သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အီးယူ ဥရောပသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုရရေးဟာ ပဋိပက္ခတွေအားလုံးချုပ်ငြိမ်းသွားတဲ့ အပေါ်မှာ မူတည်ပြီးအငြင်းပွားမှုတွေ အစား ညှိုနှိုင်းဆွေးနွေးမှုတွေကနေတစ်ဆင့် အဖြေရှာသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။
တစ်နိုင်ငံလုံးအဆင့် အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေကော လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေပါ တက်ရောက်မယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို အီးယူ ဥရောပသမဂ္ဂအနေနဲ့ ကြိူဆိုလိုက်ပါတယ်။ မနက်ဖြန် သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် ဒီညီလာခံဟာ မြန်မာပြည်တွင်း အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုပဲ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တော်လည်း ဖြစ် ဒုတိယ ဥက္ကဌလည်း ဖြစ် Federica Mogherini က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ ပဋပက္ခတွေအားလုံး ရပ်စဲတဲ့အပေါ်မှာလည်း မူတည်တာကြောင့် စစ်ပွဲတွေ အားလုံး ရပ်တည်ဖို့ လိုအပ်တယ်လို့ အီးယူ ဥရောပသမဂ္ဂ မြန်မာနိုင်ငံရဲ့ နိုူင်ငံရေး သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ Paulina က ဗွီအိုအေကို ပြောပါတယ်။
“ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အောင်မြင်မှု ရရေးဟာ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားတဲ့အပေါ်မှာမူတည်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့်လို့ စိန်ခေါ်ချက်တွေကလည်း လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေရှိနေသေးပြီး့ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေကြသလို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ၂ ဘက် ယုံကြည်မှုကို အားနည်းစေပါတယ်။ တိုက်ပွဲတွေ အပစ်ရပ်မှဖြစ်သလို၊ အငြင်းပွားမှု တွေကို စေ့စပ်ညိုနှိုင်းမှုကနေတစ်ဆင့် အဖြေရှာရပါလိမ့်မယ်။”
ဒီငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်မယ့် လူတွေကလည်းလက်နက်ကိုင် ဖြေရှင်းမယ့်အစား ညှိုနိုင်းမှုကနေတစ်ဆင့် အဖြေရှာသွားမယ့်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒါမှသာ လူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ တာဝန်ရှိသူတွေအားလုံးကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အတူတကွ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကော လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ မဖြစ်မနေပါဝင်ရမယ့်တွေအာားလုံးဟာ ငြိမ်းချမ်းတဲ့ အနာဂတ် တည်ဆောက်ဖို့အတွက်အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ကိုရှေ့ရှုပြီး အတူတကွလက်တွဲ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ ခရီးစဉ်မှာ အစောပိုင်းကတည်းက ပံပိုးကူညီနေပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်မှာာ တရားဝင် အသိသက်သေတစ်ဦးဖြစ်တဲ့ အီးယူ ဥရောပ သမဂ္ဂအနေနဲ့ကတော့ ငြိမ်းချမ်းရေးနဲ့ အမျီုးသား ရင်ကြားစေ့ရေး ကိစ္စရပ်တွေအားလုံးအတွက် ထောက်ပံမှုတွေ ဆက်လက်ပံပိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရရော ငြိမ်းချမ်းရေးအတွက် လျာထားတဲ့ ပူးတွုငြိမ်းချမ်းရေးရန်ပုံငွေ ကနေတစ်ဆင့် ကူညီသွားဖို့လည်း အသင့်ရှိပါတယ်။ မြန်မာပြည်တွင်း အေးအေးချမ်းချမ်း ဖြစ်မှသာ လူမှု စီးပွားရေး တိုးတက်မှုများလည်း အောင်မြင်မှု ရှိမှာ ဖြစ်ပြီး အခွင့်အလမ်းများစွာကို ဖန်တီးပေးခြင်း အားဖြင့်လည်း ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း ကူညီနိုင်မှာ ဖြစ်ပါတယ်။”
NLD အစိုးရသစ်လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြီးမှုးကျင်းပမယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုတော့ မနက်ဖြန် သြဂုတ်လ ၃၁ နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးရရှိဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုအဓိကထားတဲ့ မိန့်ခွန်းကို ၂၁ ရာစုပင်လုံညီလာခံအဖွင့်မှာ ပြောကြားမှာဖြစ်ပါတယ်။