သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံကိစ္စ အမေရိကန်ဘာလုပ်နိုင်မလဲ


အမေရိကန်တို့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာတွေဟာ တရုတ်ကို ထိန်းချုပ်ဖို့မဟုတ်ဘူး၊ ဒါပေမဲ့ ဒေသတွင်း တရုတ်တို့ရဲ့ဗိုလ်ကျစိုးမိုးမှုကိုတော့ ဆန့်ကျင်တယ်လို့ အမေရိကန်ပါမောက္ခ David Steinberg က ဆိုပါတယ်။ မြစ်ဆုံကိစ္စ ကိုလည်း မြန်မာပြည်သူတွေရဲ့ဆန္ဒအတိုင်းဖြစ်ဖို့ လိုလားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ မြစ်ဆုံကိစ္စ ပြန်လည်စတင်မလားဆိုတာ အရေးကြီးတဲ့ကိစ္စတရပ် ဖြစ်နေပါတယ်။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်အစိုးရက ဘယ်လို သဘောထား ရှိသလဲဆိုတာကို တရုတ်ရေးရာ ကျွမ်းကျင်သူတယောက်ကို မေးခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ သဘောထား၊ မြန်မာပြည်က ကျွမ်းကျင်သူတွေရဲ့ သဘောထားကို မေးခဲ့ပါတယ်။ အခုတော့ အမေရိကန်အစိုးရရဲ့ သဘောထားကို သိချင်ပါတယ်။ တကယ်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ တက်လာခါစ၊ နေသာတကျ မဖြစ်သေးဘူးလို့ ပြောလို့ရတဲ့ အစိုးရသစ်ကို တရုတ်က အနိုင်ကျင့်ပြီးတော့ မြစ်ဆုံကိစ္စကို တည်ဆောက်ရမယ်လို့ အတင်းအကြပ် လုပ်လာရင် အမေရိကန်က ဘယ်လို သဘောထားမလဲ။

Prof. Steinberg ။ ။ ကျနော်က အမေရိကန်အစိုးရထဲမှာ မပါဝင်ပါဘူး။ အမေရိကန်အစိုးရရဲ့ အကန့်အသတ် အထောက်အထားတွေကိုလည်း မသိရှိနိုင်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ ဘာတွေ လုပ်ချင်လောက်တယ် ထင်တာကို ပြောပြပါမယ်။ (၁) မြန်မာပြည်မှာ တည်ဆောက်နေတဲ့ ရေကာတာ မှန်သမျှ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရမယ်။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ မြစ်ဆုံရေကာတာက မကိုက်ညီဘူးလို့ တချို့က ဆိုကြပါတယ်။ တရုတ်တို့က ဒီလို သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး ထိခိုက်မှုတွေကို စနစ်တကျ မလေ့လာ၊ မသုံးသပ်ဘဲ၊ ဒီ စီမံကိန်းကို အစောတလျှင် အတည်ပြုခဲ့ကြတာလို့ ဆိုကြပါတယ်။ (၂) မြစ်ဆုံရေကာတာကိစ္စကို မြန်မာအစိုးရက သဘောတူခဲ့တာပါ။ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတသက်တမ်းအတွက် ရပ်ဆိုင်းထားခဲ့တာပါ။ အခု အစိုးရသစ် တက်လာပါပြီ။ မြန်မာပြည်သူတွေက အဆုံးအဖြတ်ပေးရမယ့် ကိစ္စပါ။ (၃) တရုတ်နဲ့ မြန်မာတို့ သဘောပေါက်ထားရမှာက မြန်မာနိုင်ငံမှာ အမေရိကန် လုပ်ဆောင်နေတာတွေက တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ မဟုတ်ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားတို့ လုပ်သမျှ သူတို့ကို ပိတ်စို့ဖို့ လုပ်နေတာကြီးပဲလို့ တရုတ်က ထင်နေပါတယ်။ ဒါက မဟုတ်ပါဘူး။ ဒီလို မဟုတ်ဘူးဆိုတာ အမေရိကန်ကလည်း တရုတ်တို့ကို နားလည်စေချင်ပါလိမ့်မယ်။ ခင်များ ပြောသလို မြန်မာပြည်သူတွေက ဒီ စီမံကိန်းကို မကြိုက်ဘူးဆိုတော့ ဒါကို တရုတ်ဘက်က လက်ခံရမှာပါ။ သူတို့ ကုန်ကျထားပြီသမျှကို မြန်မာဘက်က ပြန်ပြီးတော့ ပေးလျော်ရဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ပေါ် တရုတ်သြဇာလွှမ်းမိုးမှု မြှင့်မားလာရတာဟာ အဓိကက အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ထားခဲ့လို့ ဖြစ်ပါတယ်။ အခု တရုတ်စက်ကွင်းထဲက ဗမာပြည်ကို လွတ်မြောက်အောင်လုပ်ဖို့ အမေရိကန်မှာ Moral Obligation - အသိတရားအရ တာဝန်ရှိတယ်လို့ မထင်ဘူးလား။

Prof. Steinberg ။ ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ Moral Obligation အသိတရားအရ ရပ်တည်ချက် ရှိပါတယ်။ အဲဒါကတော့ နိုင်ငံတိုင်းမှာ အစိုးရတွေဟာ ပြည်သူလူထုဆန္ဒနဲ့အညီ ဖြစ်စေရမယ်။ နောက်တခုက ၁၉၄၈ တုန်းက မြန်မာနိုင်ငံ၊ အမေရိကန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လိုက်နာကြဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေအရ အမေရိကန်အနေနဲ့ ကြိုးစားရမယ့် တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဝင်စွက်ပိုင်ခွင့်တော့ မရှိပါဘူး။ တရုတ်ဟာ အစဉ်အလာအားဖြင့် အရှေ့တောင်အာရှ ကုန်တွင်းဒေသကို သူတို့ရဲ့ သြဇာလွှမ်းမိုးခံနယ်မြေ Sphere of Influence လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဒါဟာ အယူအဆဟောင်းတရပ်ပါ။ ဒီနေ့ ကျနော်တို့ လက်မခံနိုင်ပါဘူး။ အခု တနိုင်ငံနဲ့တနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒဟာ လွတ်လပ်ရေးရတုန်းကစပြီး ဘက်မလိုက်ရေး ဝါဒ ဖြစ်ပါတယ်။ ဘယ်အုပ်စု ပြိုင်ဆိုင်မှုကိုမှ ဝင်မပါခဲ့ပါဘူး။ ဒါကြောင့်လဲ ၁၉၆၁ ကနေ ၁၉၇၁ ခုနှစ်အထိ ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက တရုတ်တွေက အခုအခါမှာတော့ မြန်မာနိုင်ငံကို Sphere of Influence သြဇာခံနယ်မြေလို့ မသတ်မှတ်တော့ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီလို ပြောချင်တာလား။

Prof. Steinberg ။ ။ အရင်ခေတ်တွေတုန်းက ပုံမှန်သဘောထားလို့ ဆိုတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စတွေကို ဆွေးနွေးကြတဲ့အခါမှာ တရုတ်က သူတို့ တနိုင်ငံတည်းပဲ ပါဝင်ဖို့ တောင်းဆိုတယ်။ ကုလသမဂ္ဂနဲ့လွှဲရင်ပေါ့။ တခြားအမေရိကန် အပါအဝင် ကျန်နိုင်ငံတွေကို ပါဝင်ခွင့် မပေးဘူး မဟုတ်ဘူးလား။

Prof. Steinberg ။ ။ ကျနော် သိသလောက် နားလည်စေချင်တာက မြန်မာနဲ့ မြောက်ကိုးရီးယားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံခြားရေး ဝါဒပါ။ (၁) နယ်စပ်ဒေသ ငြိမ်းချမ်းရမယ်။ (၂) တရုတ်ပြည်ထဲကို ဘယ်ဒုက္ခသည်မှ မဝင်စေရဘူး။ (၃) တရုတ်ရဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရှိရမယ်။ (၄) ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင်ပေါ်မှာ အိမ်နီးချင်းတွေဟာ တရုတ်နဲ့ တဖက်တည်း ရပ်တည်ရမယ်။ (၅) အရေးကြီးဆုံးကိစ္စကတော့ တရုတ်နယ်စပ်မှာ အမေရိကန် မရှိစေရ ဖြစ်ပါတယ်။ ကိုးရီးယားစစ်ပွဲတုန်းကလည်း ဒါတွေကို တွေ့ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက အမေရိကန် သံအမတ်ကြီး Derek Mitchell မြစ်ကြီးနားကို သွားတုန်းက ဒီသဘောကို မြင်ခဲ့ရပါတယ်။ နောက် သိပ်အရေးကြီးတဲ့ အချက်တချက်က နယ်စပ်ကလူတွေ ကချင်၊ ဝ၊ ရှမ်းတို့ဆိုတာ ယူနန်နယ်ထဲမှာလည်း ရှိနေကြပါတယ်။ ဒီနယ်နမိတ်ဟာ လူမျိုးရေးအရ ခွဲထားတဲ့ Ethinic Border မဟုတ်ပါဘူး။ နိုင်ငံရေးအရ ခွဲထားတဲ့ Political Border ဖြစ်ပါတယ်။ နှစ်ဖက်လူမျိုးအချင်းချင်း လက်နက်အပါအဝင် နည်းမျိုးစုံနဲ့ တရားဝင်၊ တရားမဝင်ပါ ဆက်သွယ်မှုတွေ ရှိနေတာပါ။ တရုတ်တို့ဘက်က ကိုင်တွယ်ရ ခက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကလဲ တရုတ်က နယ်စပ်က တိုင်းရင်းသားသူပုန်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး မြန်မာနိုင်ငံအပေါ် အလျှော့အတင်းလုပ်ဖို့၊ ဈေးစစ်ဖို့ ထိန်းထားတယ်လို့ သုံးသပ်ကြပါတယ်။

Prof. Steinberg ။ ။ တရုတ်ဆိုတဲ့ နေရာမှာ နှစ်မျိုးတော့ အနည်းဆုံး ခွဲခြားဖို့ လိုပါတယ်။ တရုတ်အစိုးရရဲ့ သဘောထားနဲ့ ယူနန်အစိုးရရဲ့ သဘောထားပါ။ ယူနန်ဟာ ဘေဂျင်းမှာရှိတဲ့ တရုတ်အစိုးရရဲ့ သဘောထားကို ဆန့်ကျင်မှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယူနန်အတွက် သီးခြားအကျိုးစီးပွား သီးခြားစိတ်ဝင်စားစရာတွေ ရှိပါတယ်။ ကုန်သွယ်စီးပွား အကျိုးအမြတ်ပါ။ ယူနန်ရဲ့ ထုတ်ကုန်တွေဟာ အဓိက မြန်မာပြည်ပေါ် မှီခိုနေပါတယ်။ ဝဒေသမှာ ယူနန်ရဲ့ စီးပွားရေး အများကြီးပါ။ ကျောက်စိမ်း၊ သစ်စတဲ့ တရားဝင်၊ တရားမဝင်ပါ လုပ်ငန်းတွေ လုပ်နေကြပါတယ်။ သူပုန်တွေမှာလည်း တချို့ စစ်ဖြစ်နေခဲ့ရင် သူတို့အတွက် စီးပွားဖြစ်ပါတယ်။ တချို့ကလဲ စစ်မဖြစ်ချင်ကြပါဘူး။ ဒါကြောင့် အမြဲတမ်း မှန်ကန်တဲ့ အဆုံးအဖြတ်ပေးဖို့ဆိုတာ သိပ်ပြီးတော့ ခက်ခဲပါတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ပြောခဲ့တဲ့အထဲမှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်တို့က ဒီလိုပဲ ထင်နေကြတာပါ။ အိန္ဒိယဟာ အကြောင်းမဟုတ်ဘူး။ အမေရိကန်ဟာ သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ယူဆထားကြတာပါ။ ဒါဟာ Perception ပေါ့။ ဒီလို Perception ရှိနေတာကို အမေရိကန်က ဘယ်လို ကိုင်တွယ်မလဲ။

Prof. Steinberg ။ ။ ဒါဟာ သိပ်ခက်ခဲတဲ့ ပြဿနာပါ။ တရုတ်တို့ဘက်က ဒီလို ယူဆချက်ရှိတယ်ဆိုတာကို ကျနော် သဘောတူပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှရေးရာ မူဝါဒဟာ နှစ်ပေါင်း (၁၅၀) လုံးလုံး တသက်မှတ်တည်း ရှိလာခဲ့တယ်လို့ ကျနော် သုံးသပ်ပါတယ်။ အဲဒါကတော့ အာရှဒေသအတွင်း ဘယ်လို ဗိုလ်ကျစိုးမိုးမှုမျိုးကိုမှ မပေါ်ပေါက်လာစေဖို့ အရေး ဖြစ်ပါတယ်။ (၁၉) ရာစုနှစ်တုန်းက တရုတ်အပေါ် အမေရိကန်ရဲ့ တံခါးဖွင့်ဝါဒဟာ တရုတ်ဈေးကွက်ကို ဥရောပနိုင်ငံတွေ ထိန်းချုပ်မှုကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ ၁၉၂၂-၂၃ က ဝါရှင်တန် ရေတပ်မူဝါဒဟာ ဒေသအတွင်းမှာ ဂျပန်ရေတပ်အင်အားကြီးနိုင်ငံ မဖြစ်လာရအောင် ဟန့်တားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ဟာ အရှေ့အာရှ ဂျပန်ကြီးစိုးရေးကို တိုက်ဖျက်တာပါ။ ကိုးရီးယားစစ်ပွဲ၊ ဗိယက်နမ်စစ်ပွဲတွေဟာ ဒေသတွင်းမှာ ကွန်မြူနစ်ဝါဒ ပျံ့နှံ့ကြီးစိုးရေးကို ဟန့်တားတာ ဖြစ်ပြီးတော့ စစ်ရေးကာလ စောစောပိုင်း အာရှတလွှား အမေရိကန် အထောက်အပံ့တွေကလည်း ကွန်မြူနစ်သူပုန်ထမှု၊ ကျူးကျော်မှုတွေကို တားဆီးရေး ဖြစ်ပါတယ်။ ဆိုတော့ အရှေ့အာရှမှာ တရုတ် ဗိုလ်ကျစိုးမိုးရေးကို ကျနော်တို့ မကြိုက်ပါဘူး။ အမေရိကန် မကြိုက်ပါဘူး။ စီးပွားရေးအရ အမေရိကန် တိုးတက်ထွန်းကားသလို၊ တရုတ်နိုင်ငံကိုလည်း တိုးတက်ထွန်းကားစေချင်ပါတယ်။ တခြားနိုင်ငံတွေကိုလည်း အောင်မြင်စေချင်ပါတယ်။ တနည်းပြောရရင် အရှေ့အာရှဒေသအတွင်းမှာ အင်အားချိန်ခွင်လျှာ ညီမျှရေးကို လိုလားပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မြစ်ဆုံကိစ္စကို ပြန်ကောက်ပါရစေ။ မြစ်ဆုံကိစ္စအတွက် အမေရိကန်က ရပ်တည်ချက် (၃) ချက် ရှိတယ်။ သဘာဝပတ်ဝန်းကျင် နိုင်ငံတကာစံနဲ့ ကိုက်ညီရမယ်။ လူမှုရေးအခြေအနေ နိုင်ငံတကာစံနဲ့ ကိုက်ညီရမယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီတော့ အခုလောလောဆယ်မှာ ဒီ (၃) ချက် တခုမှ မကိုက်ညီဘူး။ တရုတ်တို့ လုပ်နေတာကို ကျနော်တို့ သိရပါတယ်။ အထောက်အထာ အခိုင်အလုံနဲ့ကို သိရတာပါ။ ဒါပေမဲ့ ဒါတွေကို တရုတ်က ဂရုမစိုက်ဘဲ၊ လက်လိမ်ချိုး လုပ်လာခဲ့ရင် အမေရိကန်ပြည်ထောင်စုက ဘာပြောမလဲ။ ဘာလုပ်မလဲ။

Prof. Steinberg ။ ။ တရုတ်တွေကို ဆက်မလုပ်နဲ့ မပြောဘဲ၊ မြန်မာပြည်သူတွေသာ ဆုံးဖြတ်သင့်တယ်လို့ပဲ ပြောရမယ် ဖြစ်ပါတယ်။ မလုပ်ဘူးလို့ မြန်မာတွေက ဆုံးဖြတ်ရင် တရုတ် စိုက်ထားပြီသမျှ ဘယ်လို လုပ်မလဲ။ တရုတ်နဲ့ ညှိကြရမှာပါ။ တကယ်လို့သာ ဒီလို ညှိနှိုင်းတာ သဘောတူညီမှု မရဘူးဆိုရင် ကမ္ဘာတရားရုံး၊ နိုင်ငံတကာ သမာဓိခုံရုံး၊ ကုလသမဂ္ဂ တို့ကို တင်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဒီဆုံးဖြတ်ချက်မှာ ဝင်ပါလိမ့်မယ် မထင်ပါဘူး။ မြန်မာပြည်သူ မြန်မာအစိုးရကပဲ ဒီပြဿနာမျိုးမှာ တရုတ်နဲ့ ရင်ဆိုင်ကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ တရုတ်တို့က လျော်ကြေးတောင်းတာ အဆမတန် မြင့်မားနေမယ်ဆိုရင်ကော။

Prof. Steinberg ။ ။ ဒီအတွက်လည်း နိုင်ငံတကာ ခုံရုံး ရှိပါတယ်။ ကျနော် နာမည် မေ့နေပါတယ်။ ဒီခုံရုံးကနေ ငွေကြေးပမာဏကို ဘယ်ရွေ့ဘယ်မျှ ပေးချေးရမယ်။ ဘယ်အချိန်အတိုင်းအတာနဲ့ ပေးရမယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီငွေကြေး ပမာဏကို မြန်မာ မတတ်နိုင်ဘူးဆိုရင် အမေရိကန်က ငွေကြေးအရ တနည်းနည်းနဲ့ ကူညီနိုင်မယ့် အလားအလာ ရှိလား။ ဒါလဲ မြန်မာပြည်သူတချို့က စိတ်ဝင်စားလို့ ကျနော် မေးတာပါ။

Prof. Steinberg ။ ။ ဒါကတော့ အချက်အလက်ကို အခြေမခံဘဲ ထင်ကြေးတောင်းတဲ့ မေးခွန်းမျိုးပါ။ အမေရိကန်ပြည်ထောင်စုက ဒီလို မေးခွန်းမျိုးကို ဖြေလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။

XS
SM
MD
LG