သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲမှာညီ တိုက်ပွဲပြီးကွဲ ဘာကြောင့်လဲ


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံသမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲကာလ ကရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ လွတ်လပ်ရေးရပြီးတဲ့နောက် ပြိုကွဲသွားခဲ့သလို၊ ရှစ်လေးလုံး အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကာလက ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း အခုအချိန်မှာ မှေးမှိန်နေတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ အဲဒီ စည်းလုံးညီညွတ်မှုတွေကို ဘယ်ပုံ ဘယ်နည်း ပြန်လည်တည်ဆောက်သင့်သလဲဆိုတာ မြန်မာ့အရေးသုတေသီ ဦးမင်းဇင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှစ်ဆယ့်ရှစ်မှာ ပြည်သူလူထုတရပ်လုံး မျှော်မှန်းခဲ့ကြတဲ့ မျှော်မှန်းချက်တွေကတော့ အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် အဓိက ဖြစ်ပါတယ်။ မဆလ အစိုးရ ပြုတ်သွားခဲ့တာကတော့ လောလောဆယ် လတ်တလော အောင်မြင်မှု ရခဲ့တယ်ပေါ့။ ဒါပေမဲ့ ရေရှည်မှာ အာဏာရှင်စနစ် ပြုတ်ကျပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေကို ခံစားကြရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတယ် ထင်ပါတယ်။ (၂၉) နှစ် ကြာလာတဲ့အခါမှာ အဲဒီမျှော်မှန်းချက်ကို ဘယ်လောက်အထိ ပေါက်မြောက်အောင်မြင်ခဲ့ပြီလို့ ပြောနိုင်ပါလဲ။

ဦးမင်းဇင် ။ ။ ကျနော်တို့ နားလည်တာကတော့ အဲဒီကာလတုန်းက ဒီမိုကရေစီကတော့ အားလုံးပြောကြတာပေါ့။ ဒါပေမဲ့လဲ အဓိကတော့ အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေအနေနဲ့ ဂုဏ်သိက္ခာမရှိတဲ့ဘဝမှာ မနေရတာပေါ့။ အထူးသဖြင့်တော့ စီးပွားရေးမှာဆိုလည်း ထင်သလို ငွေစက္ကူတွေကို ဖျက်သိမ်းလိုက်တာမျိုး။ ပြည်သူလူထုပေါ်မှာ ဘယ်လိုမှ သိက္ခာနဲ့တန်းဖိုးနဲ့ မဆက်ဆံဘူးဆိုတဲ့ ခံစားချက်မျိုး အဲဒါက အဓိကကျမယ်လို့ ထင်တယ်။ သိက္ခာမဲ့ ဆက်ဆံခံရတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အဲဒီအပေါ်မှာ မကျေနပ်လို့ spontaneous လိုခေါ်တဲ့ အလိုအလျောက်ထပြီးတော့ အုံကြွတဲ့သဘောပါ။ ဒီအပေါ်မှာမှ နိုင်ငံရေးခေါင်းဆောင်တွေက ဒါကတော့ဖြင့် ဒီလို ဂုဏ်သိက္ခာနဲ့ ဆီလျော်တဲ့ဘဝကိုရဖို့ဆိုရင် ဒီမိုကရေစီဟာ အကောင်းဆုံးစနစ်ဆိုပြီးတော့ ပြောကြလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီဆိုပြီး ဖြစ်ပေါ်လာတာပါ။ အခု (၂၉) နှစ် ကြာလာတဲ့အခါမှာ အဲဒီရည်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတာကို ပြောရမယ်ဆိုရင်တော့ ပြည့်ပြည့်ဝဝ မရှိသေးဘူး။ အများကြီး ဆက်ပြီးတော့ ခရီးဆက်ရအုံးမယ်လို့ ကျနော်က သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီမိုကရေစီကတော့ ပိုပြီးကျယ်ပြန့်တဲ့ ခရီး။ လောလောဆယ်မှာတော့ စစ်အာဏာရှင်၊ တစ်ပါတီအာဏာရှင်စနစ်မှာ ခံခဲ့ရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လူ့ဂုဏ်သိက္ခာ ကင်းမဲ့မှုတွေက အခု တော်တော်လေး ပပျောက်သွားပြီလို့ ဆိုနိုင်ပါလား။

ဦးမင်းဇင် ။ ။ ကျနော် ထင်တာကတော့ ရှစ်ဆယ့်ရှစ်မှာ ဒီမိုကရေစီလို့ ပြောတဲ့အခါမှာ - နောက်ပြီးတော့ အဓိက ဗမာ မြို့ကြီးတွေမှာရှိတဲ့ လူငယ်တွေ ဦးစီးပြီး လုပ်ကြတယ်။ ဆိုတဲ့အခါကြတော့ ဘာသွားတွေ့ရလဲဆိုတော့ နောက်ပိုင်း လှုပ်ရှားမှုကြီး ပိုကျယ်ပြန့်လာတယ်။ နောက်ပိုင်း ဆယ်စုနှစ်တွေ ပိုကြာလာတာနဲ့အမျှ သဘောပေါက်လာတာက မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်စနစ် ပြဿနာတခုထဲ မဟုတ်ဘူး။ မြန်မာပြည်ဟာ အစကတည်းက လွတ်လပ်ရေးရကတည်းက ပြည်ထောင်စုကို ပေမီဒေါက်မီ တင်းပြည့်ကျပ်ပြည့် ပြည်ထောင်စုပုံ မပေါ်ခဲ့တာ။ ဒါကြောင့်မို့ တိုင်းရင်းသားအခွင့်အရေးတွေ၊ တိုင်းရင်းသားရပိုင်ခွင့်တွေလည်း သိပ်အရေးကြီးတယ်လို့ လူတွေက နားလည်မြင်လာတဲ့အခါကြတော့ အခု လူ့ဂုဏ်သိက္ခာလို့ ပြောမယ်ဆိုရင် ကျနော်တို့က ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ မရတော့ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးတွေပါ ပြောလာကြာတော့ အဲဒီလို ပေတံပေါင်းစုံနဲ့ တိုင်းတာမယ်ဆိုရင်တော့ အခုအချိန်မှာလည်း အဲဒီအနေအထားကို ပြည့်ပြည့်ဝဝ မရောက်သေးဘူးလို့ ပြောရမယ်ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ လွတ်လပ်ရေး ရပြီးတဲ့ကာလကို ပြောတော့ ကျနော်လည်း အဲဒီကိစ္စကို နည်းနည်းပြန်ကောက်ချင်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်တုန်းကလည်း မြန်မာနိုင်ငံသားတွေမှာ တိုင်းရင်းသားတွေလည်း ပါဝင်ခဲ့ကြတယ်။ ဘာသာမရွေး၊ လူမျိုးမရွေး၊ အကုန်လုံး လူတန်းစား အလွှာပုံစံက လွတ်လပ်ရေး ရရှိဖို့ဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးပမ်းခဲ့ကြတယ်။ ဖက်ဆစ်ကို တော်လှန်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့အခါမှာ အဲဒီ စိတ်ဓါတ်တွေ မှေးမှိန်ပပျောက်သွားပြီးတော့ ပြည်ထောင်စုလည်း အန္တရာယ်ကျလာတယ်။ လူတချို့ကတော့ ဝေဖန်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို့ ခေါင်းဆောင်မျိုး ကွယ်လွန်သွားလို့ သူ့ရဲ့ ပင်လုံမှာ ပေးခဲ့တဲ့ ကတိကဝတ်တွေ အကောင်အထည် မဖော်နိုင်လို့လဲ တချို့က ပြန်သုံးသပ်ကြတယ်။ ဆိုတော့ အခု ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာ အဲဒီလို မျှော်မှန်းချက် မပြည့်မီသေးတာကို တစုံတရာ ကျနော်တို့ ထောက်ပြဝေဖန်စရာ ရှိပါလား။ ဘာကြောင့်ဆိုတာ အဲဒီလို ..

ဦးမင်းဇင် ။ ။ ဦးကျော်ဇံသာ ပြောတဲ့အထဲမှာလည်း ပါပါတယ်။ နှစ်ပိုင်း - တပိုင်းကတော့ စနစ်ဟောင်းကို၊ ဖိနှိပ်မှုကို၊ ဒါမှမဟုတ် ကျွန်ပြုမှုကို တော်လှန်ရတာတပိုင်း။ ဒီကျွန်ပြုမှုကို တော်လှန်ပြီးတဲ့အခါမှာ အနာဂတ်နိုင်ငံကို၊ အနာဂတ်ပြည်ထောင်စုကို ဘယ်လို မျှော်မှန်းချက်မျိုးနဲ့ ဘယ်လို Vision မျိုးနဲ့ သွားမလဲဆိုတဲ့ အပိုင်း နှစ်ပိုင်းပေါ့။ စနစ်ဆိုး ကျွန်ပြုမှုကို တော်လှန်ရတာဆိုတော့ အားလုံး ဘုံရန်သူအပေါ် အကြောင်းပြုပြီးတော့ ညီညွှတ်နိုင်တယ်။ သွေးရောင်၊ အသားရောင် မခွဲခွါဘူး။ ဒါပေမဲ့လဲ ဒီကနေ ရှေ့ဆက်ပြီးတော့ ဘယ်လို အာဏာခွဲဝေမှုတွေနဲ့ ဘယ်လို တန်းတူအခွင့်အရေးတွေနဲ့ သွားကြမလဲလို့ ပြောတဲ့အခါမှာတော့ အခုနပြောတဲ့ Vision တိုင်းပြည်ရဲ့ အနာဂတ် Vision ကို စဉ်းစားတဲ့အခါမှာတော့ တစုတဖွဲ့က လက်ဝါးကြီးအုပ်၊ အခွင့်အရေး ပိုလိုချင်တာ။ Animal Farm ဝထ္တုထဲကလို ပြောရမယ်ဆိုရင်တော့ အားလုံးက အတူတူ .. ငါက ပိုအခွင့်အရေး ရှိသင့်တယ်ဆိုတဲ့ အမြင်မျိုးတွေနဲ့ ဖြစ်လာတာနဲ့ မူတည်ပြီးတော့ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံမဆို လူမျိုးကြီးဝါဒ၊ ပါတီကြီးဝါဒ၊ ခေါင်းဆောင်ကြီးဝါဒတွေ ပေါ်လာတဲ့အခါမျိုးမှာ ကျနော်ထင်တယ် … အခုန လုပ်တုန်းကတော့ အတူလုပ်ခဲ့ကြတယ်။ တကယ့်တကယ် အကျိုးကျေးဇူးရှိတဲ့အခါကြတော့ တဘက်ဇောင်းနှင် ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးတွေ။ ပါဝင်ခဲ့သူတွေမှာ အားလုံးက ခံစားရကြရတယ်။ ဒီသဘောမျိုးက လွတ်လပ်ရေးတိုက်ပွဲတုန်းကလဲ၊ နယ်ချဲ့ဆန့်ကျင်ရေးမှာ လွယ်ကူခဲ့ကြပေမယ့်။ အားလုံးပါခဲ့တယ်ဆိုရုံလေး။ တကယ့်တကယ် တည်ဆောက်ရေးမှာ Vision တွေ ကွဲလာတာကို တွေ့ရပါတယ်။ အခုလဲ ဒီမိုကရေစီတော်လှန်ရေးမှာလည်း အလားတူပါပဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့နေရာမှာ အားလုံး တူညီကြပေမယ့်။ တကယ့်တကယ်မှာ ဒီနိုင်ငံကို ရှေ့ဆက်ဘယ်လို တည်ဆောက်ရမလဲဆိုတဲ့ ကိစ္စမှာတော့ အခုထိ အငြင်းပွားစရာတွေ၊ မညီညွှတ်တာတွေ ရှိနေတုန်းပါ။

ဦးကျော်ဇံသာ ။ ။ ဒီလို လွတ်လပ်ရေးနောက်ပိုင်းမှာ တဖြည်းဖြည်း ပြိုကွဲလာတဲ့ ဇာတ်လမ်းမျိုးကတော့ အာဖရိကမှာ အများကြီး တွေ့ရတယ်လို့ ထင်ပါလဲ။ သမိုင်းအစဉ်အလာ မရှိနိုင်ဘဲ၊ နယ်နမိတ်မျဉ်းဆွဲတော့ မင်း ဒီမှာနေ၊ ငါ ဒီနယ်ယူဆိုပြီး လုပ်ခဲ့ကြတယ်။ လွတ်လပ်ရေးပေးတော့ အဲဒီ ကိုလိုနီစနစ်ရဲ့ အစဉ်အလာအတိုင်း သူတို့ကို လွတ်လပ်ရေး ပေးလိုက်တော့ သူတို့ကို မတူညီမှုတွေ၊ ဘာတွေညာတွေ ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာကြတော့ လွတ်လပ်ရေး မဆုံးရှုံးခင်ကတည်းက တိုင်းရင်းသားတွေအားလုံးဟာ အဲဒီနယ်နိမိတ်ထဲမှာတော့ ပါဝင်ခဲ့ကြပြီ။ အချို့က မြန်တာရှိတယ်။ တချို့က တော်တော်ကြာခဲ့ပြီ ဖြစ်မယ်။ အဲဒါကြောင့် လွတ်လပ်ရေး ယူတော့လည်း ဒီနယ်မြေတွေကို သိမ်းခဲ့တာပဲ။ ဒီအတိုင်းပြန်ပေးဆိုပြီး ယူခဲ့ကြတယ်။ ကျနော် အဓိက ဆင်ချင်တာက အိန္ဒိယနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယမှာလည်း လူမျိုးရေး ကွဲပြားမှုတွေ၊ ဘာသာရေး ကွဲပြားမှုတွေ Diversity က ပိုတောင်မှ များသေးတယ်။ ဒါပေမဲ့ သူတို့နိုင်ငံမှာကြတော့ အခုအခါမှာ ဒီလို စိတ်ဝမ်းကွဲပြာမှုတွေကို မြန်မာနိုင်ငံလောက် ပြင်းပြင်းထန်ထန် မကြားရတော့ဘူး။ အဲဒါဘာကြောင့်လို့ ထင်လဲ။

ဦးမင်းဇင် ။ ။ အိန္ဒိယနဲ့ မြန်မာနိုင်ငံ အတော်တူပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၉၄၇ အခြေခံဥပဒေဆိုရင် အိန္ဒိယနိုင်ငံမှာ ဦးချန်ထွန်းတို့ သွားဆွဲခဲ့ကြတာ။ အိန္ဒိယမှာ ရေးတယ်လို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယ အခြေခံဥပဒေ အတော်လေးတူပါတယ်။ အစကတည်းက တပြည်ထောင် ပုံစံမျိုးနဲ့ စခဲ့ကြတာပါ။ ဒါပေမဲ့လဲ အိန္ဒိယမှာက ဒီမိုကရေစီက ရှင်သန်တဲ့အခါကြတော့ ဒီမိုကရေစီ ရှင်သန်နေတဲ့ ကာလပတ်လုံး အမှားတွေကို ပြင်ဆင်ခွင့် ရှိတယ်ဆိုတာ နိုင်ငံရေးသုတေသီ တော်တော်များများ လက်ခံထားတာပါ။ ဒီမိုကရေစီရဲ့ အားသားချက်က အမှားကို ငြိမ်းချမ်းစွာ ပြင်ဆင်ခွင့်ရှိတဲ့သဘော။ အိန္ဒိမှာ လူနည်းစုတွေ၊ တိုင်းရင်းသားတွေ၊ ဘာသာရေး လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ တောင်းဆိုတာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့၊ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းနိုင်တဲ့အခါကြတော့ အိန္ဒိယ အခြေခံဥပဒေဟာ စတုန်းက တပြည်ထောင်နဲ့ စခဲ့ပေမယ်။ အခုတော့ တဖြည်းဖြည်းနဲ့ ဖယ်ဒရယ် feature လို့ခေါ်တဲ့ လက္ခဏာတွေ အများကြီး တွေ့လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံကို ကြည့်မယ်ဆိုရင် ၂၀၁၄ ထိကို ပြည်နယ်သစ်တွေ ဖွဲ့စည်းပေးတဲ့အထိ လိုက်လျောမှုတွေ လုပ်နိုင်ပါတယ်။ ဒီမိုကရေစီ ရှင်သန်နေလို့ရှိရင် Central လက္ခဏာတွေနဲ့ မတူညီမှုတွေကို အပြန်အလှန် ညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့ ပိုလွယ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီအခွင့်အရေးဟာ ရသင့်ခဲ့ပါတယ်။ ၁၉၆၂ မှာ တကယ်တော့ ရှမ်းတွေ ဦးဆောင်ပြီးတော့ တိုင်းရင်းသားတွေက တင်ပြတဲ့ကိစ္စတွေ။ အကုန်အကြွင်းမဲ့ မှန်တယ်မှားတယ် ခဏထား။ ဦးနုတို့ ခေါင်းဆောင်တွေက ဒါကို Accommodate အပြန်အလှန် စေ့စပ်ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာ ဒီမိုကရေစီ ဆိတ်သုဉ်းသွားပါတယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့အခါမှာ ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေကို ဖြေရှုင်းပြီး အပေးအယူ လုပ်ပြီးတော့ စေ့စပ်ညှိနှိုင်းနိုင်မယ့် စနစ်လည်း ပျောက်သွားပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ မရှိရင် ဖယ်ဒရယ်ဖြစ်ထွန်းမှု အင်မတန်မှ ခက်ခဲပါတယ်။ ဖယ်ဒရယ်ကို ဘယ်လောက်ပဲ ကောင်းကောင်းပြောပြော Soviet Union ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖယ်ဒရယ် အခြေခံဥပဒေ ရှိတယ်လို့ ပြောလို့ရပါတယ်။ ခွဲထွက်ခွင့်ကိုတောင် အာမခံထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ မရှိတဲ့အခါမှာ Soviet Union မှာရှိတဲ့ ဖယ်ဒရယ်စနစ်က ဖယ်ဒရယ် အတုအယောင်လို့ အားလုံးက သတ်မှတ်ကြပါတယ်။ ဒါကြောင့်မို့ ကျနော် မြင်တာကတော့ လူမျိုးတွေ ဘာသာတွေ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းမှာ စစ်မှန်တဲ့ ဖယ်ဒရယ် လက္ခဏာတွေ ရဖို့ဆိုရင် ဒီမိုကရေစီ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်တည်မှသာ ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တာမို့ ဒီပြဿနာတွေ ပိုပြီးဆိုးဝါးလာတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ လောလောဆယ် ပြဿနာက စစ်တပ်က အာဏာသိမ်းလိုက်တယ်။ စစ်အာဏာရှင်စနစ် တပ်ရဲ့ သြဇာအာဏာလွှမ်းမိုးမှု အခုထိ ဆက်ရှိနေတာ တွေ့ရတယ်။ အဓိကတော့ အာဏာရှင်စနစ်ပေါ့။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရလည်း စစ်တပ်ရဲ့ အရှိန်အဝါက နိုင်ငံရေးမှာ အတော်လေး ကြီးမားနေတော့ ဒီအချက်ကိုက ဘယ်လောက်အထိ တားဆီးဖြစ်နေတယ်လို့ နိဂုံးဆွဲလို့ရလား။

ဦးမင်းဇင် ။ ။ ကျနော် မြင်တာကတော့ အာဏာရှင်လို့ ပြောလို့ရှိရင် တပ်မတော်တခုတည်းကို ပုံသေကားချပ် ပြောလို့မရပါဘူး။ နောက်ပိုင်းမှာ ပိုပြီးတော့ လူနည်းစုတွေအတွက် အာမခံနိုင်ဖို့ဆိုတာဟာ ကျနော် အခုနပြောတဲ့ တဦးတဖွဲ့တယောက်၊ တစုတဖွဲ့ ခေါင်းဆောင်တဦးဦးက လက်ဝါးကြီးအုပ်ပြီးတော့ အာဏာကို စီမံခန့်ခွဲနိုင်တယ်။ ငါတို့မှသာ ရပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားမျိုး ရှိနေရင်တော့ ဗမာပြည် ပြဿနာဟာ အဖြေရှာဖို့ ခက်နေအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သဘောတရားအရ လက်တွေ့အားဖြင့် လောလောဆယ် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် ဘယ်ဟာကို စပြင်သင့်ပါလဲ။ ဖွဲ့စည်းပုံကို ပြင်ရမလား။ အဲဒီလို တပါတီ၊ တဦးတယောက်၊ အဖွဲ့အစည်းတခုတည်းရဲ့ သြဇာလွှမ်းမိုးနေတဲ့ အခြေအနေကို မရောက်ရောက်အောင် တားဆီးနိုင်မယ့်ဟာ ဘယ်ဟာနဲ့ ကျနော်တို့ ဖန်တီးရမလဲ။ အဲဒီ အခြေအနေမျိုး မဖြစ်အောင်။

ဦးမင်းဇင် ။ ။ ယေဘုယျ ပြောနိုင်တာကတော့ မြန်မာနိုင်ငံမှာ Sequence လုပ်ခေါ်တဲ့ ဘယ်ဟာကို ဦးစားပေးလုပ်မလဲ။ ဘယ်ဟာကတော့ အစဉ်အတိုင်း ဖြစ်သင့်လဲဆိုတာတွေကို စဉ်းစားကြတာ ရှိပါတယ်။ ကျနော့်အမြင်ကတော့ မြန်မာပြည်ရဲ့ လတ်တလော ပြဿနာကို အဓိက တိုင်းပြည် ဖရိုဖရဲ မဖြစ်သွားအောင် လုပ်ဖို့ဆိုရင် နံပတ်တစ်က စီးပွားရေး။ ဒါက ရေတိုကာလ လုပ်ရမယ်။ အလယ်အလတ်ကာလမှာ ဗမာပြည်နိုင်ငံရေးကို ပြဌာန်းမှာကတော့ ကျနော်ထင်တယ် ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲတွေကို ပုံမှန်တပ်မတော်က ခွင့်ပြုမယ်။ ရွေးကောက်ပွဲတွေ ရလဒ်တွေကို တပ်မတော်က Honor လုပ်မယ်။ လက်သင့်ခံမယ်ဆိုရင် မြန်မာပြည်နိုင်ငံရေးဟာ တစုံတရာ ရှေ့ကို ရွေ့သွားဖို့ ရှိပါတယ်။ နောက်ဆုံး ဆုံးဖြတ်ပေးမှာကတော့ စီးပွားရေးနဲ့ ရွေးကောက်ပွဲတွေ ပုံမှန်ဖြစ်လာလို့ ရှိရင်တော့ ငြိမ်းချမ်းရေးလို့ခေါ်တဲ့ Nation building တိုင်းပြည်တည်ဆောက်ရေး၊ ပြည်ထောင်စု တည်ဆောက်ရေး အဆုံးစွန်းသော အားလုံး ကိုယ်စီကိုယ်င ထိုက်တန်တဲ့ အာဏာခွဲဝေမှုတွေ ရှိတဲ့ အနေအထားတခု ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ အင်မတန်မှ ခက်ခဲတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလို၊ ပြည်ထောင်စုကြီး တည်ဆောက်ရေးဟာမျိုး - ဒါတွေက အင်မတန်မှ အရေးကြီးပါတယ်။ ဒါတွေကို ဦးစားပေးပြီးတော့ ကျန်တဲ့ စီးပွားရေးတို့၊ ရွေးကောက်ပွဲတို့ကို မျက်ကွယ်ပြုမယ်ဆိုလို့ရှိရင် ဒီနိုင်ငံဟာ ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီလိုပြောလို့ စီးပွားရေးတွေ၊ ရွေးကောက်ပွဲတွေ ဦးစားပေးရမယ်ဆိုလို့ ငြိမ်းချမ်းရေးတွေ မလုပ်ရဘူး မဟုတ်ပါဘူး။ အကုန်လုံး လုပ်ရမယ်။ ဒါပေမဲ့ ကျနော်တို့က Sequence ကို စဉ်းစားတဲ့အခါမှာ လတ်တလော တိုင်းပြည်အတွက် လိုအပ်တာဟာ စီးပွားရေး။ အလယ်အလတ် လိုအပ်မှာက ရွေးကောက်ပွဲတွေ ဖြစ်တယ်။ ဒီနှစ်ခု တည်ငြိမ်မှသာ Nation building က အောင်မြင်မယ်လို့ ထင်ပါတယ်။ နို့မို့ဆိုရင် ကျနော်တို့နိုင်ငံမှာ အငြင်းပွားနေရတာနဲ့ ပိုခက်မယ်လို့ သုံးသပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းပါ။ အဲဒီတော့ မြန်မာနိုင်ငံဟာ ကိုမင်းဇင်ပြောတဲ့ Nation building အတွက် မှန်ကန်တဲ့ လမ်းပေါ်ကို ရောက်နေပြီလို့ ပြောနိုင်ပါလား။

ဦးမင်းဇင် ။ ။ Nation building အတွက် မှန်ကန်တဲ့ လမ်းပေါ်ကို ရောက်ဖို့ဆိုရင် ကျနော် အခုနပြောတဲ့ စီးပွားရေး ပုံမှန်ဖြစ်ရမယ်။ ဆင်းရဲမွဲတေမှုတွေ သိပ်များနေမယ်ဆိုရင် တိုင်းရင်းသားပြဿနာ၊ လူမျိုးစု ပြဿနာကိုပဲ အာရုံစိုက်နေပြီးတော့ လူတန်းစားပြဿနာကို မျက်ကွယ်ပြုနေသလို ဖြစ်နေပြီး တိုင်းပြည်မှာ ပိုပြီးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးရေးလည်း ပိုပြီးပျက်ပြားနိုင်ပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲတွေ ဆက်ရှိနေတာဟာ ဒီမိုကရေစီ ကြွက်သားတွေကို အလေ့အကျင့် လုပ်ပေးနေတာလို့ ယူဆပါတယ်။ ရွေးကောက်ပွဲတွေက ဘယ်လောက်ပဲ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိပါစေ။ ရွေးကောက်ပွဲတွေက သမိုင်းအတွေ့အကြုံလည်း ရှိပါတယ်။ အင်္ဂလိပ်က ဒါကြောင့်မို့ ရွေးကောက်ပွဲတွေကို အစောကြီးက စပြီးအလေ့အကျင့် လုပ်ပေးခဲ့တာပါ။ အဲဒါတွေ အားကောင်းလာမှသာ ရင့်ကြတ်မှုတွေ ရှိလာမယ်။ ကွဲပြားမှုတွေကို သည်းခံနိုင်မယ်။ အဲဒီနည်းနဲ့ပဲ တဖြည်းဖြည်းနဲ့ Nation building ကို ပြည်ထောင်စု တည်ဆောက်ရေးကို သွားရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို စားပွဲပေါ်မှာ အားလုံးတွေ့ပြီးတော့ တခါတည်း ခေါင်းချင်းဆိုင်လိုက်တာနဲ့ ပြဿနာတွေ ပြေလည်မယ်လို့ထင်ရင် လိုအပ်တဲ့ ရေခံမြေခံ မရှိရင် ရရင်လည်း Artificial လို့ခေါ်တဲ့ အပေါ်ယံသဘောပဲ ဖြစ်နေပါလိမ့်မယ်။ တကယ့်တကယ် ဒါတွေ အောင်မြင်အောင် ကျင့်ကြံဖိုဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြောပြောနေတာက Institution တွေ လိုတယ်ဆိုတာ ဒါပါပဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ Institution ကောင်းတွေလိုတယ်။ နိုင်ငံရေးဓလေ့ကို တည်ဆောက်ပေးနိုင်တဲ့ Institution ကောင်းတွေလိုတယ်။

XS
SM
MD
LG