သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံ နောက်ဆက်တွဲ ပဋိပက္ခများ


ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အခုတလော စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတချို့အကြား၊ တိုင်းရင်းသားအင်အားစု အချင်းချင်းအကြား တိုက်ပွဲတွေ ပဋိပက္ခတွေ ပြန်ဖြစ်လာတာကိုကြည့်ရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူကျင်းပခဲ့တာဟာ လတ်တလောမှာ အကျိုးျအမြတ်ထက် ငုတ်လျှိုးနေတဲ့ ပြဿ နာတွေကို ပေါ်ထွက်လာစေတယ်လို့ ဆိုနိုင်ပါသလား။ မြန်မာ့အရေးသုံးသပ်သူတွေဖြစ်ကြတဲ့ ကိုအောင်သူငြိမ်း ကိုဝင်းမင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးတဲ့နောက် ပြည်သူတွေကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတယ်။ သဘောတူညီမှုရပြီ။ ရှေ့ဆက်စရာ အခြေခံတော့ ရသွားလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အခု အဲဒီ ညီလာခံ ကျင်းပပြီးတဲ့နောက်ပိုင်းမှာပဲ တိုင်းရင်းသားဒေသတချို့နဲ့ စစ်တပ်အကြားမှာ တင်းမာမှုတွေ ဖြစ်လာတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တဲ့အတွက်ကြောင့် တိမ်ရှောင်နေရတဲ့ ရွာသားတွေ အများကြီး ရှိလာခဲ့တယ်ဆိုတော့ ပထမဦးဆုံး မေးချင်တာက ဘာကြောင့် ဒီငြိမ်းချမ်းရေး အခြေအနေဟာ အလားအလာကောင်းတဲ့ဘက်ကို မရွေ့လာဘူးလို့ ထင်လဲ။ (၂၁) ပင်လုံမှာကတည်းက အခြေခံ သဘောတူညီမှုတခုမှ မရရှိခဲ့တဲ့ သဘောလား။

ကိုအောင်သူငြိမ်း ။ ။ ကျနော်တို့အမြင်က ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံညီလာခံ လုပ်တဲ့အခါကြတော့ တဖွဲ့နဲ့တဖွဲ့ ဘာသဘောထားမှ တူညီမှု ရယူကြတာမျိုး မရှိပါဘူး။ မရှိတဲ့အခါကြတော့ တဖြည်းဖြည်း တိုက်ပွဲတွေကလည်း ပိုဖြစ်လာတယ်။ ကြားထဲမှာ သဘောထား ကွဲလွဲစရာတွေ ရှိလာတဲ့ အနေအထားမျိုးတွေ ရှိလာပါတယ်။ အဲဒီ အနေအထားနဲ့ ပတ်သက်ပြီးတော့ ကျနော့်အမြင်က စိုးရိမ်စရာလည်း ရှိပါတယ်။ ဒီထက်ပိုပြီးတော့ လုပ်သင့်တဲ့အနေအထားမျိုး ရှိမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အရေးပေါ် ဘာလုပ်သင့်သလဲလို့ မမေးခင်မှာ (၂၁) ရာစု ပင်လုံ လုပ်ခဲ့ကြကတည်းက လူတချို့က တပ်မတော်ရဲ့ သဘောထားကို နည်းနည်း မေးခွန်းထုတ်ချင်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်ဘက်စလုံးကို ညှိနှိုင်းလို့ ဖြစ်မယ်ဆိုတဲ့အမြင်၊ အကောင်းမြင်စိတ်နဲ့ ကျင်းပခဲ့တယ်။ အဲဒီလို ခေါ်ယူကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို ပြန်ပြောစရာတွေ့လဲ။

ကိုအောင်သူငြိမ်း ။ ။ နှစ်ဘက်စလုံးကတော့ စဉ်းစားစရာအချက်တွေ ရှိပါတယ်။ အခုအနေအထားမှာတော့ မေးခွန်းထုတ်စရာ အခြေအနေမျိုးအထိ ရောက်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ အထူးသဖြင့် တပ်မတော်ကနေပြီးတော့ တိုက်ပွဲတွေ ဖြစ်လာမယ့်ကိစ္စမျိုးတွေ ရှိပါတယ်။ နောက်တခါကြတော့ (၂၁) ပင်လုံ ပြီးတဲ့နောက်ပိုင်းမှာပဲ တိုင်းရင်းသားအဖွဲ့အစည်းကြားထဲမှာလည်း ဒီထက်ပိုပြီးတော့ ပြဿနာတွေ ဖြစ်လာတဲ့အနေအထားမျိုးတွေ ရှိပါတယ်။ အဲဒီအနေအထားမျိုးတွေကတော့ ဒီထက်ပိုပြီးတော့ စိုးရိမ်စရာ အခြေအနေတော့ ရှိလာတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း သဘောထားကိုလည်း သိချင်ပါတယ်။ အခု တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ကိစ္စ။ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို ပထမဦးဆုံး အကြမ်းမျဉ်းလေး သုံးသပ်ပါအုံး။

ကိုဝင်းမင်း ။ ။ အဓိကတော့ တပ်မတော်ဘက်မှာရှိတဲ့ စဉ်းစားချက်တခုပေါ့။ အခု ဒီတိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ ပြီးခဲ့တဲ့ ပင်လုံညီလာခံကို လာတက်ခဲ့သော်လဲ NCA တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးသေးတဲ့အတွက် ထိုးလာအောင် စစ်ရေးအရ ဖိအားပေးရမယ်လို့ သူတို့ စဉ်းစားထားချက် ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာက အဲဒီလို တိုက်လိုက်တဲ့အတွက် လက်မှတ်ထိုးဖို့ အနေအထားက ပိုပြီး ခက်ခဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေဘက်က ယုံကြည်မှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ဘက်က နောက်သဘောထားတခုက ဘာရှိနေလဲဆိုတော့ စေ့စပ်ရေးတွေ မပြေလည်လို့ ဥပမာ NCA လက်မှတ်မထိုးလို့ တချိန်ပြန်တိုက်ရတယ်ဆိုပါတော့ အဲဒီအချိန်မှာ တပ်မတော်အနေနဲ့ နယ်မြေအသာစီးရဖို့ လိုချင်ပါတယ်။ တိုင်းရင်းသားတွေ နယ်မြေတွေ၊ တပ်တွေ အများကြီး ရှိနေမယ့် အနေအထားမျိုးကို သူတို့ စိုးရိမ်လေ့ ရှိပါတယ်။ နောက်တချက်က ဒီနယ်မြေတွေထဲမှာ သယံဇာတတွေ အများကြီး ကျွယ်ဝနေတဲ့အခါကြတော့ နယ်မြေပိုရလေလေ၊ သယံဇာကနေရတဲ့ အမြတ်တွေကလည်း များလေလေ ဖြစ်တဲ့အတွက် ဒါကိုတော့ နှစ်ဘက်စလုံးက အပြိုင်အဆိုင် လိုချင်ကြတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တပ်မတော်ရဲ့ အမြင် (၃) ချက် ကိုဝင်းမင်း သုံးသပ်ပြတာ ပထမတခုက စစ်ရေးနဲ့ ပတ်သက်တယ်။ နောက်တခုက စီးပွားရေးနဲ့ ပတ်သက်တယ်။ ဆိုတော့ နိုင်ငံရေးအမြင် သူတို့ အားနည်းတာပေါ့။ သူတို့ဘက်က မြင်ထားတာ။ တကယ်တော့ ပြည်ထောင်စုသားတွေ ညီညွှတ်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ် (Democratic Federal) ပြည်ထောင်စုမျိုး၊ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုမျိုး တည်ထောင်နိုင်မှ နိုင်ငံရေးအားဖြင့် ပိုပြီးတော့ ရှေ့ကို ရွေ့လာမယ်။ အချိန်တွေ အားလုံးကောင်းလာမယ်။ နိုင်ငံရေးအားဖြင့်တော့ သူတို့ သိပ်မတွေးဘူးပေါ့။

ကိုဝင်းမင်း ။ ။ ဒီနေရာမှာတော့ တပ်မတော် တပ်တွေရဲ့ သဘောထား။ နိုင်ငံရေးတခုလုံးကို စဉ်းစားကြတာတော့ အားနည်းလေ့ ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေးတခုလုံး၊ ဖယ်ဒရယ် ပြည်ထောင်စု၊ တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံး မျှဝေပြီးတော့ နှစ်ဘက်ပြေလည်အောင် စဉ်းစားသော်လဲ တပ်မတော်တွေကတော့ သူတို့ရဲ့ တိုက်ပွဲတွေ၊ သေရေးရှင်ရေး၊ နယ်မြေစိုးမိုးရေး ဒါတွေက သူတို့အတွက် အဓိက ရည်မှန်းချက် သွားဖြစ်နေပြီး တတိုင်းပြည်လုံးအနေအထား၊ ငြိမ်းချမ်းရေးတခုလုံးရဖို့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဆိုတာက ဒုတိယဦးစားပေး ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်အနေနဲ့ စဉ်းစားဖို့ လိုတာကတော့ တိုက်ပွဲသေးသေးလေးတွေကို ကြည့်မလား။ တတိုင်းပြည်လုံး ငြိမ်းချမ်းမှာကို ယူမလား။ အနာဂတ်မှာ ဘယ်လို ပုံဖော်ချင်လဲ။ တပ်မတော်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက ဒီနေရာမှာ ဆုံးဖြတ်ချက် ပေးရမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခုခု အဖြေရှာသင့်တယ်လို့ ထင်တယ်လို ကိုအောင်သူငြိမ်း စောစောကပြောတယ်။ ဘယ်လို အဖြေမျိုး ရှာသင့်ပါလဲ။ အခု ကြားကာလမှာ။

ကိုအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ ကျနော်တို့ တိုင်းပြည်မှာ ဖယ်ဒရယ်စနစ် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအသီးသီးက သဘောတူထားမှုတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို ဖယ်ဒရယ်မျိုးကို တည်ဆောက်မလဲ။ နောက်တခုက တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ သို့မဟုတ် ပညာရေးကိစ္စနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ အစိုးရအဖွဲ့တွေနဲ့ ပေါင်းစည်းမှု Convergent လို့ ခေါ်ပါတယ်။ အဲဒီလို အနေအထားမျိုးတွေမှာလဲ ဘယ်လို ရှိပါလဲ။ အဲဒီအနေအထားတွေနဲ့ ပတ်သက်လို့ အခုလောလောဆယ် အချိန်ထိတော့ မူတွေ မပြတ်သားသေးဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူတွေ အဓိက မေးခွန်းထုတ်ကြတာကတော့ စစ်တပ်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ဆိုတော့ တကယ်လို့ သူတို့ဘက်ကသာ မှန်ကန်တဲ့ သဘောထား၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ဖြစ်နိုင်တယ်လို့ တွက်ကြပါတယ်။ ကိုအောင်သူငြိမ်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာပြောချင်ပါလဲ။ စစ်တပ်ပေါ်မှာ ကိုအောင်သူငြိမ်း အမြင်ကြည်လင်ပါလား။ သူတို့ တိုင်းရင်းသား ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်တယ်။ အစစ်အမှန် လိုချင်တဲ့ ဆန္ဒ ရှိနေကြပြီ Political Will သူတို့မှာ ရှိနေကြပြီလို့ ထင်ပါလား။

ကိုအောင်သူငြိမ်း ။ ။ ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံ အစည်းအဝေးကစလို့ အဖွဲ့အစည်းပေါင်းစုံကနေ သူတို့ရဲ့ သဘောထားပေါင်းစုံကို ပြောပြနိုင်တဲ့ အနေအထားမျိုး ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ပြောရတာကတော့ Pandora Box ကျနော်တို့မှာ သေတ္တာကြီးတခုကို ဖွင့်လိုက်သလိုပဲ … အခြေအနေက ပေါင်းစုံ ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို ရောက်သွားခဲ့ပါတယ်။ အဲဒီလို ရောက်သွားတဲ့ အနေအထားမှာတော့ တပ်မတော်ဘက်က ဘယ်လို ရပ်တည်မလဲ။ တိုင်းရင်းသားတွေဘက်က ဘယ်လောက်ထိ ရှေ့ကိုဆက်တိုးကြမလဲ။ ဒီလို အနေအထားမျိုးကတော့ ဖြစ်လာခဲ့ပါတယ်။ အဲဒီ အနေအထားနဲ့ တပြိုင်နက်ထဲမှာပဲ စိုးရိမ်စရာတွေလည်း ရှိလာတယ်လို့ ကျနော်တို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ငြိမ်းချမ်းရေးညီလာခံ ပထမတကြော့ ကျင်းပလိုက်ပြီးနောက်မှာ More questions than answers - အဖြေထက် မေးစရာ ပိုထွက်လာတယ်လို့ ဆိုရမှာပေါ့။ ဒီညီလာခံပြီ နောက်တကြိမ် မခေါ်ခင်ကြားမှာလဲ နိုင်ငံရေးအားဖြင့် ညှိနှိုင်းတဲ့ အစည်းအဝေးတွေ လစဉ်ကျင်းပသွားမယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကော အလားအလာ ဘယ်လို ကြားပါလဲ။

ကိုအောင်သူငြိမ်း ။ ။ အခုအချိန်မှာတော့ National Dialogue လို့ခေါ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲမှာ ဆက်ပြီးတော့ ဆွေးနွေးစရာကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ ဘယ်လောက်အထိ ဆွေးနွေးပွဲတွေက ရှေ့သွားနေလဲ။ အခုလို စိုးရိမ်မှုတွေကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲ မေးခွန်းထုတ်ရမယ့် အနေအထား ရှိလာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒုတိယတကြော့ ကျင်းပဖို့ အစည်းအဝေး ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဲဒီအကြော့ထိ ရောက်လာနိုင်မယ့် အခြေအနေ ရှိပါသေးရဲ့လား။

ကိုအောင်သူငြိမ်း ။ ။ ပထမအကြိမ် ညီလာခံအပြီးမှာ နောက်ထပ် ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလလောက် ကာလမှာ ဒုတိယအကြိမ် ညီလာခံ ဆက်ပြီးတော့ ကျင်းပဖို့ ရှိပါတယ်။ အဲဒီညီလာခံမှာတော့ ဘယ်လောက်အထိ ကျနော်တို့ ရှေ့ဆက်တိုးနိုင်မလဲ။ တိုင်းရင်းသားအင်အားစုတွေ ပါလာမလဲ။ အဲဒီလို အနေအထားကတော့ ဆက်ပြီးတော့ ကျနော်တို့အနေနဲ့ စိုးရိမ်စရာ ပိုပြီးတော့ ရှိလာပါတယ်။ ရှိလာတယ်ဆိုတာ ဘယ်လောက်အထိ ကျနော်တို့ ရှေ့ဆက်ပြီး စည်းရုံးနိုင်မလဲဆိုတဲ့ အနေအထားပေါ်မှာလည်း မူတည်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိက ဆွေးနွေးရမှာ ဘယ်သူတွေလဲ။

ကိုအောင်သူငြိမ်း ။ ။ အဓိကတော့ ကျနော့်အမြင်မှာတော့ NLD အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ရပ်မယ်ဆိုတဲ့ သဘောထားကို ကျနော်တို့ သေချာမတွေ့ရပါဘူး။ ဆိုလိုတာက သူတို့အနေနဲ့ ဒိုင်လူကြီး လုပ်မှာလား။ ဒါမှမဟုတ် NLD ကိုယ်တိုင် ဘယ်လောက်အတိုင်းအတာအထိ သဘောထား တိတိကျကျ တင်ပြမှာလဲ။ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားတွေကြားထဲမှာ ဘယ်လောက်အထိ ဝင်ပြီး ကြားဝင်စေ့စပ်ပေးနိုင်မှာလဲ။ အဲဒီလို အနေအထားတွေတော့ NLD ပါတီတခုအနေနဲ့ သေချာမတွေ့ရဘူးလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD လဲ ကြားမှာ ဘေးကြပ်နံကြပ် ဖြစ်နေတယ်လို့ ထင်ပါတယ်။ ကိုဝင်းမင်း ဘယ်လို သဘောရပါလဲ။ ဥပမာ တဘက်က တပ်မတော်နဲ့လည်း ပြန်လည်သင့်မြတ်ရေး၊ သူတို့အခေါ် ရင်ကြားစေ့ လုပ်ရသလို။ တိုင်းရင်းသားတွေနဲ့လည်း လုပ်ရတယ်။ သို့သော် တချိန်တည်းမှာ တပ်မတော် နဲ့ တိုင်းရင်းသားက သိပ်ပြီးတော့ သဟဇာတ မဖြစ်လှဘူးပေါ့။ NLD ရဲ့ အခက်အခဲကိုလည်း အတော်လေး တွေ့မြင်နေရတယ်။ ကိုဝင်းမင်း ဘယ်လို သဘောရပါလဲ။

ကိုဝင်းမင်း ။ ။ ဟုတ်ပါတယ်။ ပြဒါးတလမ်း သံတလမ်း … ဆိုလိုတာကတော့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက သွားချင်တယ်။ သဘောတူတယ်။ ဒါပေမဲ့ တည်ဆောက်ချင်တဲ့ ဖယ်ဒရယ် အနှစ်သာရအပိုင်းမှာတော့ အစွန်းနှစ်ဘက်မှာ ရှိနေပါတယ်။ အဲဒီလိုမျိုး ဖြစ်နေတဲ့ ကွာဟချက်များနေတဲ့ အစွန်းတရားတွေကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းပေးရမှာ ဖြစ်တယ်။ အလားတူပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ်မှာလဲ စဉ်းစားချက်တွေက တဘက်နဲ့တဘက်က အစွန်းနှစ်ဘက်ကို ရောက်နေပါတယ်။ ဆိုလိုတာကတော့ တပ်မတော်ဘက်က စဉ်းစားတာကတော့ NCA ကို ထိုးလိုက်။ အဲဒါဆိုရင် အပစ်အခတ်ရပ်စဲရေး ပြီးသွားမယ်။ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က စဉ်းစားတာကတော့ အပစ်အခတ် ရပ်စဲရေးကို ကြေညာပေး။ အဲဒါမှ တခြားအချက်တွေလည်း တောင်းဆိုထားတာပေါ့။ သေချာအောင် တိုက်ပွဲတွေ ရပ်သွားအောင် လုပ်ပြီးတော့မှ NCA ကို ထိုးမယ်။ အဲဒီလိုမျိုး နှစ်ဘက်ဖြစ်နေတဲ့ အနေအထားမှာ ညှိနှိုင်းရတာ ခက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ သေသေချာချာ NLD အစိုးရအနေနဲ့ ဦးဆောင်ပြီး ညှိနှိုင်းမယ်ဆိုရင်တော့ သူမသာကိုယ်မသာ၊ သူမနာကိုယ်မနာ NCA ကိုလည်း တချိန်တည်းမှာ ထိုးသလို၊ အပစ်အခတ် ရပ်စဲရေးကိုလည်း တချိန်တည်းမှာ ကြေညာတာမျိုး တပြိုင်တည်း လုပ်လို့ရတာ၊ ညှိလို့ရတာမျိုးတွေ အများကြီး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားပြဿနာ ပြေလည်ရေး ရှေ့အလားအလာကို ကိုအောင်သူငြိမ်း ဘယ်လောက်အထိ မှန်းပြီးတော့ ကြည့်ပါလဲ။ ဆိုကြပါစို့ NLD အစိုးရရဲ့ ပထမသက်တမ်း (၅) နှစ်အတွင်းမှာ ဖြစ်လာနိုင်သလား။ ဘယ်အဆင့်အထိ ရောက်လာနိုင်လဲလို့ အစွမ်းကုန် မျှော်လင့်နိုင်ပါလဲ။

ကိုအောင်သူငြိမ်း ။ ။ ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံအစည်းအဝေးမှာ ကျနော်တို့ တက်ခွင့်ရပါတယ်။ အဲဒီအနေအထားမှာဆိုရင် နောက်ထပ်တဆင့် ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာကတော့ လက်ရှိ အစိုးရက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ဒီကိစ္စတွေကို လုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တပ်မတော်ကရော စစ်ရေးအမြင် အခုလောလောဆယ် ဖြစ်နေတဲ့ စစ်ရေးအမြင်နဲ့ စီးပွားရေးအမြင်ကလွဲလို့ ကျယ်ပြန့်တဲ့ နိုင်ငံရေးအမြင် မြင်နိုင်တဲ့ အယူအဆမျိုး တချိန်ချိန်မှာ ပြောင်းလဲလာမယ်လို့ ကိုဝင်းမင်း ဘယ်လို သုံးသပ်နိုင်ပါလဲ။

ကိုဝင်းမင်း ။ ။ ပြောင်းလဲလာနိုင်ပါတယ်။ အထူးသဖြင့်တော့ အခု မကြာသေးခင်က သွားတဲ့ လေ့လာရေးခရီးစဉ်။ ဥပမာ တောင်အာဖရိကလိုမျိုး။ အဲဒီလိုမျိုးကို သွားလေ့လာတဲ့အခါမှာ တပ်ကခေါင်းဆောင်တွေပါ တခြား တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် အတူတူသွားလည်ကြတဲ့အခါ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို သိပြီးတော့ တခုလုံးအနေအထားကို ပိုမြင်လာပြီးတော့ ခင်မင်မှုကတဆင့်၊ တဘက်နဲ့တဘက် ခံစားချက်တွေကို နားထောင်လာနိုင်တယ်။ အဲဒီအခါမှာ ယုံကြည်မှု တစုံတရာ ရလာနိုင်တာပေါ့။ အဲဒီနောက်ပိုင်းမှာ ညှိနှိုင်းပြီးတော့ မျှဝေခံစားနိုင်တဲ့အဆင့်ကို ရောက်လာတဲ့အခါကြရင်တော့ တနိုင်ငံလုံးအတွက်ကောင်းတဲ့ အနေအထား ဖြစ်လာမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG