစုတွေပေါ်မှာ စိတ်ဝင်စားမှု လုပ်ဆောင်ခဲ့တယ်။ အဲဒီတော့ ဒီကိစ္စတွေကို အထူးသဖြင့် … တော်တော်များများ တွန်းတွန်းတိုက်တိုက် ပြောဆိုခဲ့တယ်။ တဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာခဲ့တာ ရှိသလို၊ တဖက်မှာ စိန်ခေါ်မှုအသစ်တွေကို သူကြုံတွေ့ခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ သူ့ရဲ့ စိန်ခေါ်မှု အခက်အခဲဆုံးကတော့ ရခိုင်ပြဿနာလို့ ထင်ပါတယ်။ ပြီးတော့ မဘသ တို့ရဲ့ ဘာသာခြားတွေအပေါ် ပြောဆိုမှုတွေ ဖြစ်မယ် ထင်ပါတယ်။ စိန်ခေါ်မှုတွေကို သူ့အနေနဲ့ ဘယ်လို ကျော်လွှားနိုင်မယ်။ ဘယ်လို ပြေလည်အောင် လုပ်နိုင်မယ်လို့ ထင်ပါလဲ။

ကိုမြအေး ။ ။ ဒီဟာကတော့ ကျယ်ပြန့်တဲ့ ကိစ္စရပ်ကြီးတခု ဖြစ်ပါတယ်။ အဲဒီအပေါ် တိတိကျကျ comment ပေးဖို့ ခက်ပါလိမ့်မယ်။ ကျနော် မြင်တာကတော့ ဟုတ်ပါတယ် … ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးအတွက်က အရေးကြီးတယ်လို့ မြင်ပါတယ်။ နောက်တခုက ကျနော်တို့ရဲ့အမြင် အစိုးရသစ်အနေနဲ့လည်း ရခိုင်မှာရှိတဲ့ လူ့အဖွဲ့အစည်း နှစ်ခုအတွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် စတင်ကြိုးပမ်းစ ပြုလာပြီလို့ ယူဆတယ်။ တိုးတက်မှုတွေ တစုံတရာ ဖြစ်ပေါ်လာတယ်လို့လဲ မျှော်လင့်ပါတယ်။ ဒီနေရာမှာတော့ တခြားဘာသာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စ၊ လူမှုရေးနဲ့ သက်ဆိုင်တဲ့ကိစ္စ Hate speech တွေ ကိစ္စကတော့ ကျနော်တို့ တခုပဲ တိုက်တွန်းချင်တာ မစ္စယန်ဟီးလီအတွက် အဓိက စိန်ခေါ်မှုက မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး နဲ့ တရားမျှတမှုဆိုတဲ့ဟာပဲလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မျိုးမင်း သဘောထားလဲ သိချင်ပါတယ်။ ဒီကိစ္စမှာ သူ့ရဲ့ အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ။ ရခိုင်ပြဿနာလား။ ဒါတွေကို ပြေလည်အောင် သူ ဘယ်လောက် ညှိနှိုင်းနိုင်မလဲ။ အထူးသဖြင့်ကတော့ နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းရဲ့အမြင် ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။

ကိုအောင်မျိုးမင်း ။ ။ ရခိုင်မှာရှိတဲ့ ပြဿနာကတော့ မစ္စတာကန်တာနာ ခေတ်ထဲကနေ ရှိခဲ့တဲ့ အခက်အခဲတခုပဲ။ သူ့ဆီကို ပိုပြီးတော့ ရောက်ရှိလာတဲ့သဘော ဖြစ်ပါတယ်။ မစ္စယန်ဟီးလီက သူ့အနေနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို အခေါ်အဝေါ်ကအစ မပြောင်းဘူးဆိုတဲ့အရာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ တာဝန်အတိုင်း လုပ်ပါမယ်ဆိုတော့ သူ့မှာ ပိုပြီးတော့ ဒီလိုမျိုး အခက်အခဲကတော့ ပိုပြီးတော့ ကြုံတွေ့ရပါတယ်။ နောက်တခုကတော့ အမျိုးသမီး ဖြစ်တဲ့အတွက် သူ့အပေါ်မှာ ကျနော်တို့ရဲ့ အစွဲပတ်ဝန်းကျင်ထဲမှာ အမျိုးသမီးဆိုရင် ပိုပြီးတော့ အထင်သေးတဲ့စိတ်မျိုး၊ လက်မခံချင်တဲ့စိတ်မျိုး Gender အရ သူ့အပေါ် ပိုပြီးအခက်အခဲ ရှိမယ်လို့ ကျနော် ယူဆတယ်။ နှမသားချင်း မစာနာ ခေါ်ဝေါ် ဆက်ဆံတဲ့သဘော ဖြစ်ရတာ သူ့အတွက် ပိုပြီးတော့ ကြုံတွေ့ရတဲ့ အခက်အခဲသစ်လို့ ကျနော် မြင်ပါတယ်။ နောက်တခုကတော့ ဒီလိုမျိုး အခုဆိုရင် လုံခြုံရေးအရ တချို့နေရာတွေ သွားလို့မရဘူးဆိုပြီးတော့ ပိတ်ပင်တဲ့အသံတွေ ကြားနေရတယ်။ အဲဒီတော့ အစိုးရက ဒီလိုမျိုး လုံခြုံရေး လိုအပ်လို့ လုပ်ဆောင်လို့ရှိရင် တကယ်တမ်း လိုအပ်ရင် ကိစ္စမရှိဘူး။ လုံခြုံရေးအကြောင်းပြပြီး လုပ်ဆောင်လိုကတော့ ဘာသတင်းမှလဲ ရမှာမဟုတ်ဘူး။ သိကြားမင်းဆင်းပြီး ရှင်းလို့လဲ ရမှာမဟုတ်ဘူး။ အဲဒီအတွက်ကလဲ သူ့အတွက် နောက်ထပ်ကြုံနိုင်သော အခက်အခဲတခု၊ စိန်ခေါ်မှုလို့ ကျနော် ပြောလိုပါတယ်။

XS
SM
MD
LG