ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ NLD အစိုးရအနေနဲ့ (၂၁) ရာစု ပင်လုံညီလာခံတရပ်ကို လပိုင်းအတွင်းခေါ်ယူမယ်လို့ ပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတရပ်လုံး နှစ်ထောင်းအားရကြိုဆိုကြမဲ့ ဒီညီလာခံ ပီပီပြင်ပြင်ဖြစ်ထွန်းရေး အောင်မြင်ရေး တို့အတွက် ဘယ်လို စိမ်ခေါ်မှုတွေ ရှိနေသလဲ၊ ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို တိုင်းရင်းသား ပြဿနာလေ့လာသုံးသပ် ရေးသားနေတဲ့ စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ NLD အစိုးရရဲ့ တကယ့်လက်တွေ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က (၂၁) ရာစု ပင်လုံခေါ်ယူပြီးတော့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းမယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးကိုတောင်မှ ဘယ်သူကို မပါစေချင်ဘူး။ ဘယ်အဖွဲ့နဲ့ မဆွေးနွေးနိုင်ဘူးဆိုပြီး အထူးသဖြင့် စစ်တပ်ဘက်က အဲဒီလို ပြောနေလေတော့၊ ပင်လုံညီလာခံ ခေါ်တဲ့အခါမှာ တိုင်းရင်းသားအင်အားစုတွေအားလုံး ပါဝင်နိုင်ပါ့မလားဆိုတဲ့ အခက်အခဲတခု။ ဒုတိယတခုက မူအားဖြင့် တိုင်းရင်းသားတချို့ကဆိုရင် အရင်လွတ်လပ်ရေးယူပြီးတဲ့အခါမှာ လုပ်ခဲ့ကြတဲ့အတိုင်း ရှစ်ပြည်နယ်ပဲ လုပ်ချင်တယ်။ အခုကြတော့ ပြည်နယ်နဲ့ Equal တိုင်းတွေကို ခုနှစ်ခု ပေးထားတယ်ဆိုတော့ ဒါကို လက်မခံနိုင်တဲ့သဘောလဲ ရှိနေပါတယ်။ အဲဒါကတော့ သဘောတရားပိုင်းပေါ့။ အခုလက်တွေ့မှာ တိုင်းရင်းသားတွေအားလုံးကို စားပွဲဝိုင်းကို ခေါ်နိုင်ပါ့မလားဆိုတဲ့ဟာကို ကျနော် ပထမဦးဆုံး မေးချင်ပါတယ်။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းရဲ့ စေတနာအားလုံး ပါစေချင်တယ်။ ဒါပေမဲ့ သူ တကယ်လုပ်နိုင်မလား။ မလုပ်နိုင်လား ဆိုတဲ့အပေါ်မှာ စစ်တပ်ရဲ့ သူနဲ့အတူတူ ပါဝင်လုပ်ဆောင်မှုအပေါ်မှာ အများကြီး မူတည်တယ်။
ဦးကျော်ဇံသာ ။ ။ အားလုံးမပါဝင်နိုင်ဘူးဆိုရင် (၂၁) ရာစု ပင်လုံ ကျင်းပတာ အနှစ်သာရ ရှိပါ့မလား။ ဘယ်လို ထင်ပါသလဲ။
ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်လို့ အားလုံးမပါဝင်ဘူးဆိုရင်တော့ အဲဒီ ပင်လုံညီလာခံက အဓိပ္ပါယ်သိပ်ပြီးပြည့်စုံမယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ အခုန ပြောနေတဲ့ အပစ်အခတ်ရပ်စဲရေးမှာတောင်မှ ဟိုအဖွဲ့မပါရ၊ ဒီအဖွဲ့မပါရ။ စစ်တပ်က ကန့်သတ်နေတဲ့အခါကြတော့ Agenda တခုလုံးကို သူတို့က မောင်ပိုင်စီးပြီးတော့ စီမံချင်တဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်။ အဲဒါက တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် အဲဒီ ပင်လုံညီလာခံတခုခေါ်တယ်ဆိုတာက သူက ပါဝင်မယ့်လူတွေနဲ့ အဲဒီအယူအဆကို ဖြစ်ထွန်းအောင်လုပ်ချင်တဲ့ လူတွေက ပေါင်းပြီးတော့ သူတို့ရဲ့ .. program ဖြစ်ဖို့ လုပ်တာ။ အခုကြတော့ သူက ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ် ဦးစီးပြီးလုပ်တယ်ဆိုလို့ရှိရင် သူတို့ပိုင်တဲ့ Concept တခု ဖြစ်နေတယ်။ အဲဒါကြောင့် အားလုံးအတူတူ ပေါင်းပြီးရေးဆွဲတဲ့ Agenda တခု ဖြစ်ဖို့လိုတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အားလုံးအတူတူ ပေါင်းနိုင်ဖို့အတွက် အခု အပစ်မရပ်သေးတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ အပစ်ရပ်တိုင်းရင်းသားတွေ အကုန်လုံး မျက်နာစုံညီ ဆွေးနွေးပြီးတော့ ညှိနှိုင်းကြဖို့ ပထမအဆင့်အနေနဲ့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ဟုတ်တယ်။ အဲဒါက လုံးဝလိုအပ်တယ်။ တကယ်လို့ ကျနော်တို့က AA ပဲဖြစ်ဖြစ်၊ ကိုးကန့်လို့ခေါ်တဲ့ MNDAA ပဲဖြစ်ဖြစ်၊ သူတို့ကို ချန်ထားခဲ့မယ် ဆိုလို့ရှိရင် အဲဒီ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးဆိုတာ အဓိပ္ပါယ်မရှိဘူး ဖြစ်သွားမယ်။ အဲဒါကြောင့်မို့ အရင်တုန်းက တယောက်နဲ့တယောက် နာကျည်းတာတွေ၊ စစ်ရေးအရ ထိခိုက်မှုရှိလို့ ကလဲ့စားချေချင်တာတွေ အားလုံး ပြည်ဖုံးကားချပြီးမှ အားလုံးကို ဖိတ်ခေါ်ပြီး၊ ထိုင်ပြီး စကားပြောမှ ဖြစ်မယ့်ကိစ္စ ဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ စိုင်းဝမ်ဆိုင်းပြောတဲ့ အကုန်လုံး သဘောတူညှိနှိုင်းထားတဲ့ Agenda တခု၊ မူတခုကို ကြိုတင်ချမှတ်ဖို့ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ အဲဒီလို မဖြစ်နိုင်ရင် (၂၁) ရာစု ပင်လုံဆိုတာ ပေါ်ပေါက်နိုင်ပါ့မလား။
ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်လို့ အခုန ပြောသလို All Inclusive ကို အားလုံးပါဝင်နိုင်တဲ့ အနေအထားမျိုး မရှိဘူးဆိုလို့ရှိရင် (၂၁) ရာစု ပင်လုံဆိုတာလဲ ဘာမှအဓိပ္ပါယ်မရှိ ဖြစ်သွားမယ်။ ရည်ရွယ်ချက်ကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ တကယ်တမ်း လုပ်ဖော်တဲ့အခါကြတော့ မဖြစ်နိုင်ဘူး၊ ဖြစ်သွားမယ်လေ။
ဦးကျော်ဇံသာ ။ ။ တချို့ AA, MMDAA တို့ကို စစ်တပ်က မခေါ်ချင်၊ မပြောချင်တာက စောစောက စိုင်းဝမ်ဆိုင်း ပြောသွားတဲ့ ငါတို့က စစ်ရေးအရ ခံထားရတဲ့အတွက်ကြောင့် ဒီကောင်တွေကို လက်စားချေပြီး အနိုင်ရမှ၊ ငါတို့ ဆွေးနွေးချင်တယ်ဆိုတဲ့ အဲဒီလို စိတ်ဓါတ်မျိုးနဲ့ လက်မခံဘူးလို့ ထင်သလား။
ဦးစိုင်းဝမ်ဆိုင်း ။ ။ အဲဒါလဲ အချက်တခု ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်တင်မကဘဲနဲ့ သူတို့က နယ်စပ်မှာ ရှိနေတဲ့ ကိုးကန့်၊ ဝ၊ မုန်းလားတို့ကို သူတို့က Portray လုပ်ချင်တာ၊ ရုပ်လုံးဖော်ချင်တာက သူတို့ဟာ နိုင်ငံခြားရဲ့ Proxy နိုင်ငံခြားရဲ့ လွှမ်းမိုးမှုမကင်းတဲ့ အဖွဲ့အစည်းတွေလို့ ရုပ်လုံးဖော်ချင်တယ်။ အဲဒီလို ရုပ်လုံးဖော်ချင်အားဖြင့် သူတို့ရဲ့ မဟာဗမာလို့ပဲခေါ်ခေါ်၊ ဗမာ Nationalism ကို မြှင့်တင်ချင်တယ်။ အဲဒီလို မြှင့်တင်ချင်ပြီးတော့ ရန်သူပုံရိပ်ကို အဲဒီလို ထောင်ထားလို့ရှိရင် စစ်တပ်မှာ သူတို့က လုပ်စရာကိုင်စရာ စိုးမိုးချယ်လှယ်နိုင်တယ်။ သူတို့ရဲ့ စစ်ရေးအရ ပါဝင်စွက်ဖက်မှုတွေ အမြဲတမ်း လုပ်နိုင်တဲ့အခါကြတော့ သူတို့က နိုင်ငံရေးအနေအထားမှာလည်း သူတို့က အသားစီးမှု ရမယ်လို့ အရင်ပုံစံအတိုင်း တွက်ထားတဲ့အပေါ် ဒီလိုမျိုး ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ (၂၁) ရာစု ပင်လုံ ဖြစ်လာနိုင် မဖြစ်လာနိုင်ဆိုတဲ့ ပထမအဆင့်ကို ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ နောက်တဆင့်တက်ပြီး ဆွေးနွေးဖြစ်ပြီ ထားပါတော့၊ မူအားဖြင့် သဘောတူညီမှု ရရှိရေး။ ဗမာအပါအဝင် ရှစ်ပြည်နယ်ပဲ လိုချင်တယ်ဆိုတဲ့ တိုင်းရင်းသားတွေနဲ့ အခု ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုပ်ခဲ့တဲ့ ပြည်မကို ဟိုတုန်းက Burma Proper ကို ပြည်နယ်တွေနဲ့ တန်းတူညီမျှတဲ့ (၇) နယ်။ အခုဆိုရင် တိုင်းဒေသကြီးပေါ့။ နောက် တိုင်းရင်းသား (၇) ပြည်နယ် လုပ်ထားတဲ့ကိစ္စ။ ဒီကိစ္စကိုကော သဘောတူနိုင်မယ့် အလားအလာ ရှိပါ့မလား။ အတော်လေး ညှိနှိုင်းရမယ့် ကိစ္စလို့ ထင်ပါတယ်။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒီကိစ္စက တကယ်တမ်းက တော်တော်လေးကို နက်နဲတယ်။ နက်နဲရတဲ့အကြောင်းရင်းကလဲ တိုင်းရင်းသားတွေက (၇) ပြည်နယ်။ ဗမာအများစုက (၇) တိုင်းနဲ့ သူက ပြန်ပြီး Balance လုပ်ထားတာ။ အဲဒီလို လုပ်ထားတော့ ကျနော်တို့က တိုင်းရင်းသားတွေရဲ့ ရှိတဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ Veto အာဏာက လုံးဝမရှိတော့ဘူး။ မရှိတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသား နိုင်ငံရေးကို ဂဃနဏ လေ့လာတဲ့ တိုင်းရင်းသားတွေအနေနဲ့ လုပ်ချင်တဲ့ ပြည်ထောင်စုက Ethnic Based ပြည်ထောင်စု ဖြစ်တဲ့အတွက်ကြောင့်မို့ ဗမာလည်း ပြည်နယ်တခု ဖြစ်သင့်တယ်လို့ သူတို့က အဲဒီလို အကြံဉာဏ်ပေးတာ။ ဒီအကြံဉာဏ်ကြီးကို လက်ခံဖို့ဆိုတာက ဗမာလူများစုကလည်း ကျနော်တို့က လူများစု ဖြစ်ရဲ့သားနဲ့ အသံတသံပဲ ရသလားဆိုပြီး အကြောက်အကန် ငြင်းတဲ့အပိုင်းအနေနဲ့ ရှိတာပေါ့။ အများအားဖြင့် အာဏာရနေတဲ့ ဗမာနိုင်ငံရေး လူတန်းစားတွေ၊ နောက်ပြီး စစ်တပ်ထဲက Ethnocentric မဟာလူမျိုးကြီးဝါဒ ဝင်နေတဲ့လူတွေက အဲဒါကို အကြောက်အကန် ငြင်းကြမှာ။ ဒီပြဿနာက လွယ်လွယ်ကူကူနဲ့ ဖြေရှင်းဖို့ ခက်မယ်။ လောလောဆယ်မှာ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ (၂၁) ရာစု ပင်လုံဆိုတာ လုပ်အုံးတော့၊ ခေါ်ဖြစ်အုံးတော့ အောင်မြင်ဖို့ အလားအလာ သိပ်မရှိဘူးဆိုတဲ့ သဘော ဖြစ်နေတာပေါ့။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ကျနော်တို့က အဲဒီ Ethnic Based Union ကို ကျနော်တို့က လက်ခံမယ်ဆိုလို့ရှိရင်တော့ (၂၁) ရာစု ပင်လုံညီလာခံကြီး ညီညီမျှမျှဖြစ်ဖို့ အင်မတန် ခဲယဉ်းလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စကို နှစ်ဘက်စလုံးက အလျှော့အတင်း မလုပ်နိုင်ကြဘူးပေါ့။ တိုင်းရင်းသားတွေဘက်ကကော Ethnocentric Federation မဟုတ်ဘဲနဲ့
ဦးစိုင်းဝမ်ဆိုင်း ။ ။ တကယ်တမ်းက အခုနောက်ဆုံး စာတမ်းတခု ထွက်လာတယ်။ Robert Taylor ပြောတာက Decentralization ပိုပြီး၊ Devolution လို့လဲ ခေါ်လို့ရတယ်။ အဲဒါကို ခုနှစ်ပြည်နယ်၊ ရှစ်ပြည်နယ်၊ ဆယ့်လေးပြည်နယ် လုပ်မယ့်အစား ၇၄ ခရိုင်လောက် လုပ်လိုက်ရင် မကောင်းဘူးလားလို့ အဲဒီလိုမျိုး အကြံဉာဏ်မျိုးပေးတယ်။ ဆိုတော့ ကျနော် ထင်တာလဲ နည်းလမ်းကောင်းတခုပဲ။ Decentralization ကို ရှစ်ပြည်နယ်၊ ဆယ့်လေးပြည်နယ်လောက် မသတ်မှတ်ပဲ ဒီထက်ပိုပြီး အာဏာတွေ ခွဲဝေလိုက်မယ်ဆိုရင် Ethnic Based Federalism ထက်ပိုပြီး ကောင်းများကောင်းလာလေမလားလို့ အဲဒီလိုမျိုး သီအိုရီအရ စဉ်းစားတဲ့ အတွေးအခေါ်မျိုးလည်း အခုလောလောဆယ် ရှိတာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဥပမာ ရှမ်းပြည်နယ် ဆိုကြပါစို့။ ရှမ်းပြည်နယ်ထဲမှာ တခါ တခြားတိုင်းရင်းသားတွေက သီးခြားပြည်နယ် လုပ်ချင်တာတို့ဘာတို့ ရှိနေပါတယ်။ အဲဒီကိစ္စကကော ဘယ်လို ညှိကြမလဲ။ ဒီကိစ္စကော ပြေလည်နိုင်မလား။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ဒီကိစ္စက ရှမ်းပြည်တပြည်နယ်ထဲနဲ့ ညှိလို့မရဘူး ဖြစ်မယ်။ တကယ်တမ်းက ဖယ်ဒရယ်နိုင်ငံတခုကို အနည်းဆုံး ရှစ်ပြည်နယ် Base လုပ်ပြီး တည်ထောင်နိုင်ပြီဆိုရင် ထပ်ပြီးပြည်နယ်အသစ် သူတို့ လိုချင်တာကို ပေးဖို့အတွက် Criteria တွေ လိုတဲ့ စံချိန်စံညွှန်းတွေ အတူတူပေါင်းထိုင်ပြီး အဲဒါတွေ ရေးရမှာ။ အားလုံးသဘောတူ ရေးဆွဲပြီးရင် စံချိန်စံညွှန်းနဲ့ ညီတယ်ဆိုရင်တော့ ပြည်နယ်လိုချင်တယ်ဆိုရင်လဲ ပြည်နယ် ပေးလိုက်လို့ ရတာပဲ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားတွေကို ပါဝင်လာအောင် လုပ်နိုင်ဖို့ကိစ္စ။ နောက်ပြီးတော့ ပြည်နယ်အရေအတွက် ဘယ်လောက် သတ်မှတ်မလဲဆိုတဲ့ ကိစ္စတို့။ အဲဒီ ပြည်နယ်တခုဖြစ်ဖို့အတွက် Criteria သတ်မှတ်ဆုံးဖြတ်ဖို့ကိစ္စတွေ အားလုံးပေါင်းလိုက်ရင် အတော်တော့ ခက်ခဲတဲ့ ကိစ္စတခုလို့ ထင်ပါတယ်။ ဒီ (၂၁) ရာစု ပင်လုံညီလာခံ အောင်မြင်ပြီးမြောက်ရေးဆိုတာ။ ဘယ်လောက်အထိ အကောင်းမြင်ပါသလဲ။ အားလုံးလွှမ်းခြုံပြီးတော့ ကြည့်မယ်ဆိုရင်တော့။ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်က သိပ်အချိန်မဆွဲနေဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ လပိုင်းအတွင်းမှာ သူတို့လုပ်သွားမယ်၊ ဘာညာ ပြောနေတယ်။ အဲဒီလောက်အထိ ဖြစ်လာနိုင်မယ် ထင်ပါသလား။ သို့တည်းမဟုတ် အဲဒါဟာ Lip service နှုတ်စကားကတိပေးတာလောက်ပဲ ဖြစ်နေလေသလားဆိုတာကို နည်းနည်းသုံးသပ်ပေးပါ။
ဦးစိုင်းဝမ်ဆိုင်း ။ ။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်း အခုန ကျနော်တို့ ဦးကျော်ဇံသာနဲ့ ဆွေးနွေးခဲ့တဲ့ အချက်နှစ်ချက်သုံးချက်လောက်ကိုက ပြဿနာက တော်တော်ကြီးနေပြီ။ အဲဒီ ပြဿနာတွေကို ကျနော်တို့ ကျေကျေလည်လည် ဆွေးနွေးဖို့အတွက်ဆိုရင် အခုန ပြောသလိုပဲ Joint Process တခုဖြစ်အောင် ဘာမှ Pre-condition မရှိဘဲနဲ့ အဲဒီ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့လူတွေအားလုံးကို ခေါ်ပြီး၊ စဉ်းစားကြမယ်ဆိုလို့ရှိရင်တော့ တဆင့်ဆီတော့ သွားလို့ ရနိုင်မယ်လို့တော့ ကျနော်ထင်တယ်။ ဒါပေမဲ့ အရေးကြီးတာတော့ အဲဒီ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ အခုနပြောတဲ့ ပြဿနာတွေကို အကုန်လုံး ရုန်းကန်ရမယ်ဆိုရင်တော့ ခက်မယ်။ ကျနော်ထင်တာကတော့ သီအိုရီအရ သူကို အထောက်အပံ့ပေးနိုင်မယ့် Body တခုတော့ လိုမလားလို့ အခုန ကျနော်တို့ပြောတဲ့ဟာတွေကို ကျော်လွှားနိုင်ဖို့အတွက်။